ဘုရားသခင်၏ အမျက်ဒေါသ။ (ဗျာဒိတ်ကျမ်း ၆း ၁၄-၁၇)
English article: https://lastmessageofmercy.com/article/view/revelation-614-17-what-is-gods-wrath
“မိုဃ်းကောင်းကင်သည် စာစောင်လိပ်သကဲ့သို့ လွင့်သွား၏။ တောင်များ၊ ကျွန်းများအပေါင်းတို့သည် မိမိတို့နေရာအရပ်မှ ရွေ့ကြ၏။ လောကီဘုရင်၊ မှူးမတ်၊ စစ်သူကြီး၊ သူဌေး၊ သူကြွယ်၊ ခွန်အားကြီးသောသူမှစ၍ ကျွန်များ၊ လူလွတ်များအပေါင်းတို့သည် မြေတွင်း၌၎င်း၊ တောင်ပေါ်မှာ ရှိသော ကျောက်များ၌၎င်း၊ ပုန်းရှောင်လျက်နေ၍၊ ထိုတောင်များ၊ ကျောက်များတို့ကို ခေါ်လျက်၊ ငါတို့အပေါ်သို့ကျကြပါ။ ပလ္လင်ပေါ်မှာ ထိုင်တော်မူသောသူ၏ မျက်နှာနှင့် သိုးသငယ်၏ အမျက်တော်ကို ကွယ်ကာ၍၊ ငါတို့ကိုဖုံးအုပ်ကြပါ။ အမျက်တော် ထင်ရှားသောနေ့ကြီး ရောက်ပါပြီ တကား။ အဘယ်သူသည် ခံရပ်နိုင်မည်နည်းဟု ပြောဆိုကြ၏။ ဗျာဒိတ်ကျမ်း ၆း ၁၄-၁၇
ဤကျမ်းချက်ကို အပြစ်လုပ်ရသည်ကို နှစ်သက်တတ်သူများအား ခြိမ်းခြောက်ရန် အသုံးပြုတတ်ကြသည်။ “သင့်အပြုအမူကို ပြုပြင်ပါ၊ မဟုတ်လျှင် ဘုရားသခင်၏ အမျက်တော်ထင်ရှားသောနေ့ကို သင်ရင်ဆိုင်ရမည်”ဟု တရားဟောဓမ္မဆရာများ နှိုးဆော်တတ်ကြသည်။ ကြောက်ရွံ့စိတ်သည် သူတို့ကို နှိုးဆော်သောအရာ ဖြစ်လာသည်သာမက ပြောမနိုင်၊ဆိုမနိုင် သား၊သမီးများကို နှိပ်စက်၊ သတ်ဖြတ်သော အမျက်ဒေါသကြီးသော ဘုရားသခင်ကို ကြောက်ရွံ့စေခြင်း ဖြစ်သွားသည်။ အခြားသွန်သင်ချက်တစ်ခုမှာ ကျွန်ုပ်တို့၏ အစ်ကိုတော်ဖြစ်သော ယေရှုသည် ကျွန်ုပ်တို့ခံရမည့် ဒဏ်ချက်များကို ခံယူပေးသည်။ သို့သော် သူ့ကယ်တင်ခြင်းကို ကျွန်ုပ်တို့ ငြင်းပယ်မယ်ဆိုလျှင် သူကိုယ်တိုင် ကျွန်ုပ်တို့အပေါ် အမျက်ထွက်သဖြင့် “သိုးသငယ်၏ အမျက်တော်”ကို ရင်ဆိုင်ရမည်ဟူ၍ ဖြစ်သည်။ ဤသွန်သင်ချက်သည် တကယ်ပဲ သတင်းကောင်း သတင်းစကားဖြစ်နိုင်ပါ့မလား။ ကျွန်တော့်အတွက်မူ သတင်းကောင်းမဟုတ်ဘဲ အိမ်တွင်းအကြမ်းဖက်မှုနှင့် တူပါသည်။
ဘုရားသခင့်အမျက်တော်ဆိုတာ ဘာလဲ။
“ထာဝရဘုရားမိန့်တော်မူသည်ကား၊ ငါ၏ အကြံ အစည်သည် သင်တို့၏ အကြံအစည်နှင့်မတူ။ ငါ၏ အကျင့်သည်လည်း သင်တို့၏ အကျင့်နှင့်မတူ။ မိုဃ်းကောင်းကင်သည် မြေကြီးထက်သာ၍ မြင့်သကဲ့သို့၊ ငါ၏အကျင့်သည် သင်တို့၏အကျင့်ထက်၎င်း၊ ငါ၏အကြံအစည်သည် သင်တို့၏ အကြံအစည်ထက်၎င်း သာ၍ မြင့်၏။” ဟေရှာယ ၅၅း ၈၊ ၉
ဘုရားသခင့် အမျက်ဒေါသည် မည်သို့သော အမျက်ဒေါသမျိုးဖြစ်ကြောင်း သိရန်အရေးကြီးပါသည်။ ဘုရားသခင်၏ အကျင့်သည် ကျွန်ုပ်တို့၏အကျင့်နှင့်မတူဟုဆိုထားသဖြင့် ဘုရားသခင်၏ အမျက်ဒေါသသည်လည်း ကျွန်ုပ်တို့၏အမျက်ဒေါသနှင့် မတူနိုင်ကြောင်း သတိချပ်သင့်သည်။ ရှင်ယာကုပ် ၁း ၂၀ တွင် “လူ၏ဒေါသအမျက်သည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရားကို မပြုစုတတ်။”ဟု ရေးသားထားသည်။ လူ့အမျက်ဒေါသသည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရားနှင့် မသက်ဆိုင်ကြောင်း ထင်ရှားပါသည်။ အကြောင်းမှာ အာဒံအပြစ်ပြုသည့်အချိန်မှစ၍ လူသားများသည် ဘုရားသခင်၏ဘုန်းအသရေတော်နှင့် အလှမ်းဝေးကြပြီဖြစ်သည်။ အခြားကျမ်းတွင် “လူ၏အမျက်ဒေါသသည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရားကို မဖြစ်ထွန်းစေနိုင်”(MSBU) ဟု ရေးသားထားသည်။ လူ့အမျက်ဒေါသသည် ဘုရားသခင်၏အမျက်ဒေါသနှင့် မတူပါ။ အခြားဥပမာများဖြင့် ဆက်လက်လေ့လာကြည့်ပါစို့။
“ခါလဒဲလူတို့သည် စစ်တိုက်ခြင်းငှါ လာကြ၏။ ငါ (ဘုရားသခင်) သည် ပြင်းစွာ အမျက်ထွက်၍ ကွပ်မျက်သော သူတို့၏ အသေကောင်များနှင့် ထိုအိမ်များကို ပြည့်စေခြင်းငှါ လာကြ၏။ ထိုသူတို့၏ ဒုစရိုက်များကြောင့်၊ ဤမြို့မှ ငါသည် မျက်နှာကိုလွှဲပြီ။” ယေရမိ ၃၃း ၅
ဤကျမ်းချက်တွင် ဘုရားသခင့် အမျက်တော်အကြောင်း မည်သို့ရေးထားကြောင်း သတိပြုမိပါသလား။ “လာကြ၏။ ငါသည် ပြင်းစွာ အမျက်ထွက်၍ ကွပ်မျက်သော”ဟုရေးထားသည်။ သို့သော် မည်သို့ ကွပ်မျက်သနည်း။ “ထိုသူတို့၏ ဒုစရိုက်များကြောင့်၊ ဤမြို့မှ ငါသည် မျက်နှာကိုလွှဲပြီ။” ဟု ဆက်ပြောထားသည်ကို တွေ့ရသည်။
အပြစ်သဘောမှလာသော အမျက်ဒေါသည် ရန်သူကို ထိခိုက်စေရန် အကြမ်းဖက် ပြုမူတတ်သည်။ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရားမှလာသော အမျက်ဒေါသမှာမူ သူ၏ အတူရှိခြင်း၊ ကွယ်ကာသောတန်းခိုးတော်ကို ရုတ်သိမ်းခြင်းဖြစ်သည်။ ဘုရားသခင်ကို မိမိထံမှ ထွက်သွားရန် စဉ်ဆက်မပြတ်တောင်းဆိုသော အပြစ်သားသည် သူပြုသောအမှု၏ အကျိုးဆက်ကို အလိုအလျောက် ခံစားရမည်ဖြစ်သည်။ အောက်ပါကျမ်းပိုဒ်များတွင် မည်သို့ရေးထားကြောင်း ဖတ်ကြည့်ပါ။
“ပြင်းစွာသော အမျက်ထွက်၍ ခဏမျှ ငါမျက်နှာ လွှဲသော်လည်း၊ ထာဝရမေတ္တာနှင့် သင့်ကို ကယ်မသနား ဦးမည်ဟု သင့်ကို ရွေးနှုတ်သော ထာဝရဘုရား မိန့်တော် မူ၏။” ဟေရှာယ ၅၄း ၈
“အကျွန်ုပ်ကို မျက်နှာလွှဲတော်မမူပါနှင့်။ အမျက် ထွက်၍ ကိုယ်တော်၏ ကျွန်ကိုပယ်တော်မမူပါနှင့်။ အကျွန်ုပ်ကို ကယ်တင်တော်မူသောဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်ကို မစတော်မူဖူးသည်ဖြစ်၍၊ အကျွန်ုပ်ကို စွန့်ပစ်တော်မမူပါနှင့်။” ဆာလံ ၂၇: ၉
ဘုရားသခင်၏ အမျက်ဒေါသသည် မျက်နှာတော်ကို လွှဲထားခြင်းဖြစ်သည်။ မျက်နှာတော်လွှဲထားသူသည် ဘုရားသခင်လား။ သူသည် အပြစ်သားကို ကျောခိုင်းစွန့်ပစ်ပါသလား။
“သင်တို့၏ကျင့်ကြံပြုမူခြင်းသည် ငွေကိုတပ်မက်ခြင်းနှင့် ကင်းလွတ်၍၊ ကိုယ်၌ရှိသောဥစ္စာနှင့် ရောင့်ရဲ ခြင်းရှိကြလော့။ အကြောင်းမူကား၊ ငါသည် သင့်ကိုမစွန့်၊ သင့်ကိုအလျှင်းပစ်၍မထားဟု ဂတိတော်ရှိ၏။ ထို့ကြောင့် ထာဝရဘုရားသည် ငါ့ကိုမစတော်မူသည်ဖြစ်၍၊ လူသည် ငါ၌ပြုနိုင်သမျှကိုငါမကြောက်ဟု၊ ငါတို့သည် ရဲရင့်သောစိတ်နှင့် ပြောဆိုရသောအခွင့် ရှိကြ၏။” ဟေဗြဲ ၁၃း ၅၊ ၆
“ကြည့်ရှုလော့။ ထာဝရဘုရားသည်မကယ်မတင်နိုင်အောင် လက်တော်တိုသည်မဟုတ်။ မကြားနိုင်အောင် နားတော်ထိုင်းသည်မဟုတ်။ သင်တို့ ဒုစရိုက်သည် သင်တို့ကို ဘုရားသခင်နှင့် ကွာစေပြီ။ ကြားတော်မမူစေခြင်းငှါ၊ သင်တို့အပြစ်သည် မျက်နှာတော်ကို လွှဲစေပြီ။” ဟေရှာယ ၅၉း ၁၊ ၂
အပြစ်သားကို ဘုရားသခင် စွန့်ပစ်မထားကြောင်း ရှင်းလင်းစွာ သိရသည်။ သို့သော်လည်း အပြစ်တရား တည်းဟူသော တိမ်မဲသည် ဘုရားသခင်၏ မေတ္တာတော်ကို မမြင်နိုင်အောင် ကာထားသည်ဖြစ်၍ ကျွန်ုပ်တို့ သနားခံတောင်းလျှောက်သောအခါ ဘုရားသခင် နားညောင်းမည်မဟုတ်ဟု ကျွန်ုပ်တို့စိတ်ကို လှည့်ဖြား၏။ ခရစ်တော်ကိုယ်တိုင်လည်း ကားတိုင်ပေါ်တွင် ထိုသို့ခံစားရသဖြင့် “အကျွန်ုပ်ဘုရား၊ အကျွန်ုပ်ဘုရား၊ အဘယ်ကြောင့် အကျွန်ုပ်ကို စွန့်ပစ်တော်မူသနည်း”ဟု (မဿဲ ၂၇: ၄၆) ငိုကြွေးတော်မူခဲ့သည်။ ကျွန်ုပ်တို့၏ အပြစ်များကို ကိုယ်တော် ယူတင်ဝတ်ဆောင်ရသဖြင့် ထိုအပြစ်တရားသည် သူ့အနားတွင် ရှိနေသော ခမည်းတော်၏ မေတ္တာတော်ကို မမြင်နိုင်အောင် ကာဆီးထား၏။ ခရစ်တော်၏ ထိုစကားလုံးများသည် ဆာလံကျမ်းမှ ကိုးကားထားသော စကားလုံးများဖြစ်သည်။
“အကျွန်ုပ်ဘုရား၊ အကျွန်ုပ်ဘုရား၊ အဘယ်ကြောင့် အကျွန်ုပ်ကို စွန့်ပစ်တော်မူသနည်း။ အကျွန်ုပ်ကို မကယ်တင်ဘဲ အကျွန်ုပ်အော်ဟစ်သော စကားကို နားမထောင်ဘဲ အဘယ်ကြောင့် အဝေးမှာနေတော်မူသနည်း။ အကျွန်ုပ်ဘုရား၊ နေ့အခါ အကျွန်ုပ်အော်ဟစ်သော်လည်း၊ ကိုယ်တော်သည် နားမထောင်ပါ။ ညဉ့်အခါ အော်ဟစ်သော်လည်း သက်သာခြင်းသို့ မရောက်ပါ။ ဆာလံ ၂၂း ၁, ၂
သို့သော်လည်း အပိုဒ်ငယ် ၂၄ကို ဖတ်ကြည့်လျှင် ဤသို့တွေ့ရသည်။
“အကြောင်းမူကား ကိုယ်တော်သည် အဖိနှိပ်ခံရသောသူ ကြုံတွေ့ရသည့်ဖိနှိပ်မှုကို မထီမဲ့မြင်ပြုတော်မမူ။ ရွံ့ရှာခြင်းလည်း ရှိတော်မမူ။ မျက်နှာတော်ကိုလည်း သူ့ထံမှ လွှဲတော်မမူဘဲ အကူအညီအော်ဟစ်တောင်းခံသောအခါ သူ့ကို နားညောင်းတော်မူ၏။” ဆာလံ ၂၂း ၂၄
ဤကျမ်းချက်ကို ဘုရားသခင်ပြောသော “ပြင်းစွာသော အမျက်ထွက်၍ ခဏမျှ ငါမျက်နှာ လွှဲသော်လည်း”ဟူသော စကားလုံးများနှင့် တစ်သံတည်းထွက်ကြောင်း မည်သို့သိနိုင်မည်နည်း။ မေတ္တာတော်ကို ကျွန်တော်တို့ အမြဲငြင်းပယ်သောအခါ အတင်းကျပ်မပြုလိုသဖြင့် ကျွန်ုပ်တို့အလိုဆန္ဒကို လိုက်လျောကာ ဘုရားသခင် ကျွန်ုပ်တို့ထံမှ ထွက်သွားလိုက်ရသည်။ ကျွန်ုပ်တို့၏ အပြစ်တရားသည် သူ့မျက်နှာတော်ကို လွှဲစေသည်။ ကျွန်ုပ်တို့ကို စွန့်ပစ်ထားသယောင် ဘုရားသခင် အထင်ခံလိုက်ရသည်။ ကျွန်ုပ်တို့ကို သူ့ပခုံးထက်တွင် ချီဆောင်ထားလျက်နှင့် ဘုရားသခင် ထိုသို့အထင်ခံရသည်။
“အမှုရောက်လေရာရာ၌ သူတို့ကို ညှဉ်းဆဲတော်မမူ။ ရှေ့တော်မှ စေလွှတ်သော ကောင်းကင်တမန်သည် ကယ်တင်လျက်၊ မေတ္တာကရုဏာတော်ရှိသည်အတိုင်းရွေးနှုတ်တော်မူ၏။ ရှေးကာလပတ်လုံး သူတို့ကို ချီဆောင်တော်မူ၏။ သူတို့သည်လည်း ပုန်ကန်၍၊ သန့်ရှင်းသော ဝိညာဉ်တော်ကို နာစေကြ၏။ ထိုကြောင့်၊ သူတို့ကို ရန် ဘက်ပြု၍ စစ်တိုက်တော်မူ၏။” ဟေရှာယ ၆၃း ၉၊ ၁၀
သူတို့ ပုန်ကန်သောအခါ ခရစ်တော်သည် သူတို့ကို ရန်ဘက်ပြု၍ တကယ်စစ်တိုက်တော်မူသည်ဟု ပရောဖက် ဟေရှာယ မဆိုလိုကြောင်း သိရန်အလွန်အရေးကြီးပါသည်။ သူပြောလိုသောသဘောမှာ သူတို့၏ ပုန်ကန်မှုကြောင့် ခရစ်တော်သည် သူတို့ကိုရန်ဘက်ပြု၍ စစ်တိုက်သည်ဟု ယုံကြည်စေရန် အပြစ်တရားသည် သူတို့ကို လှည့်ဖြားသွားသည်ဟု ဆိုလိုပါသည်။ အပြစ်တရားသည် ဘုရားသခင်၏မေတ္တာတော်ကို သူ့တို့ထံမှ ကွယ်ဝှက်ထား၏။ အပြစ်တရားသည် ဘုရားသခင်ကို ပုန်ကန်စေ၏။ ထိုသို့ စိတ်နှလုံးတော်ကို ထိုးဖောက်ဆုတ်ဖြဲနေကြစဉ်ပင် ခရစ်တော်သည် မိမိကိုယ်ကျိုးကိုမငဲ့ဘဲ ကားတိုင်တော်ကို ထမ်းရွက်ပေးခဲ့သည်။
“စင်ကြယ်သူအား၊ စင်ကြယ်တော်မူသည်ကိုလည်းကောင်း ဆုံးမခက်သူအား၊ ခက်ထန်တော်မူသည်ကိုလည်းကောင်း ကိုယ်တော်ဖော်ပြတော်မူ၏။” ဆာလံ ၁၈း ၂၆ (GHB)
အပြစ်တရားသည် ဘုရားသခင်၏ မေတ္တာတော်ထင်ရှားနေသော မျက်နှာတော်ကို ဖုံးအုပ်ထားသဖြင့် သူတို့သည် ဘုရားသခင့်မျက်နှာတော်တွင် မိမိတို့အပြစ်တရားကို ပြန်မြင်ရကာ သူတို့အမြင်တွင် ဘုရားသခင်သည် ခက်ထန်သောသူနှင့် တူလာ၏။ သူတို့ခံစားရသော ဘေးဒုက္ခများကို ဘုရားသခင်၏ ကလဲ့စားချေမှုများအဖြစ် မှတ်ယူကြသည်။ သူတို့အမြင်တွင် ဘုရားသခင်သည် ချစ်တတ်သောဖခင်မဟုတ်တော့ဘဲ ခက်ထန်သော၊ အမျက်ဒေါသကြီးသော တရားသူကြီးဖြစ်လာသည်။
ဘုရားသခင်၏ အမျက်ဒေါသဆိုသည်မှာ လူသားကို သူ့ဇာတိအလိုဆန္ဒလက်သို့ အပ်ထားခြင်းဖြစ်သည်။
ဟေဗြဲဘာသာတွင် ဘုရားသခင်၏ အမျက်ဒေါသအတွက် သုံးနှုန်းထားသော “אַף (aph)” သည် အပြစ်သားအတွက် ဘုရားသခင်၏ စိတ်ရှည်သည်းခံခြင်းအတွက် သုံးသော “(anaph)” ဟူသော စကားလုံးနှင့် မူရင်းစကားလုံး အတူပင်ဖြစ်သည်။ မူရင်စကားလုံး၏ အနက်မှာ ခပ်ပြင်းပြင်း သက်ပြင်းချခြင်း (သောက) ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင့် အမျက်ဒေါသဆိုသည်မှာ မပြောင်းလဲလိုသော လူသားကို သူ့ဇာတိအလိုဆန္ဒလက်သို့ အပ်ရတော့မည်ဖြစ်သောကြောင့် သူခံစားရသော ပြင်းထန်သော စိတ်သောကဟု အနက်ဖွင့်ဆိုနိုင်သည်။
ထွက်မြောက်ရာကျမ်း ၄း ၁၀-၁၃တွင် မောရှေသည် ဖာရိုဘုရင်ရှေ့တွင် တစ်ယောက်တည်းမသွားဝံ့သောကြောင့် အပြောအဆိုကောင်းသူတစ်ဦးကိုစေလွှတ်ရန် တောင်းဆိုခဲ့ကြောင်း ဖတ်ရသည်။ ဘုရားသခင် မည်သို့ ဖြေကြားခဲ့သနည်း။
“ထာဝရဘုရားသည် မောရှေအား အမျက်တော်ထွက်၍၊ လေဝိလူ အာရုန်သည် သင်၏အစ်ကိုဖြစ်သည် မဟုတ်လော။ သူသည် ကောင်းမွန်စွာပြောတတ်သည်ကို ငါသိ၏။ သူသည်လည်း သင့်ကိုခရီးဦးကြိုပြုခြင်းငှါ ယခုလာ၏။ တွေ့မြင်သောအခါ ဝမ်းမြောက်လိမ့်မည်။ သင်သည် သူနှင့်စကားပြော၍၊ သူပြောစရာစကားကို ပေးရမည်။ သင်၏နှုတ်၌၎င်း၊ သူ၏နှုတ်၌၎င်း ငါရှိ၍၊ သင်တို့သည် အဘယ်သို့ပြုရမည်ကို သွန်သင်မည်။” ထွက်မြောက်ရာ ၄း ၁၄၊ ၁၅
သူ့အမျက်တော်ကို ဘုရားသခင် ဘယ်လိုဖော်ပြခဲ့သလဲ။ မောရှေအား သူလိုအပ်သောအရာကို လိုက်လျောခြင်းဖြင့် အမျက်တော်ကို ဖော်ပြခဲ့ပါသည်။
“ဣသရေလအမျိုးသားတို့နှင့် ရောနှောလျက်ပါသော တပါးအမျိုးသားတို့သည် တောင့်တသောစိတ် စွဲ လမ်းကြ၏။ ဣသရေလအမျိုးသားတို့သည်လည်း တဖန်ငိုကြွေးလျက် ငါတို့စားစရာဘို့ အမဲသားကို အဘယ်သူပေးလိမ့်မည်နည်း။ ထိုအခါ လူများအသီးအသီးတို့သည် မိမိတဲတံခါးဝ၌ မိမိအိမ်ထောင်နှင့်တကွ ငိုကြွေးကြသည်ကို မောရှေကြားရ၏။ ထာဝရဘုရားသည် ပြင်းစွာ အမျက်ထွက်တော်မူ၏။ အပြစ်ရှိသည်ကို မောရှေသိမြင်လျှင်၊ … ထိုအခါ ထာဝရဘုရားသည် လေကိုစေလွှတ်၍၊ ငုံးများကို ပင်လယ်မှ ဆောင်ခဲ့သဖြင့်၊ တပ်ပတ်လည် တရက်ခရီးစီတိုင်း ကွာသော အရပ်တို့၌၊ မြေပေါ်မှာ ဒုနှစ်တောင်ခန့်မျှ ဆင်းစေတော်မူ၏။ လူများတို့သည် တနေ့လုံး၊ တညဉ့်လုံး၊ နက်ဖြန်လည်း တနေ့လုံးထ၍ ငုံးများကို စုသိမ်းကြ၏။ နည်းနည်း သိမ်းသောသူသည် ဆယ်ဟောမဲကို သိမ်းရ၏။ တပ်ပတ်လည်အရပ်ရပ်၌ ဖြန့်ထားကြ၏။ သို့ရာတွင် ငုံးသားကို ကိုက်၍ မဝါးမှီ၊ ထာဝရဘုရားသည် သူတို့ကို အမျက်တော်ထွက်၍ အလွန်ပြင်းသော ဘေးနှင့်ဒဏ်ခတ်တော်မူ၏။” တောလည်ရာ ၁၁း ၄၊ ၁၀၊ ၃၁-၃၃
အထက်ပါကျမ်းပိုဒ်တွင် ဘုရားသခင် မည်သို့အမျက်ထွက်ကြောင်း တွေ့ရပြန်သည်။ ဘုရားသခင် အမျက်ထွက်သောအခါ သူတို့တောင်းဆိုသည့်အတိုင်း မသွေမတိမ်း လိုက်လျောခဲ့ကြောင်း မှတ်သားပါ။ ထို့ကြောင့် သူတို့စားရန် အသားကို ပေးခဲ့သည်။ ထိုအဖြစ်ပျက်ကို ဆာလံဆရာက မည်သို့ရေးသားခဲ့ကြောင်း ဖတ်ကြည့်ပါ။
“မိုဃ်းကောင်းကင်၌ အရှေ့လေကို ပယ်၍၊ အားကြီးသောတောင်လေကို ဆောင်ခဲ့သဖြင့်၊ သူတို့အပေါ်သို့ အမဲသားကို မြေမှုန့်နှင့်အမျှ ပျံတက်သောငှက်တို့ကို သမုဒ္ဒရာသဲလုံးနှင့်အမျှ၊ မိုဃ်းရွာစေလျက်၊ သူတို့တပ်ချ၍ နေရာအရပ်ပတ်လည်၌ ကျစေတော်မူ၏။ ထိုသို့ သူတို့ အလိုရှိသည်အတိုင်း ပေးတော်မူသဖြင့်၊ သူတို့သည် ဝပြောစွာ စားရကြ၏။” ဆာလံ ၇၈း ၂၆-၂၉
“အလွန်ပြင်းသော ဘေးနှင့်ဒဏ်ခတ်တော်မူ၏။”ဟူသော မောရှေ၏စကားလုံးတို့သည် မည်သို့ဆိုလိုသနည်း။ ဘုရားသခင်က လူသားတို့အလိုဆန္ဒအတိုင်း လိုက်လျောသောအခါ သူတို့က ဘုရားသခင်ကို ရန်သူသဖွယ် မြင်တတ်ကြကြောင်း သတိရပါ။ သူတို့အပေါ် ကျရောက်သော ဘေးဒုက္ခများသည် ဘုရားသခင်ကျရောက် စေသော ဘေးများအဖြစ် သူတို့မြင်လာကြပြီဖြစ်သည်။ သို့သော်လည်း ဖြစ်တတ်သော ဖျားနာခြင်း၊ သေခြင်းတို့သည် သူတို့ရွေးချယ်မှု၏ အလိုလျောက်အကျိုးဆက်များသာဖြစ်သည်။ သူတို့အလိုဆန္ဒအပေါ် ဝင်ရောက်စွက်ဖက်မှု မပြုခြင်းအားဖြင့် ဘုရားသခင်သည် သူတို့ကို ဒဏ်ခတ်တော်မူ၏။ ဤအကြောင်း ပြည့်စုံသော ဥပမာအတွက် ရှောလုမင်း၏ သေဆုံးခြင်းအကြောင်း လေ့လာကြပါစို့။
“ထိုသို့ရှောလုသည် ထာဝရဘုရား၏ စကားတော်ကို နားမထောင်၊ လွန်ကျူး၍ ထာဝရဘုရားကို ပြစ်မှားသောကြောင့်၎င်း၊ ထာဝရဘုရားကို မမေးမြန်းဘဲနတ်ဝင်မိန်းမကို ရှာဖွေမေးမြန်းသောကြောင့်၎င်း၊ ထာဝရဘုရားသည် သူ့ကိုကွပ်မျက်၍၊ နိုင်ငံတော်ကို ယေရှဲသားဒါဝိဒ်၌ လွှဲအပ်တော်မူ၏။” ၁ရာချုပ် ၁၀း ၁၃၊ ၁၄
ဤကျမ်းပိုဒ်တွင် ထာဝရဘုရားသည် ရှောလုကို သတ်ပစ်သည်ဟု ရှင်းရှင်းလင်းလင်း ရေးသားထားသည်။ သို့သော် ရှောလု ဘယ်လိုသေခဲ့သနည်း။ အပိုဒ်ငယ် ၃-၆ကို ဖတ်ကြည့်ရအောင်။
“စစ်တိုက်ရာတွင် ရှောလုသည် အလွန်ခံရ၏။ လေးသမားတို့ ပစ်သောမြှားမှန်၍ အလွန်နာသောကြောင့် လက်နက်ဆောင်လုလင်ကို ခေါ်ပြီးလျှင်၊ သင့်ဓားကို ထုတ်၍ ငါ့ကိုထိုးလော့။ သို့မဟုတ် အရေဖျားလှီးခြင်းကို မခံသောလူတို့သည်လာ၍၊ ငါ့ကိုမရိုမသေ ညှဉ်းဆဲကြလိမ့်မည်ဟုဆိုသော်လည်း၊ လက်နက်ဆောင် လုလင်သည် အလွန်ကြောက်၍ မပြုဘဲနေသောကြောင့်၊ ရှောလုသည် ထိုဓားကို ယူ၍ ထောင်ပြီးလျှင်၊ ဓားဖျား ပေါ်မှာ လှဲ၍သေ၏။ ရှောလုသေသည်ကို လက်နက်ဆောင်လုလင် မြင်လျှင်၊ သူသည်လည်း ထိုဓားကို ထောင်၍ဓားဖျား ပေါ်မှာ လှဲ၍သေ၏။ ထိုသို့ရှောလုနှင့် သူ၏သားသုံးယောက်မှစ၍ နန်းတော်သားအပေါင်းတို့သည် အတူသေကြ၏။” (၁ရာချုပ် ၁၀: ၃-၆)
ဤကျမ်းချက်တွင်မူ ရှောလုသည် မိမိကိုယ်ကို သေကြောင်းကြံခဲ့ကြောင်း ရှင်းရှင်းလင်းလင်း ရေးထားသည်။ ထို့ကြောင့် အထက်ပါ ဆန့်ကျင်နေသော အရေးသားနှစ်ခုကို မည်သို့နားလည်ရမည်နည်း။ မိမိကိုယ်ကို သေကြောင်းကြံသော ရှောလုကို မတားဆီးခြင်းအားဖြင့် ဘုရားသခင်သည် ရှောလုကို သတ်ခဲ့သည်။ ဘုရားသခင်သည် ရှောလုအား သူ့အလိုဆန္ဒအတိုင်း ခွင့်ပြုလိုက်သဖြင့် ရှောလုသည် သူ့လုပ်ရပ်၏ အလိုလျောက်ဖြစ်လာသော အကျိုးဆက်(သေခြင်း)ကို ရိတ်သိမ်းခဲ့ရသည်။ အောက်တွင်လည်း ဘုရားသခင်၏ ဒေါသအမျက်တော်အကြောင်း တွေ့ရပြန်သည်။
“အို ဣသရေလ၊ သင့်ကို ကယ်တင်နိုင်သော အရှင် ငါ့ကို သင်သည် ဆန့်ကျင်ဘက်ပြုသောကြောင့် အကျိုးနည်းရှိ၏။ သင်၏ ရှင်ဘုရင်သည် အဘယ်မှာ ရှိသနည်း။ သင့်နေရာမြို့ရှိသမျှတို့၌ ကယ်တင်ပါစေသော။ သင်၏ တရားသူကြီးတို့သည် အဘယ်မှာ ရှိကြသနည်း။ ရှင်ဘုရင်နှင့် မင်းများကို ပေးပါဟု သင် တောင်းသောကြောင့်၊ ငါအမျက်ထွက်၍ ရှင်ဘုရင်ကို ပေးပြီ။ တဖန်ပြင်းစွာ အမျက်ထွက်၍ ရှင်ဘုရင်ကို ပယ် ရှားပြီ။” ဟောရှေ ၁၃း ၉-၁၁
ဤကျမ်းချက်တွင်လည်း ဘုရားသခင်သည် ဣသရေလတို့လိုချင်သောအရာ(ရှင်ဘုရင်) ကို ပေးခြင်းဖြင့် မိမိအမျက်တော်ကို ဖော်ပြတော်မူကြောင်း တွေ့ရပြန်သည်။ ထို့နောက် သူ့ကိုပယ်ရှားခြင်းအားဖြင့် (သေကြောင်းကြံသော ရှောလုကို မတားဆီးခြင်းအားဖြင့်) အမျက်တော်ကို ဖော်ပြပြန်သည်။
ရှင်ပေါလုကလည်း ဘုရားသခင်၏ အမျက်တော်အကြောင်း ဤသို့ ရေးသားထားသည်။
“သမ္မာတရားကိုအဓမ္မဖြင့် ဆီးတားနှိပ်စက်သော သူတို့ ပြုတတ်သော ဘုရားမဲ့နေခြင်းအမှု၊ တရားကို လွန်ကျူးခြင်း အမှုအမျိုးမျိုးတို့ တဘက်၌ဘုရားသခင်၏ အမျက်တော်သည်ကောင်းကင်မှ ထင်ရှားလျက်ရှိ၏။” ရောမ ၁း ၁၈
အမျက်တော်သည် မည်သို့ထင်ရှားသနည်း။
“ထိုသို့ပြုကြသောကြောင့် ဘုရားသခင်သည် သူတို့ကို ရှက်ကြောက်ဖွယ်သော ကိလေသာလက်သို့ အပ်လိုက်တော်မူ၏။” (အပိုဒ်ငယ် ၂၆)
“ထိုမှတစ်ပါး သူတို့သည် ဘုရားသခင်ကိုမသိမမှတ်လိုသောကြောင့် ဘုရားသခင်သည် သူတို့ကို ယုတ်ညံ့သောစိတ်ထံသို့ အပ်လိုက်တော်မူသဖြင့် သူတို့သည် မပြုအပ်သောအရာများကို ပြုကြကုန်၏။” (၂၈)
အထက်ပါကျမ်းပိုဒ်များတွင် ဘုရားသခင်၏ အမျက်တော်ကို “မကောင်းမှု၌ အပ်ထားခြင်း”အနက်ဖြင့် အနက်ဖွင့်ထားသည်ကို တွေ့ရသည်။ အခြားတစ်မျိုးပြောင်းပြောရလျှင် လူသားများကို သူတို့သဘောအတိုင်း ပြုမူခွင့်၊ “သူ့အလိုတော်မှ လွတ်လပ်ခွင့်” ပေးလိုက်ခြင်းဖြစ်သည်။ ကျွန်တော်တို့ မကြာခဏ မှတ်ယူတတ်ကြသကဲ့သို့ ဘုရားသခင်၏အမျက်တော်သည် ကလဲ့စားချေလိုသောစိတ်ဖြင့် ဖျက်ဆီးပစ်တတ်သော အမျက်တော်မဟုတ်ကြောင်း ထင်ရှားပါသည်။
သိုးသငယ်၏ အမျက်တော်
သိုးသငယ်သည် ယေရှုကို တင်စားသုံးနှုန်းထားသော စကားလုံးဖြစ်သောကြောင့် (ရှင်ယောဟန် ၁း ၂၉၊ ၁ပေ ၁း ၁၈၊ ၁၉) ယေရှုအမျက်ထွက်သောအခါ ဘာဖြစ်တတ်သနည်း။
“တရားစရပ်သို့ တဖန်ဝင်တော်မူ၍၊ ထိုစရပ်၌ လက်တဘက်သေသောသူတယောက်ရှိ၏။ ဥပုသ်နေ့၌ သူ၏ရောဂါကိုငြိမ်းစေမည် မငြိမ်းစေမည်ကို ထိုသူတို့သည် ကိုယ်တော်၌ အပြစ်တင်ခွင့်ကို ရှာ၍ ချောင်းကြည့်ကြ၏။ ကိုယ်တော်ကလည်း၊ အလယ်၌ မတ်တတ်နေလော့ဟု လက်တဘက်သေသောသူအား မိန့်တော်မူပြီးမှ၊ ဥပုသ်နေ့၌ ကျေးဇူးပြုအပ်သလော၊ သူ့အကျိုးကိုဖျက်ဆီးအပ်သလော၊ အသက်ကို ကယ်အပ်သလော၊ သတ်အပ်သလောဟု ပရိသတ်တို့အား မေးတော်မူလျှင်၊ ထိုသူတို့သည် တိတ်ဆိတ်စွာနေကြ၏။ ထိုအခါ အမျက်တော်နှင့် သူတို့ကို ပတ်လည်ကြည့်ရှု၍ သူတို့စိတ်နှလုံးမိုက်သောကြောင့် ဝမ်းနည်းတော်မူခြင်းရှိလျက်၊ သင်၏လက်ကိုဆန့်လော့ဟု ထိုသူအား မိန့်တော်မူ၍ သူသည် မိမိလက်ကိုဆန့်လျှင်၊ ထိုလက်သည် လက်တဘက်ကဲ့သို့ ပကတိဖြစ်လေ၏။ ထိုအခါ ဖာရိရှဲတို့သည်ထွက်၍ ကိုယ်တော်ကို အဘယ်သို့ဖျက်ဆီးရအံ့နည်းဟု ဟေရုဒ်တပည့်တို့နှင့် ချက်ခြင်းတိုင်ပင်ကြ၏။ မာကု ၃း ၁-၆
ယေရှုနှင့် ဖာရှိရှဲတို့အကြား ထိပ်တိုက်တွေ့ဆုံမှုတစ်ခုဖြစ်ပါသည်။ ပညတ်တော်ကို ဦးစားပေးလွန်းသော သူတို့၏ စည်းကမ်းများကြောင့် ဥပုသ်နေ့တွင် အနာရောဂါငြိမ်းစေခြင်းကို တားမြစ်ထားကြသည်။ သူတို့ စိတ်နှလုံးကို ယေရှုဖတ်တော်မူ၍ “အမျက်တော်နှင့် သူတို့ကို ပတ်လည်ကြည့်ရှုတော်မူခဲ့သည်။” ယေရှု၌ရှိသော အမျက်တော်သည် မည်သို့သော အမျက်တော်မျိုးဖြစ်သနည်း။ “သူတို့စိတ်နှလုံးမိုက်သောကြောင့် ဝမ်းနည်းတော်မူ၏”ဟု ဆက်လက်ဖော်ပြထားသည်ကို တွေ့ရသည်။ လက်တစ်ဖက်သေသောသူအတွက် အကြင်နာတရားမရှိသော ဘာသာရေးခေါင်းဆောင်များ၏ စာနာစိတ်ကင်းမဲ့မှု၊ မေတ္တာတရားကင်းမဲ့မှုအတွက် ယေရှု အလွန်ဝမ်းနည်းခဲ့ရသည်။
ယေရှုသသည် သူ့အမျက်ဒေါသအား သူ့ရန်သူများဖြစ်သော ဖာရှိရှဲများကို ဖျက်ဆီးပစ်ခြင်းဖြင့် မဖော်ပြခဲ့ပါ။ “တရားတော်အရ ဥပုသ်နေ့၌ ကောင်းသောအမှုကို ပြုအပ်သလော၊ သို့မဟုတ် ဆိုးသောအမှုကို ပြုအပ်သလော။ အသက်ကို ကယ်အပ်သလော၊ သို့မဟုတ် အသက်ကို သတ်အပ်သလော။”ဟုသာ မေးခဲ့သည်။(MSBU) တူရာတူရာ စုစည်းပြောပြပုံကို သတိပြုကြည့်ပါ။
ကောင်းသောအမှု = အသက်ကို ကယ်တင်ခြင်း
ဆိုးသောအမှု = အသက်ကို သတ်ခြင်း
ဘုရားသခင်ဖြစ်စေ၊ သားတော်ဖြစ်စေ သူတို့သည် မကောင်းမှုကို ပြုဖူးသလားဟူသော မေးခွန်းကို မိမိကိုယ်မိမိ မေးကြည့်ပါ။
“မကောင်းမှုသည် ဆိုးယုတ်သောသူတို့ကို သေဆုံးစေလိမ့်မည်။ (ဘုရားသခင်မဟုတ်) ဖြောင့်မတ်သောသူကို မုန်းသောသူတို့သည်လည်း ပြစ်ဒဏ်စီရင်ခြင်းကို ခံရလိမ့်မည်။” ဆာလံကျမ်း ၃၄း ၂၁ MSBU
လူများပြောတတ်သော အခြားအဖြစ်ပျက်တစ်ခုမှာ ရှင်မဿဲနှင့် ရှင်ယောဟန် မှတ်တမ်းတင်ထားသော ဗိမာန်တော်တွင် ကျာပွက်ကို ဝေ့ယမ်း၍ ဝင်လာကာ အကျင့်ပျက်နေသော ဘာသာရေးခေါင်းဆောင်များနှင့် သူတို့၏ လျှို့ဝှက်ငွေပွဲစားများကို မောင်းထုတ်သည့် အကြောင်းဖြစ်သည်။ (မဿဲ ၂၁း ၁၂-၁၆၊ ယောဟန် ၂း ၁၃-၁၇) သို့သော်လည်း ထိုအဖြစ်ပျက်တွင် ယေရှုပြုသော အကြမ်းဖက်မှုတစ်ခုမျှ မရှိပါ။ ဟေရှာယက (ဟေရှာယ ၅၃း ၉) “သူသည် ရက်စက်ကြမ်းကြုတ်မှုကို မပြု” ဟု ကြိုဟောထားပါသည်။ ယေရှုက လူတစ်ဦးတစ်ယောက်ကိုမျှ ကြာပွက်နှင့် မရိုက်ခဲ့ပါ။ လူများသည် မိမိတို့အပြစ်ကို သိမြင်လာသဖြင့် ကြောက်ရွံ့စိတ်ဖြင့် ထွက်ပြေးကြသည်။ ထိုအဖြစ်ပျက်ကို ကြုံတွေ့ရသော ကလေးငယ်များ၊ မျက်ကန်းများ၊ ခြေ၊ လက်၊ မသန်စွမ်းသူများသည် ထွက်မပြေးဘဲ ကျန်ရစ်သဖြင့် သူတို့ကို ကိုယ်တော် အနာရောဂါငြိမ်းစေခဲ့သည်။ ဤအကြောင်း အသေးစိတ်လေ့လာရန် “ဗိမာန်တော်ရှိ ငွေပွဲစားများကို မောင်းထုတ်ခဲ့စဉ်က ယေရှု အမျက်ဒေါသဖြင့် အကြမ်းဖက်ပြုမူခဲ့ပါသလား” ( Didn’t Jesus Show Violence and Anger When He Kicked the Moneychangers Out of the Temple?) ဆောင်းပါးကို ဖတ်ရှုပါ။
အကျင့်ပျက်၊ ငွေပွဲစားများနှင့် ဘာသာရေးခေါင်းဆောင်တို့အမြင်တွင် ယေရှုသည် သူတစ်ပါးကို အပြစ်တင်တတ်သူနှင့် တူပါသည်။ အကြောင်းမှာ သူတို့သည် တစ်ပါးသူအပါ် ထိုကဲ့သို့ ဆက်ဆံတတ်ကြသောကြောင့်ဖြစ်သည်။ လုကာ ၁၈တွင် ယေရှုက ပုံပမာတစ်ခု ပြောပြခဲ့သည်။
“ကိုယ်ကုသိုလ်ကို အမှီပြု၍ သူတပါးကို မထီမဲ့မြင်ပြုတတ်သောသူအချို့တို့အား မိန့်တော်မူသော ဥပမာကား၊ လူနှစ်ယောက်တို့သည် ဆုတောင်းပဌနာပြုခြင်းငှါ ဗိမာန်တော်ပေါ်သို့ တက်ကြ၏။ တယောက်ကား ဖာရိရှဲဖြစ်၏။ တယောက်ကား အခွန်ခံဖြစ်၏။ ဖာရိရှဲသည် တယောက်တည်းရပ်လျက်၊ အိုဘုရားသခင်၊ သူတပါးတို့သည် အနိုင်အထက်လုယူခြင်း၊ မတရားသဖြင့်ကျင့်ခြင်း၊ သူ့မယားကိုပြစ်မှားခြင်းအပြစ်ရှိသကဲ့သို့ အကျွန်ုပ်၌မရှိသည်သာမက၊ ဤအခွန်ခံကဲ့သို့ ပင် မဟုတ်သောကြောင့် ကျေးဇူးတော်ကြီးလှပေ၏။ အကျွန်ုပ်သည် ခုနှစ်ရက်တွင် နှစ်ရက်အစာရှောင်ပါ၏။ ဥစ္စာရှိသမျှတို့ကို ဆယ်ဘို့တဘို့ လှူပါ၏ဟူ၍ ဆုတောင်းပဌနာပြု၏။ အခွန်ခံမူကား၊ အဝေးကရပ်၍ ကောင်းကင်သို့မမျှော်မကြည့်ဝံ့ဘဲ ရင်ပတ်ကိုခတ်လျက်၊ အို ဘုရားသခင်၊ အပြစ်များသော အကျွန်ုပ်ကို သနားခြင်းကရုဏာစိတ် ရှိတော်မူပါဟုဆုတောင်းလေ၏။ ငါဆိုသည်ကား၊ ထိုသူသည် အပြစ်ပြေလျက် မိမိအိမ်သို့ပြန်သွား၏။ ဖာရိရှဲမူကား အပြစ်မပြေ။ အကြောင်းမူကား၊ ကိုယ်ကိုကိုယ် ချီးမြှောက်သောသူ မည်သည်ကား၊ နှိမ့်ချခြင်းသို့ရောက်လတံ့။ ကိုယ်ကိုကိုယ် နှိမ့်ချသောသူမည်သည်ကား၊ ချီးမြှောက်ခြင်းသို့ရောက်လတံ့ဟု မိန့်တော်မူ၏။” လုကာ ၁၈း ၉-၁၄
ခရစ်တော်၏ ခွင့်လွတ်ခြင်းတရားကို မယုံကြည်သော ဗိမာန်တော်ရှိလူများကဲ့သို့ နောင်ဆုံးသောနေ့ရက်တွင် ယေရှုကို ကလဲ့စားချေသောဘုရားအဖြစ် ယုံကြည်သူများသည် ပြေး၍ ပုန်းရှောင်ကြလိမ့်မည်။
“မိုဃ်းကောင်းကင်သည် စာစောင်လိပ်သကဲ့သို့ လွင့်သွား၏။ တောင်များ၊ ကျွန်းများအပေါင်းတို့သည် မိမိတို့နေရာအရပ်မှ ရွေ့ကြ၏။ လောကီဘုရင်၊ မှူးမတ်၊ စစ်သူကြီး၊ သူဌေး၊ သူကြွယ်၊ ခွန်အားကြီးသောသူမှစ၍ ကျွန်များ၊ လူလွတ် များအပေါင်းတို့သည် မြေတွင်း၌၎င်း၊ တောင်ပေါ်မှာ ရှိသော ကျောက်များ၌၎င်း၊ ပုန်းရှောင်လျက်နေ၍၊ ထိုတောင်များ၊ ကျောက်များတို့ကို ခေါ်လျက်၊ ငါတို့အပေါ်သို့ကျကြပါ။ ပလ္လင်ပေါ်မှာ ထိုင်တော်မူသောသူ၏ မျက်နှာနှင့် သိုးသငယ်၏ အမျက်တော်ကို ကွယ်ကာ၍၊ ငါတို့ကိုဖုံးအုပ်ကြပါ။ အမျက်တော် ထင်ရှားသောနေ့ကြီး ရောက်ပါပြီ တကား။ အဘယ်သူသည် ခံရပ်နိုင်မည်နည်းဟု ပြောဆိုကြ၏။ ဗျာဒိတ်ကျမ်း ၆း ၁၄-၁၇
မယုံကြည်သူများအတွက် ခရစ်တော်သည် သူတို့ကို ကွပ်မျက်ရန်လာသော ခွင့်မလွတ်တတ်သော တရားသူကြီးနှင့် အမှန်တူနေပါလိမ့်မည်။ ယေရှုကိုယ်တိုင်ပြောခဲ့သော စကားလုံးများကို မယုံကြည်သောကြောင့် ဖြစ်ပါသည်။
“ခမည်းတော်သည် အဘယ်သူကိုမျှ မတရားစီရင်တော်မမူ။ တရားစီရင်ခြင်းအခွင့်ရှိသမျှကို သားတော်အား အပ်ပေးတော်မူ၏။” ယောဟန် ၅း ၂၃
“သင်တို့သည် ဇာတိပကတိအတိုင်း စီရင်တတ်ကြ၏။ ငါမူကား အဘယ်သူကိုမျှမစီရင်။” ယောဟန် ၅း ၂၃
မယုံကြည်သောယုဒလူမျိုးများကဲ့သို့ သူတို့သည် ထာဝရအသက်နှင့် မထိုက်တန်သူများအဖြစ် မိမိကိုယ်မိမိ စီရင်ကြလိမ့်မည်။ (တမန်တော် ၁၃း ၄၆) ထိုစိတ်သဘောကြောင့် မယုံကြည်သူသည် အသက်၏ တစ်ခုတည်းသော အရင်းမြစ်ဖြစ်သော ဘုရားသခင်ထံမှ မိမိကိုယ်မိမိ ဝေးကွာစေကြ၏။ မိမိတို့၏ မာကြောသောစိတ်နှလုံးကြောင့် မယုံကြည်သူများသည် စိုက်သည့်အတိုင်း ရိတ်သိမ်းကြရလိမ့်မည်။ ဘုရားသခင်၏ တိုက်ရိုက်လုပ်ဆောင်မှုကြောင့်မဟုတ်ဘဲ မိမိကိုယ်မိမိ အပြစ်တင်စိတ်၊ ကြောက်ရွံ့စိတ်၊ တရားစီရင်ခြင်း၊ စိတ်သောက ဝေဒနာမီးတောက်လောင်ခြင်းကြောင့် သေခြင်းသို့တိုင်အောင် မိမိတို့စိုက်သည့်အတိုင်း ရိတ်သိမ်းရကြလိမ့်မည်။ အကြောင်းမှာ ဘုရားသခင်နှင့် သားတော်ဘုရားသည် လူ့အသက်ကို သတ်သောဘုရား မဟုတ်ပါ။
“ချစ်ခြင်းမရှိသောသူသည် ဘုရားသခင်ကိုမသိ။ အကြောင်းမူကား၊ ဘုရားသခင်သည် ချစ်ခြင်းမေတ္တာ ဖြစ်တော်မူ၏။ သားတော်အားဖြင့် ငါတို့သည် အသက်ရှင်စေခြင်းငှါ၊ ဘုရားသခင်သည်တပါးတည်းသော သားတော်ကို ဤလောကသို့စေလွှတ်တော်မူသောအရာ၌၊ ငါတို့ကို ချစ်တော်မူသော မေတ္တာတော်သည် ထင်ရှားလျက်ရှိ၏။ ဘုရားသခင်သည် ငါတို့ကိုချစ်တော်မူခြင်း မေတ္တာတော်ကို ငါတို့သည်သိ၍ ယုံကြည်ကြ၏။ ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏။ ချစ်ခြင်းမေတ္တာ၌ တည်သောသူသည် ဘုရားသခင်၌တည်၏။ ဘုရားသခင်သည်လည်း ထိုသူ၌ တည်တော်မူ၏။ ထိုသို့ငါတို့သည် ချစ်ခြင်းမေတ္တာနှင့် ပြည့်စုံသောအားဖြင့်၊ တရားဆုံးဖြတ်တော်မူသောနေ့၌ ရဲရင့်ရသော အခွင့်ရှိကြလိမ့်မည်။ အကြောင်းမူကား၊ ငါတို့သည် ကိုယ်တော်၏နည်းတူ ဤလောက၌ဖြစ်ကြ၏။ ချစ်ခြင်းမေတ္တာသည် ကြောက်ခြင်းသံဝေဂနှင့် မပေါင်းနိုင်ရာ။ သံဝေဂသည် ပူပန်ခြင်းဝေဒနာကို ဖြစ်စေသောကြောင့်၊ စုံလင်သောမေတ္တာသည် သံဝေဂကို ပယ်ရှားတတ်၏။ သံဝေဂရှိသောသူသည် မေတ္တာနှင့် မပြည့်စုံသေး။ ဘုရားသခင်သည် ငါတို့ကိုရှေ့ဦးစွာ ချစ်တော်မူသောကြောင့်၊ ငါတို့သည် ဘုရားသခင်ကိုချစ်ကြ၏။ ၁ယော ၄း ၈, ၉, ၁၆-၁၉
သင်ဘာတွေပဲ လုပ်ခဲ့လုပ်ခဲ့၊ ယခုဘာတွေပဲ လုပ်နေလုပ်နေ၊ ဘာလုပ်ဖို့ ကြံစည်နေသည်ဖြစ်ပါစေ ကျွန်ုပ်တို့၏ ခမည်းတော်ဘုရားသည် ထာဝရမေတ္တာ၊ ထာဝရအကြင်နာတရားနှင့် သင့်ကို ချစ်သည်။
“ထာဝရဘုရားသည် အဝေးက ထင်ရှား၍ မိန့်တော်မူသည်ကား၊ အကယ်စင်စစ် ထာဝရမေတ္တာနှင့် သင့်ကိုငါချစ်၏။ ထိုကြောင့်၊ ကရုဏာကျေးဇူးကို သင်၌ကြာမြင့်စွာပြ၏။” ယေရမိ ၃၁း ၃
ဘုရားသခင်၏ မေတ္တာတော်ကို မိတ်ဆွေယုံကြည်နိုင်ပါမလား။ သူ့လက်တော်ကို စွဲကိုင်ချင်ပါသလား။
ယခုသင်ဖတ်နေသော ဆောင်းပါးကို အကျဉ်းချုပ်ထပ်မံ ဖတ်ရှုလိုပါက Is This God's Anger? ကိုဖတ်ပါ။
ဘုရားသခင့်မေတ္တာတော်အကြောင်း အသေးစိတ် ထပ်မံလေ့လာရန် As You Judge & Father of Love စာအုပ်များကို ဖတ်ရှုနိုင်ပါသည်။