maranathamedia-myanmar.com

(ထွက်မြောက်ရာကျမ်း ၁၂း ၁၂) အီဂျစ်ပြည်ရှိ သားဦးများကို မည်သူသတ်ခဲ့သနည်း။

တင်ထားသည် ဇူလိုင် 20, 2022 မှ Kevin J. Mullins အထဲ၌ ဘုရားသခင်သည်ချစ်ခြင်းမေတ္တာဖြစ်
ဘာသာပြန်သူမှ Muan
1,645 ထိရောက်မှု

English Article here: https://lastmessageofmercy.com/article/view/who-really-killed-the-firstborn-in-egypt

 

“ဤညတွင် ငါသည် အီဂျစ်ပြည်ကိုဖြတ်သွား၍ အီဂျစ်ပြည်၌ရှိသော လူမှစ၍ တိရစ္ဆာန်တိုင်အောင် သားဦးအပေါင်းတို့ကို ဒဏ်ခတ်မည်။ ငါသည် အီဂျစ်ဘုရားရှိသမျှတို့ကိုလည်း အပြစ်ဒဏ်ပေးမည်။ ငါသည် ထာဝရဘုရားဖြစ်၏။” ထွက်မြောက်ရာ ၁၂း ၁၂ MSBU

ဤကျမ်းချက်ကို သာမန်ကာလျှံကာ ဖတ်ကြည့်လျှင် အီဂျစ်ပြည်ရှိ သားဦးအပေါင်းကို သတ်သောသူသည် ဘုရားသခင်ဖြစ်သည်ဟု ထင်မှတ်စရာရှိပါသည်။ အများစုက ကျမ်းချက်ကိုယ်၌က ထိုအရာသည် ဘုရားသခင်၏ တရားစီရင်ခြင်းဖြစ်သည်ဟု ဆိုထားသည်မဟုတ်လောဟု ပြောတတ်ကြသည်။ အမှန်မှာ ထိုကျမ်းချက်ပြောလိုသော တရားစီရင်ခြင်းသည် အီဂျစ်ဘုရားတို့အပေါ် စီရင်မည့် တရားစီရင်ခြင်းဖြစ်သည်။ ထိုသို့ဆိုလျှင် သားဦးအပေါင်းကို သတ်ဖြတ်ခြင်းနှင့် အီဂျစ်ဘုရားတို့အပေါ် တရားစီရင်ခြင်းသည် မည်သို့ဆက်စပ်မှုရှိသနည်း။ ဘုရားသခင်၏ တရားစီရင်နည်းကို နားလည်လျှင် အဖြေရှိပါသည်။

ဘုရားသခင် မည်သို့တရားစီရင်သနည်း။

စကားနားမထောင်သူများအပေါ် ဒေါသဖြင့်အပြစ်ဒဏ်ပေးခြင်းကို ဘုရားသခင်၏ တရားစီရင်ခြင်းဟု အများက မှတ်ယူကြသည်။ သို့သော်လည်း ထိုယူဆချက်သည် အထူးသဖြင့် အီဂျစ်ပြည်အပေါ် ကျရောက်ခဲ့သော ကပ်ဘေးများအကြောင်းနှင့်ပတ်သက်၍ သမ္မာကျမ်းစာ၌ ဖော်ပြထားသည့် တရားစီရင်ခြင်း မဟုတ်ပါ။ အပိုဒ်ငယ်၂၃ ကို ဆက်လက်ဖတ်ရှုမည်ဆိုလျှင် -

“အကြောင်းမူကား၊ ထာဝရဘုရားသည် အဲဂုတ္တုလူတို့ကို ဒဏ်ခတ်ခြင်းငှာ ထုတ်ချင်းခတ်သွားတော်မူမည်။ တံခါးထုပ်နှင့် တံခါးတိုင်နှစ်ဘက်၌ရှိသော အသွေးကို မြင်သောအခါ၊ ထာဝရဘုရားသည် တံခါးကို လွန်သွားတော်မူမည်။ ဖျက်ဆီးသောသူသည် သင်တို့ကို ဒဏ်ခတ်ခြင်းငှာ၊ အိမ်ထဲသို့ဝင်ရသောအခွင့်ကို ပေးတော်မမူ။”ဟု တွေ့ရသည်။ (ထွက်မြောက်ရာ ၁၂း ၂၃)

ထို့ကြောင့် သားဦးရှိသမျှကို သတ်သောသူသည် အဘယ်သူနည်း။ ဖျက်ဆီးသူဖြစ်သည်။ ဘုရားသခင်၏ တရားစီရင်ခြင်းသည် ဖျက်ဆီးသူကို အိမ်ထဲသို့ ဝင်ခွင့် ပြု၊ မပြု ဆုံးဖြတ်ရုံသာဖြစ်သည်။ ဘုရားသခင်သည် ဖျက်ဆီးသူ၏ ရန်မှသူတို့ကို ကာကွယ်လိုသော်လည်း အိမ်ထောင်တစ်ခုချင်းစီကို လွတ်လပ်စွာ ရွေးချယ်ခွင့် ပေးထား၏။ တံခါးထုပ်တွင် အသွေးသုတ်ထားလျှင် ဘုရားသခင်သည် သူတို့ရွေးချယ်မှုကို လက်ခံ၍ ဖျက်ဆီးသူကို အိမ်ထဲဝင်၍ ဒဏ်ခတ်ခွင့် မပြု။ အကယ်၍ အသွေးသုတ်မထားလျှင် ဘုရားသခင်သည် သူတို့ရွေးချယ်မှုကို လက်ခံ၍ ဖျက်ဆီးသူ၏ရန်မှ သူတို့ကို ကွယ်ကာမှုမပေးတော့ချေ။

ဤအချင်းအရာသည် ဘုရားသခင်၏ တရားစီရင်ခြင်းဖြစ်သည်။ လူတိုင်းအပေါ်  မိမိကံကြမ္မာကို လွတ်လပ်စွာ ရွေးချယ်ခွင့် ပေးထား၏။ မယုံကြည်သူဂျူးတစ်စုအပေါ် ရှင်ပေါလု မည်သို့ပြောခဲ့သည်ကို သတိပြုကြည့်ပါ။

“ထိုအခါပေါလုနှင့်ဗာနဗတို့က၊ ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို သင်တို့အား ရှေ့ဦးစွာ ဟောပြောရ၏။ သို့သော်လည်း သင်တို့သည်ပယ်၍ ထာဝရအသက်ကို မိမိတို့ မခံထိုက်သည်ဟု မိမိတို့စီရင်ကြသောကြောင့်၊ ထာဝရဘုရားသည် မှာတော်မူသည်အတိုင်း ငါတို့သည်မျက်နှာကိုလွှဲ၍ တပါးအမျိုးသားတို့ ဆီသို့ လှည့်ကြ၏။

အိမ်တံခါးထုပ်အပေါ် အသွေးသုတ်မထားသူများသည် စစ်မှန်သောတစ်ပါးတည်းသောဘုရားသခင်ထက် အီဂျစ်ဘုရားတို့ကို သာ၍ယုံကြည်ရန် ရွေးချယ်ထားသူများဖြစ်သည်။ အခြားဘုရားရှိသမျှတို့သည် စာတန်ထွင်ထားသော ဘုရားအတုများသာဖြစ်သည်။ လူသားအပေါင်း ဖျက်ဆီးခံရစေရန် စာတန်သည် သူတို့ကို မှားယွင်းသော ဘုရားအတုများကို ကိုးကွယ်စေ၏။

 

ဖျက်ဆီးသူ

အများစုက ထွက်မြောက်ရာ ၁၂း ၂၃တွင် ဖော်ပြထားသော “ဖျက်ဆီးသောသူ”သည် “ဖျက်ဆီးသောကောင်းကင်တမန်”ဖြစ်မည်ဟု ယူဆကြသည်။ သို့သော်လည်း ဤဖျက်ဆီးသူသည် ဘုရားသခင်အတွက် အလုပ်မလုပ်ပါ။ ဖျက်ဆီးသူသည် စာတန် (ဝါ) စာတန်၏တမန် တစ်ဦးဦးဖြစ်သည်။ အီဂျစ်ပြည်မှ ထွက်ခွာလာသော ဣသရေလတို့အကြောင်းကို ရှင်ပေါလုက -

“ထိုသူအချို့တို့သည် စုံစမ်းနှောင့်ယှက်ခြင်းကို ပြု၍၊ မြွေဖြင့် ပျက်စီးသကဲ့သို့ ငါတို့သည်မပြု၊ ခရစ်တော်ကို မစုံစမ်းမနှောင့်ယှက်ဘဲနေကြကုန်အံ့။ ထိုသူအချို့တို့သည် မြည်တမ်းခြင်းကိုပြု၍၊ ဖျက်ဆီးသောသူ၏ လက်ဖြင့် ပျက်စီးသကဲ့သို့မဟုတ်၊ မြည်တမ်းခြင်းကိုမပြုကြနှင့်။” ၁ကော ၁၀: ၉-၁၀

ရှင်ပေါလုက ဖျက်ဆီးသောသူအကြောင်း အပိုဒ်ငယ် ၁၀ ၌ ရေးသားထားသည့်အချက်ကို Good News Bible ဗားရှင်းတွင် မည်သို့ဘာသာပြန်ထားကြောင်း ဖတ်ကြည့်ပါ။

“We must not complain, as some of them did--and they were destroyed by the Angel of Death.”

ဖျက်ဆီးသောသူကို အထက်ပါ ကျမ်းပိုဒ်တွင် “Angel of Death” “သေမင်းတမန်”ဟု ရေးထားကြောင်း တွေ့ရသည်။ ဘုရားသခင်၏ ကောင်းကင်တမန်တစ်ပါးပါးသည် လူ့အသက်သတ်သော တမန်ဖြစ်လိမ့်မည်ဟု အမှန်တကယ် ယုံကြည်ပါသလား။ ဖြောင့်မတ်သောဘုရားသခင်သည် ဖျက်ဆီးရန်၊ သတ်ဖြတ်ရန် ရည်ရွယ်ချက်ဖြင့် ကောင်းကင်တမန်တစ်ပါးကို ဖန်ဆင်းလိမ့်မည်ဟု သင် ထင်ပါသလား။ ကျမ်းစာ၌ ထိုသို့ပြောမထားပေ။

“ဖြောင့်မတ်ခြင်းတရားလမ်း၌ သေဘေးမရှိ၊ အသက်ချမ်းသာလမ်း ဖြစ်၏။” သုတ္တံကျမ်း ၁၂း ၂၈

ဖြောင့်မတ်ခြင်း၌ သေခြင်းမရှိ။ International Standard Version (ISV)တွင် အောက်ပါအတိုင်း ဘာသာပြန်ထား၏။

“In the pathway to righteousness there is life, and in that lifestyle there is no death.” (Proverbs 12:28)

ဖြောင့်မတ်သောသူ၏ အသက်တာသည် သေခြင်းကိုဖြစ်စေသော အရာကို မပြုလုပ်ချေ။ ရှင်ပေါလုက “ဖျက်ဆီးခြင်းခံရမည့် နောက်ဆုံးရန်သူမှာ သေခြင်းဖြစ်၏။” (၁ကော ၁၅း ၂၆) သေစေခြင်းသည် ဘုရားသခင့် ဖြောင့်မတ်ခြင်းတရား၏ တစ်စိတ်တစ်ပိုင်းဖြစ်လျှင် ဖျက်ဆီးခံရမည့် နောက်ဆုံးရန်သူသည် သေခြင်း အဘယ်သို့ ဖြစ်နိုင်မည်နည်း။ ဘုရားသခင်က ရှင်းရှင်းလင်းလင်း ကြေငြာထားပြီးဖြစ်သည်။

“မိုဃ်းကောင်းကင်ကို မျှော်၍ကြည့်ကြလော့။ မြေကြီးကိုလည်း ငုံ့၍ ကြည့်ကြလော့။ မိုဃ်းကောင်းကင်သည် မီးခိုးကဲ့သို့ ကွယ်ပျောက်၍၊ မြေကြီးသည် အဝတ်ကဲ့သို့ ဟောင်းနွမ်းလိမ့်မည်။ မြေကြီးသားတို့သည် ခြင်ကောင်ကဲ့သို့ သေကြလိမ့်မည်။ ငါ၏ ကယ်တင်ခြင်းတရားမူကား အစဉ်အမြဲတည်လိမ့်မည်။ ငါ၏ ဖြောင့်မတ်ခြင်း တရားလည်း ပပျောက်ခြင်း မရှိနိုင်ရာ။ ဟေရှာယ ၅၁း ၆

အကယ်၍ သေခြင်းသည် ဘုရားသခင့် ဖြောင့်မတ်ခြင်းတရား၏ တစ်စိတ်တစ်ပိုင်းဖြစ်၍ သူ၏ဖြောင့်မတ်ခြင်းတရားသည် ပျောက်ပျက်ခြင်း မရှိနိုင်လျှင် သေခြင်းတရားလည်း ပပျောက်မည်မဟုတ်ပေ။

၁ကော ၁၀: ၁၀တွင် ဖျက်ဆီးသောသူဟု ရှင်ပေါလု သုံးထားသော စကားလုံး၏ မူရင်းဂရိစကားလုံးမှာ ὀλοθρευτής (olothreutés) ဖြစ်သည်။ အနက်မှာ အဆိပ်ပြင်းသော ရှေးမြွေဟောင်းဖြစ်သည်။ အဆိပ်ပြင်းသော ရှေးမြွေဟောင်းသည် အဘယ်သူနည်း။

ထိုအခါ ဤလောကတနိုင်ငံလုံးကို လှည့်ဖြား၍ မာရ်နတ်စာတန် အမည်ရှိသော ရှေးမြွေဟောင်းတည်း ဟူသော နဂါးကြီးကို၎င်း၊

ဗျာဒိတ်ကျမ်း ၉း ၁၁တွင် “သူတို့၏ ရှင်ဘုရင်မူကား၊ ဟေဗြဲဘာသာအားဖြင့် အဗဒ္ဒုန်ဟူ၍၎င်း၊ ဟေလသဘာသာအားဖြင့် အပေါလျုန်ဟူ၍၎င်း ခေါ်ဝေါ်သော အနက်ဆုံးသောတွင်းတမန်ဖြစ်၏။”ဟု တွေ့ရသည်။ အဗဒ္ဒုန်၏ အနက်မှာ “ဖျက်ဆီးသောသူ”ဖြစ်ပြီး၊ အပေါလျုန်၏ အနက်မှာ “သတ်ဖြတ်သောသူ” ဖြစ်သည်။ ထိုအချက်များသည် စာတန်၏လက္ခဏာများနှင့် တစ်ထပ်တည်းဖြစ်သည်။

“သမ္မာသတိရှိလျက် မအိပ်ဘဲစောင့်နေကြလော့။ သင်တို့၏ ရန်သူတည်းဟူသော မာရ်နတ်သည်၊ ဟောက်သောခြင်္သေ့ကဲ့သို့ အဘယ်သူကို မျိုရမည်နည်းဟူ၍ လှည့်လည်ရှာဖွေလျက်ရှိ၏။” ၁ပေ ၅း ၈

 

မာရ်နတ်၏ အကျင့်စရိုက်ဖြစ်သော သတ်ဖြတ်ခြင်းနှင့် ဖျက်ဆီးခြင်း

“သင်တို့သည် သင်တို့အဘတည်းဟူသော မာရ်နတ်မှဆင်းသက်ကြ၏။ သင်တို့အဘ၏ အလိုသို့လည်း လိုက်တတ်ကြ၏။ မာရ်နတ်သည် ရှေးဦးစွာမှ၍ လူအသက်ကိုသတ်သောသူဖြစ်၏။ သူ၌သစ္စာတရား မရှိ သောကြောင့် သစ္စာတရား၌မတည်မနေ။ သူသည် မုသားစကားကိုပြောသောအခါ မိမိပကတိအတိုင်းပြော၏။ မုသားစကား၌ ကျင်လည်သောသူဖြစ်၏။ မုသား၏အဘလည်းဖြစ်၏။” ယောဟန် ၈း ၄၄

ရှင်လုကာ ၉း ၅၅ တွင် ဘုရားသခင်၏ ဇာတိတော်အဖြစ်၏ ပုံသဏ္ဌာန်ဖြစ်သော ယေရှုက “လူသား (မေရှိယ) သည်လူတို့၏ အသက်ကို သတ်အံ့သောငှါ ကြွလာသည်မဟုတ်။ ကယ်တင်အံ့သောငှါကြွလာသည်”ဟု မိန့်တော်မူခဲ့သည်။ ရှင်ယောဟန် ၁၀ တွင် ယေရှုက သူ့စာရိတ္တနှင့် စာတန်၏ အကျင့်စရိုက်အကြား ကွဲပြားခြားနားချက်တို့ကို ရှင်းပြထားသည်။

သူခိုးသည်ခိုးခြင်း၊ သတ်ခြင်း၊ ဖျက်ဆီးခြင်းငှါသာ လာတတ်၏။ ငါမူကား၊ သိုးတို့သည် သက်လွတ်ရုံ မျှမက အထူးသဖြင့်အသက်နှင့် ပြည့်စုံစေခြင်းငှါ လာသတည်း။ ငါသည် ကောင်းသောသိုးထိန်းလည်းဖြစ်၏။ ကောင်းသောသိုးထိန်းသည် သိုးတို့အဘို့အလိုငှါ မိမိ အသက်ကို စွန့်တတ်၏။” ယောဟန် ၁၀: ၁၀-၁၁

စပါးမျိုးစေ့နှင့် တောမျိုးစေ့ပုံပမာတွင် ယေရှုက တောမျိုးစေ့(ပေါင်းပင်များ (ဝါ) ဘဝတွင် ကြုံတွေ့ရသော အခက်အခဲများ)ကို ကြဲသောသူကို “ရန်သူ”ဟု သွန်သင်ထားသည်။ (မဿဲ ၁၃း ၂၄-၃၀) မကျန်မာခြင်းအလုံးစုံ၊ ဒုက္ခဝေဒနာအလုံးစုံနှင့် သေခြင်းတရားတို့သည် ရန်သူ၏လက်ချက်ဖြစ်ကြောင်း သမ္မာကျမ်းစာ၌ ရှင်းလင်းစွာ သွန်သင်ထားပါသည်။ စာတန်သည် ဖျက်ဆီးသောသူဖြစ်သည်။ ဘုရားသခင်သည် ပြန်လည်ပြုပြင်ကောင်းမွန်စေသူဖြစ်သည်။ မယုံကြည်သူများကို အသေသတ်မည့်အရာသည် ဖြောင့်မတ်ခြင်းတရားမဟုတ်ပါ။ မယုံကြည်သူများကို အသေသတ်မည့်အရာသည် မကောင်းမှု (ဝါ) မာရ်နတ်ဖြစ်သည်။

မကောင်းမှုသည် ဆိုးယုတ်သောသူတို့ကို သေဆုံးစေလိမ့်မည်။ ဖြောင့်မတ်သောသူကို မုန်းသောသူတို့သည်လည်း ပြစ်ဒဏ်စီရင်ခြင်းခံရလိမ့်မည်။ ထာဝရဘုရားသည် မိမိအစေအပါးတို့၏ စိတ်ဝိညာဉ်ကို ရွေးနုတ်ကယ်တင်တော်မူသည်ဖြစ်၍ ကိုယ်တော်ကို ခိုလှုံသောသူတစ်စုံတစ်ဦးမျှ ပြစ်ဒဏ်စီရင်ခြင်း ခံရလိမ့်မည်မဟုတ်။” ဆာလံ ၃၄း ၂၁-၂၂

ရှင်မာကု ၃း ၄ တွင် ယေရှုက ကောင်းမှုနှင့် မကောင်းမှုကို ခွဲခြားရာတွင် ကောင်းသောအမှုကို “လူ့အသက်ကို ကယ်တင်ခြင်း”ဟူ၍လည်းကောင်း၊ မကောင်းသောအမှုကို “လူ့အသက်ကိုသတ်ခြင်း”ဟူ၍လည်းကောင်း ခွဲခြားသတ်မှတ်ထားခဲ့သည်။

 

ဘုရားသခင်၏ အမျက်ဒေါသဆိုသည်မှာ လူသားကို မိမိ၏ရွေးချယ်မှု၊ မိမိ၏စီရင်ခြင်းအတိုင်း ခွင့်ပြုထားခြင်းဖြစ်သည်။

ရောမ ၁တွင် ရှင်ပေါလုက

“သမ္မာတရားကိုအဓမ္မဖြင့် ဆီးတားနှိပ်စက်သော သူတို့ ပြုတတ်သော ဘုရားမဲ့နေခြင်းအမှု၊ တရားကို လွန်ကျူးခြင်း အမှုအမျိုးမျိုးတို့ တဘက်၌ ဘုရားသခင်၏ အမျက်တော်သည်ကောင်းကင်မှ ထင်ရှားလျက်ရှိ၏။” ဟု ရေးသားထားသည်။ ရောမ ၁း ၁၈

ဘုရားသခင်၏ အမျက်တော်သည် မည်သို့ ထင်ရှားသနည်း။ ရှင်ပေါလုက ဆက်လက်၍

“ထို့ကြောင့် ဘုရားသခင်သည် သူတို့အချင်းချင်း မိမိတို့ကိုယ်ခန္ဓာအသရေကို ဖျက်ဆီးစေရန် သူတို့ကို မိမိတို့စိတ်နှလုံးတပ်မက်သည့်အတိုင်း ညစ်ညူးခြင်းလက်သို့ အပ်လိုက်လေ၏” (၁း ၂၄)

“ထို့ကြောင့် ဘုရားသခင်သည် သူတို့ကို ရှက်ဖွယ်ကောင်းသောကိလေသာလက်သို့ အပ်လိုက်သဖြင့်” (၁း ၂၆)

“ထိုမှတစ်ပါး သူတို့သည် ဘုရားသခင်ကို မသိမမှတ်လိုသောကြောင့် ဘုရားသခင်သည် သူတို့ကို ယုတ်ညံ့သောစိတ်ထံသို့ အပ်လိုက်တော်မူသဖြင့် …” (၁း ၂၈) MSBU

ဘုရားသခင်၏ အမျက်တော်အကြောင်း အသေးစိတ်သိရှိလိုပါက “ဘုရားသခင်၏ အမျက်ဒေါသ” ( What is God's Wrath? ) ကိုဖတ်ရှုပါ။

အီဂျစ်တို့ကို တိုက်ခိုက်ခဲ့သူသည် ဘုရားသခင်၏ ဖြောင့်မတ်သော ကောင်းကင်တမန်များမဟုတ်ဘဲ ဆိုးသောတမန်များဖြစ်ကြောင်း ကျမ်းစာ၌ ရှင်းလင်းစွာ ရေးသားထားကြောင်း မှတ်သားပါ။ ဘုရားသခင်၏ ကွယ်ကာမှုကို ငြင်းပယ်ကြသဖြင့် ဆိုးသောတမန်တို့ကို သူတို့အပေါ် အခွင့်ပေးခြင်းအားဖြင့် သူတို့ကို မိမိတို့စိတ်နှလုံးတပ်မက်ခြင်းအလိုသို့ အပ်လိုက်တော်မူ၏။

“သူတို့သည် ကိုယ်တော်၏တန်ခိုးတော်ကိုလည်းကောင်း၊ သူတို့ကို ရန်သူ၏လက်မှ ရွေးနုတ်ကယ်တင်တော်မူရာ နေ့ရက်တည်းဟူသော အီဂျစ်ပြည်၌ နိမိတ်လက္ခဏာများနှင့် ဇောနအရပ်၌ တန်ခိုးလက္ခဏာများ ပြုတော်မူရာ နေ့ရက်ကိုလည်းကောင်း မအောက်မေ့ကြပေ။ ကိုယ်တော်သည် ထိုပြည်သားတို့၏ မြစ်များကို သွေးအဖြစ်ပြောင်းလဲစေတော်မူသဖြင့် သူတို့သည် မိမိတို့၏မြစ်ရေကို သောက်၍ မရခဲ့ကြပေ။ ကိုယ်တော်သည် သူတို့ကိုဝါးမျိုးမည့် ယင်ရဲအုပ်ကိုလည်းကောင်း၊ သူတို့ကိုဖျက်ဆီးမည့် ဖားဆို့ကိုလည်းကောင်း သူတို့ထံသို့ စေလွှတ်တော်မူ၏။ သူတို့၏အသီးအနှံကို နှံကောင်တို့အားလည်းကောင်း၊ သူတို့လုပ်ဆောင်ရရှိသောအရာကို ကျိုင်းကောင်တို့အားလည်းကောင်း ပေးတော်မူ၏။ သူတို့၏အပျစ်ပင်များကို မိုးသီးဖြင့်လည်းကောင်း၊ သူတို့၏သဖန်းပင်များကို နှင်းခဲဖြင့်လည်းကောင်း ဖျက်ဆီးတော်မူ၏။ သူတို့၏ တိရစ္ဆာန်တို့ကို မိုးသီးလက်သို့လည်းကောင်း၊ သူတို့၏သို့း၊ နွားတို့ကို မိုးကြိုးလက်သို့လည်းကောင်း အပ်တော်မူ၏။ အမျက်တော်အရှိန်အားဖြင့် သူတို့၌ ဆိုးသောတမန်တို့ကို စေလွှတ်၍ လွှမ်းမိုးခြင်း၊ ဒဏ်ခတ်ခြင်း၊ နှောင့်ယှက်ခြင်းအမှုကို ဖြစ်စေတော်မူ၏” ဆာလံ ၇၈း ၄၂-၄၉ (JBMLE & MSBU)

ကောင်းမှုနှင့် မကောင်းမှုအပေါ် ယေရှု၏ အနက်ဖွင့်ဆိုချက်ကို သတိရပါ။ ကောင်းသောအမှုကို ပြုသော ဘုရားသခင်၏ ကောင်းကင်တမန်တို့သည် အသက်ကိုကယ်တင်ကြ၏။ မကောင်းမှုကို ပြုသောစာတန်၏ ဆိုးသောတမန်တို့သည် လူ့အသက်ကိုသတ်ဖြတ်သူများဖြစ်သည်။

 

အစွမ်းတန်ခိုးအလုံးစုံ၏ အရင်းမြစ်ဖြစ်သော ဘုရားသခင်

သမ္မာကျမ်းစာအားဖြင့် အစွမ်းတန်ခိုးအလုံးစုံသည် ဘုရားသခင်ထံမှလာကြောင်း ကျွန်တော်တို့သိရသည်။ (ဆာလံ ၆၂း ၁၁) “အာဏာစက်ရှိသမျှသည် ဘုရားသခင် ခန့်ထားတော်မူရာဖြစ်သတည်း။” (ရောမ ၁၃း ၁) အကောင်းဖြစ်စေ အဆိုးဖြစ်စေ ကျွန်တော်တို့ လုပ်ဆောင်လေရာရှိသမျှတို့သည် ကျွန်ုပ်တို့၏ ကိုယ်ပိုင်အစွမ်းဖြင့် လုပ်ဆောင်နိုင်သည် မဟုတ်ချေ။ “ငါတို့သည် ဘုရားသခင်အားဖြင့် အသက်ရှင်လျက်၊ လှုပ်ရှားလျက်၊ ဖြစ်လျက်ရှိကြ၏။” (တမန်တော် ၁၇: ၂၈) ယေရှုက “ငါနှင့်ကွာလျှင် သင်တို့သည် အဘယ်အမှုကိုမျှ မတက်နိုင်ကြ။” (ယောဟန် ၁၅း ၅) “မိမိအမိန့်တော်အားဖြင့် ခမ်သိမ်းသောအရာတို့ကို မစတော်မူသောသူ”ဖြစ်သော ခရစ်တော်၏ မစသောတန်ခိုးတော်ကြောင့်မဟုတ်လျှင် ကျွန်ုပ်တို့သည် အပြစ်ကိုပင် ပြုနိုင်မည်မဟုတ်ချေ။ ခရစ်ယာန်စာရေးဆရာတစ်ဦးဖြစ်သော A.T.Jones ကအောက်ပါအတိုင်း ဆိုထားသည်။

            “လောကနှင့်ဆိုင်သော တန်ခိုးတို့သည် အပြစ်ကြောင့် ဖောက်ပြန်သွားသော ဘုရားသခင်၏ တန်ခိုးတော်သာဖြစ်သည်။ လူသားတို့၏ လွတ်လပ်စွာရွေးချယ်ခွင့်ကို အလွန်တန်ဖိုးထားသည့် ဖန်ဆင်းရှင်သည် သူ့အလိုတော်နှင့်ဆန့်ကျင်ဘက်ဖြစ်သော အရာများကိုပင် ထိုလူသားလုပ်ဆောင်လိုပါက လုပ်ဆောင်နိုင်ရန် အစွမ်းသတ္တိပေးထား၏။ သို့သော်လည်း ထိုအစွမ်းသတ္တိသည် အကန့်အသတ်ရှိ၏။” (A.T.Jones, American Sentinel, August 25, 1898)

ယောဘအချိန်ခါတွင် သူ့ကိုဘေးဒုက္ခရောက်စေလိုသော စာတန်က ဘုရားသခင်အား “လက်တော်ကိုဆန့်၍ သူ၏ဥစ္စာရှိသမျှကို ထိခိုက်တော်မူလျှင်၊ သူသည် မျက်မှောက်တော်၌ ကိုယ်တော်ကို စွန့်ပယ်ပါလိမ့်မည်”ဟု လျှောက်ထား၏။ (ယောဘ ၁း ၁၁) “ယောဘကို ထိခိုက်စေရန် ငါ့တန်ခိုးကို အသုံးပြုခွင့်ပေးပါ”ဟု ဘာကြောင့် စာတန် မပြောခဲ့သနည်း။ ဘာကြောင့် စာတန်သည် ဘုရားသခင်ထံ ခွင့်ပြုချက်တောင်းခဲ့ရသနည်း။ သူ့ ၌ ကိုယ်ပိုင်တန်ခိုးရှိလျှင်  ဘုရာသခင်၏ကွယ်ကာမှုအောက်မှ ယောဘကို ဘာကြောင့် အနှောင့်အယှက်မပေးခဲ့သနည်း။ ယောဘကို ဒုက္ခရောက်စေနိုင်ရန် ဘာကြောင့် ခွင့်ပြုချက်တောင်းရသနည်း။ အကြောင်းမှာ သူ့၌ကိုယ်ပိုင်အစွမ်းတန်ခိုးမရှိသောကြောင့်ဖြစ်သည်။ အစွမ်းတန်ခိုး၊ အာဏာစက်ရှိသမျှတို့သည် ဘုရားသခင် ခန့်ထားတော်မူရာဖြစ်၏။ ထို့ကြောင့် ဘုရားသခင်က စာတန်အား “သူ၏ဥစ္စာရှိသမျှသည် သင့်လက်၌ရှိ၏။”ဟု ပြန်ပြောခဲ့ခြင်းဖြစ်သည်။ သူ့အသက်ကို မစသောဘုရားသခင်၏ တန်ခိုးတော်ကို စာတန် အလွဲသုံးစားပြုခဲ့သည်။

ဤအကြောင်းအရာများက ဘုရားသခင်သည် လှံတံကို မြွေဖြစ်စေ၍၊ မောရှေ၏လက်ကို နူစေခဲ့သည့် ပုံပြင်ကို သတိရစေပါသည်။ မောရှေက ဖာရိုဘုရင်သည် ဣသရေလလူတို့ကို ထွက်သွားခွင့်ပြုလိမ့်မည်မဟုတ်ဟု ထင်မှတ်ခဲ့သည်။

“မောရှေကလည်း၊ ထိုသူတို့သည် အကျွန်ုပ်ကို မယုံ၊ အကျွန်ုပ်စကားကို နားမထောင်ဘဲနေ၍၊ ထာဝရဘုရားသည် သင့်အားထင်ရှားတော်မမူဟု ဆိုကြပါ လိမ့်မည်ဟု ပြန်လျှောက်လေ၏။” ထွက်မြောက်ရာ ၄း ၁

ပုံပြင်အဆက်သည် ဘုရားသခင်က သူ့ကိုအထင်ကြီးစေရန် မောရှေအား မျက်လှည့်ဆရာတို့ကဲ့သို့ မျက်လှည့်ပြခဲ့ခြင်းမဟုတ်ပါ။ ထိုပြကွက်တို့သည် အလွန်အရေးပါသော အချက်များဖြစ်သည်သာမက ဖာရိုဘုရင်သည် မည်သည့်နည်းလမ်းဖြင့် ဣသရေလတို့ကို ထွက်ခွာခွင့်ပြုမည်ဖြစ်ကြောင်း ရှင်းပြချက်လည်းဖြစ်သည်။ မောရှေထံပြခဲ့သော ပထမဆုံးပြကွက်ကို သတိပြုကြည့်ကြပါစို့။

 

မြွေအဖြစ်ပြောင်းသွားသော လှံတံ

“ထာဝရဘုရားကလည်း၊ သင်၏လက်၌ အဘယ်အရာရှိသနည်းဟု မေးတော်မူလျှင်၊ လှံတံရှိပါ၏ဟု လျှောက်၏။ မြေပေါ်မှာ ပစ်ချလော့ဟု မိန့်တော်မူသည်အတိုင်း ပစ်ချသဖြင့်၊ လှံတံသည် မြွေဖြစ်၍၊ မောရှေသည် သူ့ရှေ့မှ ပြေးလေ၏။ ထာဝရဘုရားကလည်း၊ သင့်လက်ကိုဆန့်၍ သူ့အမြီးကို ကိုင်ဖမ်းလော့ဟု မိန့်တော်မူသည်အတိုင်း၊ မောရှေသည် လက်ကိုဆန့်၍ ဖမ်းမိသဖြင့်၊ သူ၏လက်၌ လှံတံဖြစ်ပြန်လေ၏။ သို့ပြုလျှင် သူတို့ဘိုးဘေးများ၏ ဘုရားသခင်၊ အာဗြဟံ၏ဘုရား၊ ဣဇာက်၏ဘုရား၊ ယာကုပ်၏ဘုရားတည်းဟူသော ထာဝရဘုရားသည် သင့်အား ထင်ရှားတော်မူကြောင်းကို ထိုသူတို့သည် ယုံကြလိမ့်မည်ဟု မိန့်တော်မူ၏။”

လှံတံ (သို့) တောင်ဝှေးသည် အစွမ်းတန်ခိုးကို ပုံဆောင်၏။ နန်းသုံးစကားတွင် ရာဇလှံတံဟု သုံးကြသည်။ ခရစ်တော်သည် ဘုရားသခင်၏ တန်ခိုးတော်ဖြစ်၏။ (၁ကော ၁း ၂၄) ခရစ်တော်သည် ဘုရားသခင်၏ လက်ယာဘက်တွင် နေသောသူဖြစ်သည်။ (ဟေဗြဲ ၁း ၃)

“အိုထာဝရဘုရား၊ လက်ယာလက်တော်သည် တန်ခိုးအားဖြင့် ဘုန်းကြီးတော်မူ၏။ အိုထာဝရဘုရား၊ လက်ယာလက်တော်သည် ရန်သူတို့ကို ချိုးဖဲ့ဖျက်ဆီးတော်မူ၏” ထွက်မြောက်ရာ ၁၅း ၆

ဘုရားသခင်က မောရှေအား သူသည် ဘုရားသခင်ကို ပုံဆောင်၍ အာရုန်သည် သူ၏ ပြောရေးဆိုခွင့်ရှိသူဖြစ်မည်ဟု ပြောခဲ့သည်။

“သူသည်လည်း လူတို့ရှေ့မှာ သင်၏စကားပြန်လုပ်၍၊ သင်၏ နှုတ်ကိုယ်စားဖြစ်လိမ့်မည်။ သင်သည်လည်း သူ၏ဘုရားသခင်ကိုယ်စား ဖြစ်လိမ့်မည်။” ထွက်မြောက်ရာ ၄း ၁၆

မောရှေက လှံတံကို မြေကြီးပေါ် ပစ်ချလိုက်သောအခါ ခရစ်တော်၌ရှိသော တန်ခိုးတော်သည် မြွေကဲ့သို့ ပြောင်းသွား၏။ ဘုရားသခင်က စာတန်အား “သူ၏ဥစ္စာရှိသမျှသည် သင့်လက်၌ရှိ၏။”ဟု (ယောဘ ၁း ၁၂) ပြောသည့်အခါ ဘုရားသခင်သည် သူ၏လှံတံကို မြေကြီးပေါ် ပစ်ချခြင်းဖြစ်သည်။ လှံတံသည် ခရစ်တော်၏ တန်ခိုးတော်ဖြစ်ပြီး၊ စာတန်က သူ့ရည်ရွယ်ချက်အတွက် အတင်းအဓမ္မအသုံးပြုခဲ့ခြင်းဖြစ်သည်။ စာတန်သည် ခရစ်တော်က ကားတိုင်ကို ကရာနီတောင်ကုန်းအထိ ထမ်းရွက်စေရန် ရောမစစ်သားတို့ကိုလည်း သွေးဆောင်စည်းရုံးခဲ့သေးသည်။

ဂရုတစိုက် စဉ်းစားကြည့်ပါ။ ရောမစစ်သားတို့၏ စိတ်သဘောထားကို စာတန်ထိန်းချုပ်ထားသော်လည်း သူတို့၏ ဇီဝအသက်သည် “ခမ်သိမ်းသောလူအပေါင်းတို့အား အလင်းကိုပေးသောသူ” (ယောဟန် ၁း ၉) ခရစ်တော် ပေးထားသောအသက်ဖြစ်သည်။ စာတန်သည် လူ့ဝိညာဉ်ရှိ ခရစ်တော်၏ တန်ခိုးတော်ကို ကိုယ်တော်ကို ကားတိုင်းပေါ် သံဖြင့် ရိုက်နှက်စေရန် အသုံးချခဲ့သည်။ ဤအချင်းအရာကို ခဏမျှ နား၍ ဆင်ခြင်ကြည့်ပါ။ အီဂျစ်ပြည်အပေါ် ကျရောက်ခဲ့သော ကပ်ဘေးများ၊ ကမ္ဘာလောကကြီးအပေါ် ကျရောက်ခဲ့သော ပျက်စီးခြင်း တန်ခိုးအပေါင်းကို ထိန်းချုပ်ထားသော၊ တန်ဖိုးဖြတ်၍မရသော ကယ်တင်ရှင်၏ လက်တော်အပေါ်  တူကိုမြင့်မြင့်မြောက်၍ သံချွန်ဖြင့် ရိုက်နှက်ခဲ့သော ရောမစစ်သားတစ်ဦးချင်းစီကို မျက်စိထဲ မြင်ယောင်ကြည့်ပါ။ ထို့ကြောင့် ကျန်ုပ်တို့အနေဖြင့် လူ့ဘဝ၌ဖြစ်သော ဘေးဒုက္ခဝေဒနာအပေါင်းကို မည်သည့်အချိန်၊ မည်သည့်နေရာတွင်ဖြစ်စေ မြင်တွေ့ရသည့်အခါတိုင်း ခရစ်တော် ခံစားခဲ့ရသော ဝေဒနာကိုလည်း ကျွန်တော်တို့ တွေ့မြင်နိုင်ပါသည်။

“သူတို့ခံရသမျှသောဆင်းရဲဒုက္ခကို ကိုယ်တော်လည်း ခံတော်မူခဲ့၏။ မျက်မှောက်တော်ရှိ ကောင်းကင်တမန်သည် သူတို့ကို ကယ်တင်ခဲ့၏။ ကိုယ်တော်သည် မေတ္တာကရုဏာတော်ဖြင့် သူတို့ကို ရွေးနုတ်တော်မူခဲ့၏။ ရှေးကာလပတ်လုံး သူတို့ကိုချီဆောင်တော်မူခဲ့၏။” ဟေရှာယ ၆၃း ၉

ထိုမြွေကို လှံတံပြန်ဖြစ်စေရန် မောရှေသည် အမြီးကို ဖမ်းကိုင်ခဲ့ရသည်။ (ထွက် ၄း ၄) ဗျာဒိတ်ကျမ်းတွင် အောက်ပါအတိုင်း ရေးသားထားသည်။

“ကောင်းကင်၌ အခြားသော နိမိတ်လက္ခဏာပေါ်လာသည်ကား၊ အဆင်းနီသော နဂါးကြီးသည် ခေါင်းခုနစ်လုံး၊ ချိုဆယ်ချောင်းနှင့်တကွ ခေါင်းပေါ်၌ သရဖူခုနစ်ဆူကို ဆောင်းလျက်ရှိ၏။ သူ၏အမြီးသည် ကောင်းကင်ကြယ်သုံးစုတစုကို ဆွဲငင်၍ မြေကြီးသို့ချလိုက်လေ၏။ သားကိုဖွားလုသော မိန်းမသည် ဖွားသောအခါ၊ နဂါးသည် ထိုသားကို ကိုက်စားမည့်အကြံနှင့် မိန်းမရှေ့၌ရပ်နေ၏။ … နဂါးနှင့် သူ၏တမန်တို့သည် စစ်တိုက်၍ မနိုင်ကြ။ ကောင်းကင်၌လည်းသူတို့နေစရာမရှိ။ ထိုအခါ ဤလောကတစ်နိုင်ငံလုံးကို လှည့်ဖြား၍ မာရ်နတ်စာတန် အမည်ရှိသော ရှေးမြွေဟောင်းတည်းဟူသော နဂါးကြီးကို၎င်း၊ သူနှင့်အတူ သူ၏တမန်တို့ကို၎င်း မြေကြီးသို့ချလိုက်ကြ၏။” ဗျာဒိတ် ၁၂း ၃-၉

 

အမြီးသည် မုသားကို ပုံဆောင်၏။

“ဦးခေါင်းကား၊ အသက်ကြီးသူနှင့် အသရေရှိသူတည်း။ အမြီးကား၊ မုသားကိုဟောပြောသော ပရောဖက်တည်း။ ဤလူမျိုးကို လမ်းပြသောသူတို့သည် လမ်းလွဲစေခြင်းငှါ ပြကြ၏။ လိုက်သောသူတို့သည်လည်း ပျက်စီးခြင်းသို့ ရောက်ကြလိမ့်မည်။ (ဟေရှာယ ၉း ၁၅၊ ၁၆)

မောရှေသည် မြွေကို အမြီးမှ ဖမ်းကိုင်ခြင်းသည် စာတန်၏ မုသားကို သတိပြုမိ၍ ဖမ်းမိခြင်းကို ပုံဆောင်သည်။ ဘုရားသခင်၏ တန်ခိုးတော်ကို ကားတိုင်အားဖြင့် လှံတံအပေါ်  ပြန်လည်သက်ရောက်စေ၍ ဘုရားသခင်ကို ကိုယ်စားပြုထားသော မောရှေလက်သို့ ပြန်လည်ရောက်ရှိစေခြင်းကို ပုံဆောင်သည်။

“အဘယ်ကြောင့်နည်းဟူမူကား၊ ဘုရားသခင်သည် အပြစ်နှင့် ကင်းစင်သောသူကို ငါတို့အတွက်ကြောင့် အပြစ်ရှိသောသူဖြစ်စေတော်မူ၏။ အကြောင်းမူကား၊ ငါတို့သည်ထိုသူအားဖြင့် ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သောသူဖြစ်မည်အကြောင်းတည်း။” ၂ကော ၅း ၂၁

သူ့တန်ခိုးတော်ကို စာတန်၏လက်ထဲတွင် အသုံးပြုခွင့်ပြုခြင်းကြောင့် ခရစ်တော်သည် အပြစ်ရှိသောသူဖြစ်လာရသည်။ စာတန်အနေဖြင့် သူ့နိုင်ငံတော်ကို ထင်ရှားစေနိုင်ရန် ခရစ်တော်၏ တန်ခိုးတော်သည် စာတန်၏အလိုဆန္ဒအတိုင်း အသုံးချခံရသည်။ ထို့ကြောင့် ခရစ်တော်ကိုယ်ခန္ဓာသည် ဆိုးသောတမန်များ၏လက်ချက်ဖြင့် ကာတိုင်းတင်ခံခဲ့ရ၊ ခံရဆဲဖြစ်သည်။ ကိုယ်တော်၏ အကျင့်စာရိတ္တတော်ကို မုန်းတီးကြသောကြောင့် ကိုယ်တော်၏ကိုယ်ခန္ဓာကို သူတို့အထဲရှိသော ကိုယ်တော်၏တန်ခိုးတော်အားဖြင့် ကားတိုင်တင်သတ်ကြ၏။ ကျဆုံးခဲ့သော အာဒံ၏သား၊သမီး အယောက်စီတိုင်းသည်လည်း ထိုနည်းတူ ပြုကြ၏။ ခရစ်တော်ထက် မိမိဇာတိပကတိအလိုကို နှစ်သက်သောလူများ၏ စိတ်နှလုံးထဲတွင် ခရစ်တော်သည် အစဉ်ကားတိုင်တင်အသေသတ်ခံရမြဲဖြစ်သည်။ (ဟေဗြဲ ၆း ၆)

တောလည်ရာကျမ်းတွင် ဖော်ပြထားသည့် တိုင်ပေါ်တွင် ချိတ်ဆွဲခံခဲ့ရသော မီးမြွေ၏ အဓိပ္ပာယ်ကိုလည်း ပိုမိုရှင်းလင်းစွာ နားလည်စေပါသည်။

“ထာဝရဘုရားကလည်း၊ မီးမြွေရုပ်ကိုလုပ်၍ တိုင်ပေါ်မှာ မြှောက်ထားလော့။ အကိုက်ခံရသော သူတိုင်း ကြည့်ရှုလျှင် အသက်ချမ်းသာရလိမ့်မည်ဟု မောရှေအား မိန့်တော်မူသည်အတိုင်း၊” တောလည်ရာကျမ်း ၂၁း ၈

“မောရှေသည်တော၌ မြွေကို မြှောက်ထားသကဲ့သို့ လူသားသည် မြှောက်ထားခြင်းကို ခံရမည်။” ယောဟန် ၃း ၁၄

ထိုမီးမြွေသည် ရှေးမြွေဟောင်းတည်းဟူသော စာတန်မာရ်နတ်ဖြစ်သည်။ (ဗျာဒိတ် ၁၂း ၉) တိုင်ပေါ်တွင် မြှောက်ထားခြင်းကို ခံရသောမြွေသည် သူ့ကိုယ်ကျိုးအတွက် ခရစ်တော်၏တန်ခိုးတော်ကို အသုံးချသွားသော စာတန်ဖြစ်သည်။ ဆိုးယုတ်သူများနှင့် စာတန်၌ သားတော်ကို အပ်လိုက်ခြင်းအားဖြင့် ဘုရားသခင်သည် စာတန်ကို အမြီးမှ ဖမ်းကိုင်လိုက်ခြင်းဖြစ်၍ စာတန်သည် လှည့်စားသောသူ၊ လူ့အသက်ကို သတ်သောသူဖြစ်ကြောင်း ဖော်ထုတ်လိုက်ခြင်းဖြစ်သည်။ (ယောဟန် ၈း ၄၄)

အီဂျစ်ပြည်သူပြည်သားတို့၏ ဝိညာဉ်ထဲတွင် ခရစ်တော်၏ တန်ခိုးတော် ကိန်းအောင်းနေ၏။ လူတစ်ဦးတစ်ယောက်ကို သတ်ဖြတ်ခြင်းသည် ခရစ်တော်ကို နှိပ်စက်ရာရောက်၏။ အသက်မရှိတော့သော သား၏ကိုယ်ခန္ဓာကို သပ်၍ ငိုကြွေးနေသည့် အီဂျစ်မိခင်တစ်ဦး၏ စိတ်သောကကို မြင်ယောင်ကြည့်ပါ။ သူမ ခံရသောစိတ်သောကကို ခရစ်တော်လည်း ခံရ၏။ ထိုသို့သောအခြေနေမျိုးတွင် ကားတိုင်ပေါ်တွင် ခရစ်တော် တစ်ဖန်အသေသတ်ခံရ၏။ ဖျက်ဆီးသူ၏လက်ထဲတွင် အီဂျစ်လူမျိုးတို့ကို အသက်ဆုံးရှုံးခွင့် ပြုခြင်းအားဖြင့် ဘုရားသခင်သည် သားတော်ကို စိတ်သောက၊ဝေဒနာခံစေရန် ခွင့်ပြုခြင်းလည်းဖြစ်သည်။ ထို့ကြောင့် အီဂျစ်ပြည်တွင် ကပ်ဘေးကျရောက်စဉ်တစ်လျှောက်လုံး ခမည်းတော်သည် တစ်နေရာတွင် တစ်ကိုယ်တည်း သားတော်အတွက်၊ သားတော်ငိုကြွေးရသည့်အကြောင်းရင်းအလုံးစုံအတွက် ငိုကြွေးတော်မူ၏။

 

နူသွားသော မောရှေ၏လက်

လှံတံနှင့်ဆိုင်သောအမှန်တရားအတွက် ဒုတိယနိမိတ်လက္ခဏာကို ဘုရားသခင်ဖော်ပြတော်မူ၏။

“တစ်ဖန် ထာဝရဘုရားက၊ သင်၏လက်ကိုသင်၏ ရင်ခွင်သို့ သွင်းလော့ဟု မိန့်တော်မူသည်အတိုင်း၊ လက်ကို ရင်ခွင်သို့သွင်း၍ ထုတ်ပြန်သောအခါ၊ လက်သည် မိုဃ်းပွင့်အဆင်းကဲ့သို့ နူလေ၏။” ထွက်မြောက်ရာ ၄း ၆

ခမည်းတော်၏ လက်ယာဘက်တွင်နေတော်မူသော သားတော်ဘုရားသည်လည်း ခမည်းတော်ဘုရား၏ ရင်ခွင်၌ နေသောသူဖြစ်သည်။

“ဘုရားသခင်ကို အဘယ်သူမျှ မမြင်စဖူးသော်လည်း၊ ခမည်းတော်၏ရင်ခွင်၌ရှိသော တစ်ပါးတည်း သောသားတော်သည် ဘုရားသခင်ကို ထင်ရှားစေတော်မူပြီ။” ယောဟန် ၁း ၁၈

ထိုစဉ်က အဖြစ်ပျက်များတွင် မောရှေသည် ဘုရားသခင်ကို ပုံဆောင်နေကြောင်း သတိရပါ။ ဘုရားသခင်သည် သားတော်နေထိုင်ရာ ရင်ခွင်ထဲ လက်လှမ်းသောအခါ သားတော်သည် အပြစ်ရှိသောသူဖြစ်ခဲ့ရ၏။ နူနာသည် အပြစ်ကို ပုံဆောင်၏။ ထိုအခြေနေတွင် လက်သည် ဝိညာဉ်နှင့်ကင်းသော ခရစ်တော်၏တန်ခိုးတော်ကို ပုံဆောင်၏။ (ယာကုပ် ၂း ၂၆) ကိုယ်ခန္ဓာသည် အသေဖြစ်၍၊ မည်သည့်အရာကို မခံစားတတ်၊ မခံစားနိုင်။ စိတ်ဝေဒနာပြင်းစွာခံရလျက် ခါးသီးသောခွက်ကို သောက်ခဲ့ရသည်။

ခရစ်တော်ခံရသော ဝေဒနာနှင့် ကားတိုင်တော်အကြောင်း အရိပ်အမြွက်ကို ပထမကပ်ဘေးတွင် တွေ့ရသည်။ မောရှေနှင့် အာရုန်အား စာတန်၏လက်ထဲသို့ အပ်ထားသော ခရစ်တော်၏တန်ခိုးတော်ကို ပုံဆောင်သည့် မြွေအဖြစ်ပြောင်းသွားသော လှံတံကို ယူလာစေ၍

“နံနက်အချိန်၌ ဖါရောဘုရင်ထံသို့ သွားလော့။ သူသည် ရေဆိပ်သို့ သွားလိမ့်မည်။ သူမရောက်မှီ သင်သည် မြစ်ကမ်းနားမှာ ရပ်နေလော့။ မြွေဖြစ်သော လှံတံကိုလည်း လက်တွင်ကိုင်လော့။ ဟေဗြဲအမျိုးသားတို့၏ ဘုရားသခင်ထာဝရဘုရားက၊ ငါ့လူတို့သည်တော၌ ငါ့အား ဝတ်ပြုမည် အကြောင်း၊ သူတို့ကိုလွှတ်လော့ဟု အမိန့်တော်ပါသော ကျွန်ုပ်ကို ကိုယ်တော်ထံသို့ စေလွှတ်တော်မူပြီ။ ကိုယ်တော်သည် ယခုတိုင်အောင် နားမထောင်ဘဲနေပါသည်တကား။ ထာဝရဘုရားက၊ ငါသည် ထာဝရဘုရား ဖြစ်ကြောင်းကို သင်သည်အဘယ်သို့ သိရမည်နည်းဟူမူကား၊ ငါကိုင်သောလှံတံနှင့် မြစ်ရေကိုရိုက်၍ ထိုရေသည် အသွေးဖြစ်လိမ့်မည်။ မြစ်၌ရှိသော ငါးတို့သည်သေကြလိမ့်မည်။ မြစ်ရေလည်းနံလိမ့်မည်၊ အဲဂုတ္တုလူတို့သည်လည်း မြစ်ရေကို ရွံကြလိမ့်မည် အကြောင်းကို ပြန်ပြောလော့ဟု မောရှေအား မိန့်တော်မူ၏။” ထွက်မြောက်ရာ ၇: ၁၅-၁၉

အသေမခံမီ ဥယျာဉ်ထဲတွင် ခမည်တော်အား ယေရှုအသနားခံခဲ့စဉ်က ကိုယ်တော်၏ ချွေးတို့သည် သွေးကဲ့သို့ ကျခဲ့သည်။ (လုကာ ၂၂း ၄၄) ထို့နောက် မကြာမီ သူ့ကိုဖမ်းရန်လာသော လူဆိုးတို့ကို “ယခုအချိန်ကား၊ သင်တို့အချိန်ဖြစ်၏၊ မှောင်မိုက်တန်ခိုးလည်းဖြစ်၏”ဟု မိန့်တော်မူခဲ့သည်။ (လုကာ ၂၂း ၅၃) လှံတံကို မြစ်ရေအပေါ် မြှောက်ထားသောသည့်အတိုင်း ခရစ်တော်သည်လည်း လူများ၏ ညှင်းဆဲနှိပ်စက်ခြင်းနှင့် အသေသတ်ခြင်းကို ခံရန် မြှောက်ထားခြင်းခံခဲ့ရသည်။ ကျမ်းစာအရ မြေပြင်သည် လူများကို ပုံဆောင်၏။ (ဗျာဒိတ် ၁၇: ၁၅) ခရစ်တော်၏ ဝိညာဉ်တော်ကိုလည်း ပုံဆောင်၏။ (ယောဟန် ၇: ၃၇-၃၉) လှံတံကို ရေပြင်ပေါ် ရိုက်သကဲ့သို့ ခရစ်တော်သည်လည်း စာတန်၏လက်ထဲသို့ အပ်နှံခံခဲ့ရ၏။ သွေးအဖြစ်ပြောင်းသွားသော ရေပြင်သည် အီဂျစ်ပြည်သူပြည်သားတို့နည်းတူ ခရစ်တော်၏ဝိညာဉ်တော်သည် ညှင်းပန်းနှိပ်စက်ခံခဲ့ရကြောင်း ပုံဆောင်၏။ ထိုသို့ ခရစ်တော်ခံရသောဝေဒနာသည် အီဂျစ်သားတို့အတွက်သာမဟုတ်ပါ။ ဣသရေလတို့အတွက်လည်း ထိုနည်းတူခံရပါသည်။ ယေရှုက ထိုသဘောတရားကို “မင်းကြီးက၊ ငါအမှန်ဆိုသည်ကား၊ သင်တို့သည် ဤသူတည်းဟူသော ငါ့ညီတို့တွင် အငယ်ဆုံးသော သူတယောက်အား ပြုကြသမျှတို့ကို ငါ့အား ပြုကြပြီဟု ပြန်၍မိန့်တော်မူလတံ့။”(မဿဲ ၂၅း ၄၀) ဟု သွန်သင်ခဲ့ပါသည်။ ထိုအချက်သည် ဘုရားသခင့်လူတို့၏ “သူ၏အသွေးသည် ငါတို့၏ခေါင်းပေါ်၌လည်းကောင်း၊ သားမြေးတို့ ခေါင်းပေါ်၌လည်းကောင်း တည်ရှိပါစေ”ဟူသော စကားကို ကြိုတင်နိမိတ်ပြသောအရာလည်းဖြစ်သည်။ (မဿဲ ၂၇: ၂၅)

ပထမကပ်ဘေးက ခရစ်တော်၌ရှိသော တန်ခိုးတော်ကို အသုံးပြု၍ အီဂျစ်ပြည်ကို ဖျက်ဆီးရန် ခွင့်ပြုသည့်အနေဖြင့် သားတော်ကို သူ့လက်ထဲတွင် အပ်လိုက်ကြောင်း ပုံဆောင်သည်။ စာတန်သည် အီဂျစ်ပြည်ကို ရုပ်တုကိုးကွယ်မှုနှင့် ဆိုးသွမ်းမှုသို့ နက်ရှိုင်းစွာ ဆွဲချခဲ့သဖြင့် သူတို့၏ အပြစ်စုပုံရာခွက်ဖလားသည် လျင်မြန်စွာပြည့်သွားသည်။ စာတန်သည် သူတို့ကို သူ့လက်ထဲတွင် အပ်ထားရန် အစဉ်တောင်းဆိုလေ့ရှိသည်။ သူတို့သည် ယောသပ်၏ဉာဏ်ပညာကို ငြင်းပယ်ကာ၊ ကပ်ဘေးက သူတို့ကို ကယ်တင်ခဲ့သော ဘုရားသခင်၏ ကရုဏာတော်ကို မထီမဲ့မြင်ပြုခဲ့ကြသည်။ အီဂျစ်ပြည်တွင် ကျရောက်ခဲ့သော အစာရေစာခေါင်းပါးမှုသည် ဘုရားသခင်၏ အုပ်စိုးမှုအာဏာစက်နှင့် သူ့ပညတ်တို့ကို ငြင်းပယ်သည့်အတွက် ဝိညာဉ်တော်ကို သူတို့ထံမှ ရုတ်သိမ်းလျက်ရှိကြောင်း သတိပေးချက်ဖြစ်သည်။ (တရားဟောရာကျမ်း ၁၁း ၁၃-၁၇)

 

အီဂျစ်ပြည်သူပြည်သားတို့ကို ကယ်တင်ရန် ကြိုးစားခဲ့သော ဘုရားသခင်

အီဂျစ်ပြည်တွင် သားဦးအပေါင်း အဘယ့်ကြောင့်အသတ်ခံခဲ့ရသနည်း။ သူတို့သည် “ဖန်ဆင်းတော်မူသော အရာအားလုံးတို့တွင် သားဦး” (ကောလောသဲ ၁း ၁၅) ဖြစ်တော်မူသော ခရစ်တော်ကို သူတို့ဝိညာဉ်ရေးရာတွင် ကားတိုင်းတင်အသေသတ်ခဲ့ကြသည်။ ရှင်ယောဟန်က ခရစ်တော်သည် ယေရုရှလင်မြို့တွင်သာ ကားတိုင်တင် ခံရသည်မဟုတ်ဘဲ ဝိညာဉ်ရေးရာတွင် “သောဒုံနှင့် ဂေါမောရမြို့”တို့တွင်လည်း ကားတိုင်တင်ခံခဲ့ရကြောင်း ကျွန်ုပ်တို့ကို ပြောပြခဲ့ပါသည်။ (ဗျာဒိတ် ၁၁း ၈) သူတို့၏ ခရစ်တော်အပေါ် ငြင်းပယ်မှု၊ ကားတိုင်တင် အသေသတ်မှုတို့၏ အကျိုးဆက်သည် သူတို့အပေါ် သက်ရောက်၍ ဖျက်ဆီးသောတမန်အတွက် လမ်းဖွင့်ပေးသကဲ့သို့ ဖြစ်လာ၏။ ထို့ကြောင့် ဖျက်ဆီးသောတမန်သည် သူတို့ အိမ်ထဲဝင်၍ သားဦးအပေါင်းကို သတ်ဖြတ်ခွင့်ရခဲ့သည်။ သူတို့သည် ခရစ်တော်ကို စိတ်ထဲတွင် လိုလိုလားလား ကားတိုင်တင်အသေသတ်ခဲ့ကြပြီးဖြစ်သောကြောင့် ကိုယ်တော်သည် သူတို့ကို ကူညီ၍မရပါ။ သူတို့၏အသက်အရင်းမြစ်ကို ငြင်းပယ်ရန် ရွေးချယ်မှုကို ကိုယ်တော်ဝင်ရောက်စွက်ဖက်ခြင်းမပြုခဲ့ချေ။ လူသားသည် မိမိ၏ပျက်စီးခြင်းအကြံစည်၏ သားကောင်ဖြစ်လာသည်။ (ဟေရှာယ ၇: ၁၆)

အသေသတ်ခံရသောသိုးသငယ်ဖြစ်သော ခရစ်တော်၊ “ဘုရားသခင်၏ သိုးသငယ်တော်” သည် (ယောဟန် ၁း ၂၉၊ ၁ပေ ၁း ၁၉) သူတို့အပြစ်ကို ခံယူပေးသူဖြစ်သည်။ ရှင်ပေါလုက “ဘုရားသခင်၏ ကျေးဇူးတော်အားဖြင့် လူတိုင်းအတွက် သေခြင်းကို မြည်းစမ်းစေရန်” ဟု ရေးသားခဲ့သည်။ (ဟေဗြဲ ၂း ၉)  

“သူတို့ခံရသမျှသောဆင်းရဲဒုက္ခကို ကိုယ်တော်လည်း ခံတော်မူခဲ့၏။ မျက်မှောက်တော်ရှိ ကောင်းကင်တမန်သည် သူတို့ကို ကယ်တင်ခဲ့၏။ ကိုယ်တော်သည် မေတ္တာကရုဏာတော်ဖြင့် သူတို့ကို ရွေးနုတ်တော်မူခဲ့၏။ ရှေးကာလပတ်လုံး သူတို့ကိုချီဆောင်တော်မူခဲ့၏။” ဟေရှာယ ၆၃း ၉

အထက်ပါကျမ်းပိုဒ်သည် အီဂျစ်ပြည်ကို စွန့်ခွာခဲ့သော ဣသရေလတို့နှင့် အီဂျစ်လူမျိုး နှစ်မျိုးလုံးအတွက် အကျုံးဝင်ပါသည်။

အီဂျစ်ပြည်တွင် ကျွန်ခံရခြင်းကြောင့် ဣသရေလအများစုသည် ဥပုသ်နေ့ကို စွန့်လွတ်ကြကုန်၏။ အကယ်၍ ဣသရေလတို့သည် ဥပုသ်နေ့ကိုဆက်လက်စောင့်ထိန်းနိုင်ခဲ့ပါက ရောမသင်္ဘောဖြင့် ရွက်လွှင့်၍ မာတာကျွန်းတွင် သောင်တင်ခဲ့သော ရှင်ပေါလုကဲ့သို့ဖြစ်ခဲ့ကြလိမ့်မည်။ အီဂျစ်ပြည်သားတို့ကို သူတို့ဆိုးသွမ်းမှုများကို နောင်တရစေရန် အချိန်ပိုမိုရရှိစေနိုင်ကြလိမ့်မည်။ ထိုအကြောင်းကြောင့်ပင် ဣသရေလတို့ကို တောထဲ၌ ပွဲခံနိုင်မည်အကြောင်း ထွက်သွားခွင့်ပြုရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။

“ထိုနောက်မှ၊ မောရှေနှင့်အာရုန်သည် ဖါရောဘုရင်ထံသို့ဝင်၍၊ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရားက၊ ငါ၏လူတို့သည် တော၌ ငါ့အဘို့ ပွဲခံစေခြင်းငှါ လွှတ်ရမည်ဟု မိန့်တော်မူကြောင်းကို လျှောက်၏။” ထွက်မြောက်ရာ ၅း ၁

ထိုတောင်းဆိုချက်သည် အီဂျစ်သားတို့ကို လှည့်ဖြား၍ ထွက်ပြေးနိုင်ရန် တောင်းဆိုခဲ့ခြင်းမဟုတ်ပါ။ ထိုတောင်းဆိုချက်သည် ဘုရားသခင်၏ ပညတ်တော်ဆီသို့ ပြန်လှည့်လာရန် တောင်းဆိုချက်ဖြစ်သည်။ သို့မှသာ ဘုရားသခင်၏ လူမျိုးတော်သည် အီဂျစ်ပြည်သားတို့အတွက် ကြားဖျန်ဖြေပေးခြင်းအားဖြင့် သူတို့သည် ဘုရားသခင်ဘက်သို့ လှည့်လိုက လှည့်နိုင်စေရန် အခွင့်ဖြစ်သည်။ မောရှေက အပတ်စဉ်ဥပုသ်ပွဲတော်များကို စောင့်ထိန်းရန် တိုက်တွန်းခဲ့ပြီးဖြစ်သည်။

“တစ်ဖန် ဖာရောမင်းကြီးက “ကြည့်လော့။ ယခု ဤပြည်၌ ဤလူမျိုးအများအပြားရှိ၏။ သူတို့အလုပ်ရပ်သွားအောင် သင်တို့ပြုကြပြီတကား” ဟု ဆို၏။ (ye make them rest [שָׁבַת/Shabbat/Sabbath] from their burdens.) ထွက်မြောက်ရာ ၅း ၅

ယခုတွင် ဘုရားသခင်သည် သူတို့ကို ဥပုသ်စောင့်ထိန်းခြင်းတွင် အခြားပွဲတော်စောင့်ထိန်းရန် တိုက်တွန်းလာပြီဖြစ်သည်။ သူတို့သည် ထိုပွဲတော်ကို စောင့်ထိန်းခွင့်ရခဲ့လျှင် ထိုကပ်ဘေးများသည် အချိန်တိုင်းတာတစ်ခုထိ ရွေ့ဆိုင်းခံရလိမ့်မည်။ မောရှေက ဖာရိုဘုရားအား မည်သို့ပြောခဲ့ကြောင်း သတိပြုကြည့်ပါ။

“သူတို့ကလည်း၊ ဟေဗြဲလူတို့၏ ဘုရားသခင်သည် ကျွန်တော်တို့နှင့် တွေ့တော်မူပြီ။ တောသို့သုံးရက် ခရီးသွား၍၊ ကျွန်တော်တို့ ဘုရားသခင်ထာဝရဘုရားအား ယဇ်ပူဇော်ရသောအခွင့်ကို ပေးတော်မူပါ။ သို့မဟုတ် ကာလနာဘေး၊ ဓားဘေးတစုံတခုဖြင့် ကျွန်တော်တို့ကို ဒဏ်ခတ်တော်မူလိမ့်မည်ဟု လျှောက်ဆို၏။” ထွက်မြောက်ရာ ၅း ၃

စာရေးသူက “ကာလနာဘေး၊ ဓားဘေးတစုံတခုဖြင့် ကျွန်တော်တို့ကို ဒဏ်ခတ်တော်မူလိမ့်မည်” ဟု ရေးသားရာတွင် ထိုကာလနာဘေး၊ ဓားဘေးဖြင့် ဒဏ်ခတ်မည့်သူသည် ဘုရားသခင်ဖြစ်သည်ဟု မဆိုလိုပါ။ စာရေးသူသည် ဟေဗြဲ အီဒီယမ်အသုံးဖြင့် ရေးသားထားခြင်းဖြစ်၍ ဘုရားသခင်သည် သူတို့ကို ကာလနာဘေး၊ ကပ်ဘေး၏လက်သို့ အပ်တော်မူလိမ့်မည်ဟု ဆိုလိုပါသည်။ ဟေဗြဲမှ ဂရိသို့ပြန်ဆိုထားသော (the Septuagint) ဘာသာပြန်ကျမ်းတွင် ကပ်ဘေးကို ကျရောက်စေသောသူသည် ဘုရားသခင်မဟုတ်ကြောင်း သံသယရှိစရာမလိုအောင် ရှင်းရှင်းလင်းလင်း ရေးသားထားပါသည်။

“And they say to him, ‘The God of the Hebrews has called us to Him: we will go therefore a three days' journey into the wilderness, that we may sacrifice to the Lord our God, lest at any time death or slaughter happen to us.” (Exodus 5:3; Brenton's Septuagint)

အီဂျစ်ပြည်တွင် ကျရောက်ခဲ့သော ကပ်ဘေးနှင့်ပတ်သက်၍ ဆာလံကျမ်းတွင် “ကိုယ်တော်သည် မိမိအမျက်တော်အတွက် လမ်းကိုပြင်ဆင်လျက် သူတို့စိတ်ဝိညာဉ်ကို သေဘေးမှ လွတ်ကင်းခွင့်မပေးဘဲ သူတို့၏အသက်ကို ကပ်ရောဂါလက်သို့ အပ်တော်မူ၏။” (ဆာလံ ၇၈း ၅၀) သူတို့ကို သတ်ရန် ကပ်ဘေးကို မဖြစ်စေပါ။ ဖြစ်လာသည့် ကပ်ဘေးမှ သူတို့ကိုမကယ်တင်ဘဲ သူတို့ရွေးချယ်မှုအတိုင်း ကပ်ဘေးလက်သို့ အပ်လိုက်ရုံသာဖြစ်သည်။ ( Did God "Pass Over" the Israelites or Stand Guard and "Protect" Them?). ဆက်လက်လေ့လာရန် ဤဆောင်းပါးကို ဖတ်ရှုပါ။)

ဘုရားသခင်သည် အီဂျစ်ပြည်သားတို့ကို ကယ်တင်ချင်ခဲ့သည်။ အကယ်၍ ဖာရိုဘုရင်သည် ကတိတည်၍ ဣသရေလတို့ကို ပွဲခံရန် ထွက်သွားခွင့်ပြုခဲ့လျှင် ဣသရေလတို့၏ ဝတ်ပြုခြင်းအတွက် သူတာဝန်ခံဖြစ်လာ၍ ထိုပွဲတော်ကြောင့် အကျိုးခံစားရလိမ့်မည်။ ထိုရည်ရွယ်ချက်ဖြင့် ဘုရားသခင်သည် ဖာရိုဘုရင်ထံ ငါတို့ထွက်သွားတော့မည်ဟု မပြောစေခဲ့ခြင်းဖြစ်သည်။ စာတန်လက်ထဲတွင် အီဂျစ်ပြည်သားတို့ကို ဘုရားသခင် စွန့်ပစ်မထားလိုပါ။ သူတို့ကို ကယ်တင်ချင်ခဲ့သည်။

အီဂျစ်ပြည်တွင် ကပ်ဘေးကျရောက်ခဲ့စဉ်က ဣသရေလတို့၏ကယ်တင်ခြင်းအတွက် သူတို့ကို ဘုရားသခင် နှိုးဆော်ခဲ့သကဲ့သို့ အီဂျစ်ပြည်သားတို့၏ ကယ်တင်ခြင်းအတွက်လည်း သူတို့ကို နှိုးဆော်ခဲ့ပါသည်။ ခြောက်သွေ့သော မြေပြင်ပေါ်မှ ပင်လယ်ကို ဖြတ်ကူးနေသော ဣသရေလတို့ကို ဖမ်းဆီးရန် အပြေးလာနေသော အီဂျစ်စစ်သားတို့အကြောင်း ကျမ်းစာက အောက်ပါအတိုင်း ဖော်ပြထား၏။

“နံနက်ယံ၌ ထာဝရဘုရားသည် မီးမိုဃ်းတိမ်တိုင်အားဖြင့် အဲဂုတ္တုတပ်ကို ကြည့်ရှု၍ နှောင့်ယှက်တော်မူ၏။ သူတို့ရထား အသွားခက်စေခြင်းငှာ ရထားဘီးများကို ချို့တဲ့စေတော်မူ၏။ အဲဂုတ္တုလူတို့ကလည်း၊ ဣသရေလလူတို့ထံမှ ပြေးကြစို့။ ထာဝရဘုရားသည် သူတို့ဘက်၊ အဲဂုတ္တုလူတို့တဘက်၌ စစ်တိုက်သည်ဟု ပြောဆိုကြ၏။” ထွက်မြောက်ရာ ၁၄း ၂၄-၂၅

အီဂျစ်စစ်သားတို့အမြင်တွင် ဘုရားသခင်သည် သူတို့ကို ရေနှစ်စေရန် သူတို့ခရီးကို နှေးကွေးစေသည်ဟု မြင်ကြသည်။ သို့သော်လည်း ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရားသည် ထိုကဲ့သို့ အလုပ်မလုပ်ပါ။ သူတို့ကို ရေနှစ်မသေဆုံးစေရန် သူတို့ဘီးများကို ချို့တဲ့စေ၍ ခရီးမတွင်စေခြင်းဖြင့် မိမိတို့အပြုမူကို ဆင်ခြင်မိစေရန် အခွင့်ပေးသည့်အနေဖြင့် ဘုရားသခင် ထိုသို့ပြုခဲ့ခြင်းဖြစ်သည်။ ဘုရားသခင်နှင့် ကောင်းကင်တမန်တို့ ထိုနေရာတွင် ရှိနေခဲ့ခြင်းသည် အသက်ကိုသတ်ရန်မဟုတ်၊ ကယ်တင်ရန်ဖြစ်သည်။

ထိုကပ်ဘေးအဖြစ်အပျက် အလုံးစုံတွင် ဘုရားသခင်သည် ဣသရေလလူမျိုးနှင် အီဂျစ်လူမျိုး နှစ်မျိုးလုံးကို ကယ်တင်လိုခဲ့သည်။ သူတို့၏ အီဂျစ်ဘုရားများကို ကျောခိုင်း၍ သူ့ကို ယုံကြည်စေလိုခဲ့သည်။ သူ့ကို ယုံကြည်သောသူအပေါင်းတို့သည် ဖျက်ဆီးခံရလိမ့်မည်မဟုတ်ချေ။