maranathamedia-myanmar.com

ဘုရားသခင် အမင်္ဂလာကို ဖန်ဆင်းခဲ့သလား။ (ဟေရှာယ ၄၅း ၇)

တင်ထားသည် ဇွန် 07, 2022 မှ Kevin J. Mullins အထဲ၌ ဘုရားသခင်သည်ချစ်ခြင်းမေတ္တာဖြစ်
ဘာသာပြန်သူမှ m-p
43 ထိရောက်မှု

English Article: https://lastmessageofmercy.com/article/view/isaiah-457-did-god-create-evil

“ငါသည်အလင်းကိုလုပ်၏ အမိုက်ကိုလည်း ဖန်ဆင်း၏။ ငြိမ်သက်ခြင်းကို ဖြစ်စေ၏။ အမင်္ဂလာကိုလည်း ဖန်ဆင်း၏။ ခပ်သိမ်းသော အမူအရာတို့ကို ငါထာဝရဘုရား ပြုတော်မူ၏။” (ဟေရှာယ ၄၅း ၇)

သမ္မာကျမ်းစာ၌ “ထိုနှုတ်ကပတ်တော်ထံ၌ ငါတို့သည်ကြားရ၍ သင်တို့အားပြသသောတရားစကားဟူမူကား၊ ဘုရားသခင်သည် အလင်းဖြစ်တော်မူ၏။ ဘုရားသခင်၌ မှောင်မိုက်အလျှင်းမရှိ။” ဟုရေးထားသည်။ (၁ယော ၁း ၅) ဘုရားသခင်၌ မှောင်မိုက်မရှိလျှင် ဘုရားသခင် မှောင်မိုက်ကို ဖန်ဆင်းခြင်းသည် ဖြစ်နိုင်ပါ့မလား။ ဖြစ်နိုင်သော နည်းတစ်နည်းသာရှိပါသည်။ အမှောင်ဆိုသည်မှာ အလင်းမရှိခြင်းဖြစ်သောကြောင့် ဘုရားသခင်မှောင်မိုက်ကိုဖြစ်စေသည်ဆိုရာတွင် သူ၏အတူရှိခြင်းမျက်မှောက်တော်ဖြစ်သော အလင်းကို ပယ်ရှားမှသာဖြစ်နိုင်ပေမည်။ အလင်းမရှိသောကြောင့် မှောင်မိုက်ရှိလာသည်။ အပူနှင့်အအေးသည်လည်း ထို့အတူပင်ဖြစ်သည်။ အေးခြင်းဆိုသည်မှာ အခြားမဟုတ်၊ အပူမရှိခြင်းသာဖြစ်သည်။ မှောက်မိုက်၊ အအေးစသည်တို့သည် ဖန်ဆင်းရသောအရာများမဟုတ်။ အလင်းနှင့် အပူကိုပယ်ရှားလိုက်လျှင် မှောက်မိုက်နှင့် အအေးဖြစ်တည်လာလိမ့်မည်ဖြစ်သည်။

ဘုရားသခင်တစ်ပါးတည်းသာ ကောင်းမြတ်တော်မူသည်ဟု ယေရှုသင်ပေးခဲ့သည်။

“လမ်းမှာကြွတော်မူစဉ်တွင် လူတယောက်သည် အထံတော်သို့ပြေး၍ ဒူးထောက်လျက်၊ ကောင်းမြတ် သောဆရာ၊ ထာဝရအသက်ကို အမွေခံရအံ့သောငှါ အကျွန်ုပ်သည် အဘယ်အမှုကိုပြုရပါမည်နည်းဟု မေး လျှောက်သော်၊ ယေရှုက၊ ငါ့ကိုကောင်းမြတ်သည်ဟု အဘယ်ကြောင့်ခေါ်သနည်း။ ဘုရားသခင်တပါးတည်းသာ ကောင်းမြတ်တော်မူ၏။” မာကု ၁၀: ၁၇,၁၈

တစ်ပါးတည်းသာ ကောင်းမြတ်တော်မူသော ဘုရားသခင်သည် အမင်္ဂလာ(သို့) မကောင်းမှုကို ဘယ်လို ဖန်ဆင်းတာလဲ။ သူ့ကောင်းမြတ်မှုနှင့် ငြိမ်သက်ခြင်းကို နုတ်ယူပယ်ရှားလိုက်ခြင်းက အမင်္ဂလာ၊ ဘေးဒုက္ခ၊ ဘေးအန္တရယ်တို့ကို ဖြစ်တည်စေသည်။ အမင်္ဂလာဟုဘာသာပြန်ထားသော စကားလုံး၏ မူရင်းဟေဗြဲစကားလုံးမှာ “רַע (rah)” ဖြစ်သည်။ ထိုစကားလုံတွင် ဘေးဒုက္ခ၊  ကပ်ဘေး၊ စိတ်ဒုက္ခရောက်ခြင်း၊ ပျက်စီးခြင်း၊ ဝမ်းနည်းခြင်း၊ ဆိုးသွမ်းခြင်းစသော အနက်များလည်း ရှိသည်။ ထိုအချက်များကို ဘုရားသခင်ကိုယ်တိုင် တိုက်ရိုက်မဖြစ်စေပါ။ သို့သော် ဝိညာဉ်တော်ကို စိတ်ထိခိုက်စေသည့်အခါ၊ ဝိညာဉ်တော် တွန်းထုတ်ခံရသောအခါ အကျိုးဆက်အနေဖြင့် ထိုအရာများ ဧကန်ဖြစ်လာသည်။ ဘုရာသခင့် အတူရှိခြင်းကို ဘယ်လိုတွန်းထုတ်(သို့)ငြင်းပယ်လို့ရသလဲ။ အဖြေမှာ ဘုရားသခင်သည် လူတစ်ဦး၏ လွတ်လပ်စွာ ရွေးချယ်ခွင့် ကို ဝင်ရောက်စွက်ဖက်လေ့မရှိသောကြောင့်ဖြစ်သည်။ မေတ္တာမှလာသော နာခံခြင်းကိုသာ ဘုရားသခင်အလိုရှိသည်။ ကျွန်ုပ်တို့ကို သူ့စကားများ နားထောင်ရန်အတွက် စက်ရုပ်များကဲ့သို့ သီးသန့် မဖန်ဆင်းခဲ့ပါ။ ဘုရားသခင့်နိုင်ငံတော်၏ အုတ်မြစ်ကို အတင်းကျပ်ပြုခြင်း၊ နိုင်ထက်စီးနင်းပြုခြင်းတိုဖြင့် တည်ဆောက်ထားသည်မဟုတ်၊ ချစ်ခြင်းမေတ္တာ၊ လွတ်လပ်မှုတို့ဖြင့် တည်ဆောက်ထားပါသည်။  

“ငါချစ်သောညီအစ်ကိုတို့၊ အလွဲမယူကြနှင့်။ ကောင်းမြတ်စုံလင်သော ဆုကျေးဇူးရှိသမျှတို့သည် အလင်းတို့၏ အဘထံတော်က သက်ရောက်သည်ဖြစ်၍၊ အထက်အရပ်မှ လာကြ၏။ ထိုအဘသည် ရွေ့ လျော့တိမ်းယိမ်း ခြင်းမရှိ၊ ပြောင်းလဲခြင်းအရိပ်နှင့် ကင်းလွတ်တော်မူ၏။” ယာကုပ် ၁း ၁၇

အထက်ပါကျမ်းချက်တွင် ရှင်ယာကုပ်က ဘုရားသခင်သည် ကောင်းမြတ်ခြင်းကိုသာပေး၍ ဘုရားသခင်သည် ပြောင်းလဲခြင်းမရှိသော ဘုရားဖြစ်သည်ဟု ဆိုထားသည်။ မကောင်းသောအရာ၊ အမင်္ဂလာ၊ မှောက်မိုက်ကိုဖြစ်စေသောအရာ တစ်စုံတစ်ခုကိုမျှ ဘုရားသခင် မဖြစ်စေပါ။ ဘုရားသခင်က ယေရမိ ၁၈း ၇-၁၀ တွင် သူကြံထားသော ဘေးဒဏ်အတွက် နောင်တရမယ်လို့ ပြောခဲ့တယ်မလား ဟုမေးစရာရှိပါသည်။ အဖြေအတွက် “ငါကြံစည်သောဘေးဒဏ်ကို ငါနောင်တရမည်ဟု ဘာကြောင့်ဘုရားသခင်ပြောခဲ့သလဲ။”  Why Does God Say He Will Repent of Doing Evil? ဆောင်းပါးကို ဖတ်ပါ။

သေခြင်းနှင့် အမင်္ဂလာအပေါင်းကို ဘယ်သူဖြစ်စေသနည်း။

“အသက်ရှင်ခြင်း၊ သေခြင်း၊ ကောင်းကြီးပေး ခြင်း၊ ကျိန်ခြင်းတို့ကို သင့်ရှေ့၌ ငါထားသည်ဟု သင့်တဘက်၌ ကောင်းကင်မြေကြီးကို ငါတိုင်တည်၏။ သို့ဖြစ်၍၊ သင်နှင့် သင့်အမျိုးအနွယ်သည် အသက်ရှင်မည် အကြောင်းနှင့်၎င်း၊ သင်၏ဘုရားသခင် ထာဝရဘုရားကို ချစ်၍ စကားတော်ကို နားထောင်သဖြင့်၊ အသက်ရှင်ခြင်းအကျိုး၊ အသက်တာရှည်ခြင်း အကျိုးကို ပေးတော်မူသော ကိုယ်တော်ကို ဆည်းကပ်မှီဝဲမည် အကြောင်းနှင့်၎င်း၊ ထာဝရဘုရားသည် သင်၏ဘိုးဘေးအာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့အား ကျိန်ဆိုတော် မူသောပြည်၌ နေမည်အကြောင်းနှင့် ယှဉ်သော အသက်တရားကို ရွေးယူလော့ဟု ဣသရေလအမျိုးအား ဟော ပြော၏။” တရားဟောရာကျမ်း ၃၀: ၁၉၊ ၂၀

အသက်အားလုံးသည် ဘုရားသခင်ထံမှ လာသည်။ ရှင်ပေါလုက ဘုရားသခင်တစ်ပါးတည်းသာ ကောင်းမြတ်၊ ဖြောင့်မတ်တော်မူသည်ဟု ရေးသားခဲ့သည်။

“ကျမ်းစာလာသည်ကား၊ ဖြောင့်မတ်သောသူမရှိ၊ တယောက်မျှမရှိ။ နားလည်သောသူမရှိ၊ ဘုရားသခင်ကို ရှာသော သူမရှိ။ လူအပေါင်းတို့သည် လမ်းလွဲကြပြီ။ တညီတညွတ်တည်း သုံးမရသောသူဖြစ်ကြပြီ။ ကောင်းသော အကျင့်ကို ကျင့်သောသူမရှိ၊ တယောက်မျှမရှိ။” ရောမ ၃း ၁၀-၁၂

ဘုရားသခင်တစ်ပါးတည်းသာ ဖြောင့်မတ်သောကြောင့် သူ့၌သေခြင်းမရှိ။

“ဖြောင့်မတ်ခြင်းတရားလမ်း၌ သေဘေးမရှိ၊ အသက်ချမ်းသာလမ်း ဖြစ်၏။” သုတ္တံ့ကျမ်း ၁၂း ၂၈

ဘုရားသခင်က သေခြင်းတရားကို မဖန်ဆင်းခဲ့ပါ။ သူသည် သေခြင်းတရားကို ဖြစ်တည်စေသူမဟုတ်ပါ။ အသက်ရင်းမြစ်ဖြစ်သော ဘုရားသခင်မရှိခြင်းသည် သေခြင်းဖြစ်သည်။ သူ့၌သေခြင်းတရားမရှိသောကြောင့် သူသည် သေခြင်းတရားကိုပိုင်ဆိုင်ထားသူမပါ။ မပိုင်ထားသည့်အတွက် သေခြင်းတရားကိုမပေးနိုင်။ ပိုက်ဆံမရှိသော အလုပ်ရှင်သည် လုပ်အားခမပေးနိုင်သကဲ့သို့  သူ့၌မရှိသောအရာကိုလည်း ဘုရားသခင် မပေးနိုင်ပါ။

သမ္မာကျမ်းစာက သေခြင်းတရားကိုအစိုးရသောသူသည် မာရ်နတ်ဖြစ်ကြောင်း ရှင်းလင်းစွာ ဖော်ပြထားသည်။

“ထိုသူငယ်တို့သည် အသွေးအသားနှင့် ဆက်ဆံကြသောကြောင့်၊ ခရစ်တော်သည် အသေခံတော်မူ သောအားဖြင့်၊ သေခြင်းတရားကို အစိုးရသော သူတည်းဟူသော မာရ်နတ်၏ တန်ခိုးကိုချိုးဖဲ့ ဖျက်ဆီး ခြင်းငှါ၎င်း၊” ဟေဗြဲ ၂း ၁၄

စာတန်မာရ်နတ်သည် ဖျက်ဆီးသူဖြစ်၍ ဘုရားသခင်သည် ပြန်လည်ပြုပြင်သူဖြစ်သည်။ ဘုရားသခင်သည် ကောင်းမြတ်တော်မူ၍ မာရ်နတ်သည် ဆိုးယုတ်၏။ ဘုရားသခင်က နတ်ဆိုးမာရ်နတ်ကို ဖန်ဆင်းခဲ့ပါသလား။ မဖန်ဆင်းခဲ့ပါ။ စာတန်သည် အရင်က အတောင်ခြောက်ခုရှိသော ကောင်းကင်တမန်သရပ်၊ လွှမ်းမိုးသော ခေရုဗိမ်ဖြစ်ခဲ့သည်။ ယေဇကျေလ ၂၈တွင် တုရုရှင်ဘုရင်အတွက် မြည်တမ်းစကားကိုတွေ့ရသည်။ သို့သော်လည်း ထိုစကားလုံးများသည် ပရောပြုဟောပြောချက်များဖြစ်၍ စာတန်၏ကျဆုံးခြင်းအကြောင်း ကျွန်ုပ်တို့ကို အလင်းပေးထားပါသည်။

“သင်သည် ထူးဆန်းသော တံဆိပ်ဖြစ်၏။ ပညာနှင့်ပြည့်စုံ၍ တင့်တယ်ခြင်းအသရေ လည်းစုံလင်လျက်ရှိ၏။ ဧဒင် အရပ်၊ ဘုရားသခင်၏ ဥယျာဉ်တော်၌ နေပြီ။ သင်၏ခေါင်းပေါ်မှာ ကျောက်နီ၊ ဥဿဖရား၊ စိန်၊ မျက်ရွဲ၊ ကြောင်၊ နဂါးသွ့၊ နီလာ၊ မြ၊ ပတ္တမြား အစရှိသော ကျောက်မြတ်အမျိုးမျိုးတို့ကို ဆောင်လေ၏။ ရွှေဖြင့် လုပ်သော ပတ်သာ၊ ပုလွေတို့သည်လည်း၊ သင်ဘွားသော နေ့၌ပင် သင့်အဘို့ ပြင်ဆင်လျက်ရှိကြ၏။ သင်သည် (အတောင်) ဖြန့်၍ လွှမ်းမိုးသော ခေရုဗိမ် ဖြစ်လျက်၊ ငါ့အခွင့်နှင့် ဘုရားသခင်၏ သန့်ရှင်းသော တောင်ပေါ်မှာ နေရာကျ၍ မီးတောက်သော ကျောက်တို့ တွင် သွားလာရ၏။ ဘွားသောနေ့မှစ၍ သင့်အပြစ်ထင်ရှားသော နေ့တိုင်အောင်၊ ပြုလေရာရာ၌ စုံလင်လျက်ရှိ၏။” ယေဇကျေလ ၂၈း ၁၂-၁၅

ဗျာဒိတ်တော်တွင် ပရောဖက်ဟေရှာယက ကောင်းကင်ရှိ သန့်ရှင်းသူတို့၌ သန့်ရှင်းသူ၊ အတောင်ဖြန့်မိုးသော ခေရုဗိမ်ဖြစ်သော ကောင်းကင်တမန်တရပ်တို့နေရာအရပ်ကို မြင်ခဲ့သည်။

“ဩဇိမင်းကြီးအနိစ္စရောက်သော နှစ်တွင်၊ ထာဝရဘုရားသည် အလွန်မြင့်မြတ်သောပလ္လင်ပေါ်မှာ ထိုင်တော်မူသည်ကို ငါမြင်၏။ အဝတ်တော်တန်ဆာသည် ဗိမာန်တော်ကို ဖြည့်လေ၏။ ကောင်းကင်တမန် သရပ်တို့သည် ပလ္လင်တော် တဘက်တချက်၌ ရပ်နေကြ၏။ သူတို့သည် အတောင်ခြောက်ခုစီရှိ၍၊ အတောင်နှစ်ခုဖြင့် မျက်နှာကိုဖုံးလျက်၊ အတောင်နှစ်ခုဖြင့် ခြေတို့ကို ဖုံးလျက်၊ အတောင်နှစ်ခုဖြင့် ပျံတတ်ကြ၏။ သူတို့ကလည်း၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် သန့်ရှင်းတော်မူ၏။ သန့်ရှင်းတော်မူ၏။ သန့်ရှင်းတော်မူ၏။ မြေကြီးလုံးသည် ဘုန်းတော်နှင့် ပြည့်လေ၏ဟု တပါးကိုတပါး ကြွေးကြော်၍ မြွတ်ဆို ကြ၏။” ဟေရှာယ ၆း ၁-၃

ကောင်းကင်တမန်တရပ်ဟူသောစကားလုံး၏ ဟေဗြဲစကားလုံးမှာ “ שָׂרָף (saraph)” ဖြစ်သည်။ အနက်မှာ မီးတောက်နဲ့တူသော မြွေကြီး”ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်က “ဧဒင် အရပ်၊ ဘုရားသခင်၏ ဥယျာဉ်တော်၌ နေပြီ။”ဟု ပြောခဲ့ခြင်းဖြစ်သည်။ သူသည် “လောကတနိုင်ငံလုံးကို လှည့်ဖြား၍ မာရ်နတ်စာတန် အမည်ရှိသော ရှေးမြွေဟောင်း”ဖြစ်သည်။ (ဗျာဒိတ် ၁၂း ၈) ထိုရှေးမြွေဟောင်းသည် “ဖွားသောနေ့မှစ၍ အပြစ်ထင်ရှားသော နေ့တိုင်အောင်၊ ပြုလေရာရာ၌ စုံလင်လျက်ရှိ၏။” စာတန်အထဲ၌ရှိသော အပြစ်တရားကို ဘုရားသခင် မဖန်ဆင်း ခဲ့ပါ။ ဆိုးသော ကောင်းကင်တမန်ကိုလည်း ဘုရားမဖန်ဆင်းခဲ့ပါ။ သူ့၌ အပြစ်တရား(သို့) ပညတ်တရားမဲ့ခြင်း တို့ကိုတွေ့ရသည်။ သူ့အထဲမှာ အပြစ်တရား ဘယ်လိုရောက်လာသနည်း။ သူသည် ဘုရားသခင်ကို ငြင်းပယ်ကာ ဘုရားသခင်နှင့် တန်းတူအဖြစ် မိမိကိုယ်မိမိ ချီးမြောက်ခဲ့သည်။ ဘုရားသခင်၏တစ်ပါးတည်းသော သားတော် ယေရှု၏ နေရာကို မနာလိုခဲ့သည်။ သူသည် အတုယောင်ခရစ်တော်များပေါ်ထွက်လာရခြင်း အကြောင်းရင်း ဖြစ်သည်။ သူသည် ယေရှု၏ ဘုရားသားတော်ဖြစ်ခြင်းကို ငြင်းပယ်ခဲ့သည်။ (၁ယော ၂း ၂၂)ယေရှုသည် ခမည်းတော်ထံသွားရာ တစ်ခုတည်းသော လမ်းခရီးဖြစ်ကြောင်း၊ ယေရှုသည် သူ့ဖြောင့်မတ်ခြင်းနှင့် အဆင်းလှပ ခြင်း၏ အရင်းမြစ်ဖြစ်ကြောင်းကို လက်မခံခဲချေ။ “ငါသည်လမ်းခရီးဖြစ်၏။ သမ္မာတရားကိုလည်းဖြစ်၏။ အသက်သည်လည်းဖြစ်၏။ ငါ့ကို အမှီမပြုလျှင် အဘယ်သူမျှ ခမည်းတော်ထံသို့မရောက်ရ။” (ယောဟန် ၁၄း ၆) ဟေရှာယက အခန်းကြီး ၁၄တွင် ‌ဘေဘီလုန်ရှင်ဘုရင်အကြောင်း ပရောဖက်ပြုရာတွင် စာတန်၏ကျဆုံးခြင်း အကြောင်း ရည်ညွှန်းပြောဆိုခဲ့သည်။

“အိုနံနက်သား၊ မိုဃ်းသောက်ကြယ်၊ သင်သည် ကောင်းကင်က ကျလေပြီတကား။ အပြည်ပြည် တို့ကို နှိပ်စက်သောသင်သည်၊ မြေတိုင်အောင် ခုတ်လှဲခြင်းကို ခံရလေပြီတကား။ သင်ကလည်း၊ ကောင်းကင်ပေါ်သို့ငါ တက် မည်။ ဘုရားသခင်၏ ကြယ်တို့အပေါ်မှာ ငါ့ပလ္လင်ကို ငါချီးမြှောက်မည်။ မြောက်မျက်နှာဘက်၊ ဗျာဒိတ်တော် တောင်ပေါ်မှာ ငါထိုင်မည်။ မိုဃ်းတိမ်ထိပ်ပေါ်သို့ ငါတက်မည်။ အမြင့်ဆုံး သောဘုရားကဲ့သို့ ငါနေမည်ဟု စိတ်အကြံရှိ လေပြီ။” ဟေရှာယ ၁၄း ၁၂-၁၄

ခရစ်တော်တစ်ပါးတည်းသာ ခမည်းတော်နှင့်တူ၏။ (ဟေဗြဲ ၁း ၁-၅) တုရုရှင်ဘုရင်၊ ဘေဘီလုန်ရှင်ဘုရင် တို့သည် စာတန်ကိုရည်ညွှန်း၍ ပရောဖက်ပြုချက်ဖြစ်သကဲ့သို့ သုတ္တံကျမ်းကလည်း ခရစ်တော်ကို “ဉာဏ်ပညာ”အဖြစ် ရည်ညွှန်းထားပါသည်။ (၁ကော ၁း ၂၄) ခရစ်တော်တစ်ပါးတည်းသာ ခမည်းတော်ထံမှ လာသောသူဖြစ်သည်။ (သုတ္တံကျမ်း ၈း ၂၃-၃၀၊ ရှင်ယောဟန် ၈း ၄၂) ဘုရားသခင်ကို ငြင်းပယ်သည့်အတွက် လူစီဖာ (ရှေးမြွေဟောင်း၊ မာရ်နတ်၊ စာတန်)သည် အပြစ်တရားနှင့် သေခြင်းတရားကို ဖြစ်တည်စေသူ ဖြစ်လာသည်။ “မာရ်နတ်သည် ရှေးဦးစွာမှစ၍ လူအသက်ကိုသတ်သောသူဖြစ်၏” “သူ၌ သမ္မာတရား (အလင်း) မရှိ။” (ရှင်ယောဟန် ၈း ၄၄) ထို့ကြောင့် ရှင်ပေါလုက ဤသို့ ဆိုထားသည်။

“အကြောင်းမူကား၊ ငါတို့သည် အသွေးအသားရှိသော ရန်သူတို့နှင့် ဆိုင်ပြိုင် တိုက်လှန်ရကြသည်မဟုတ်။ အထွဋ်အမြတ်တို့နှင့်၎င်း၊ အာဏာစက်တို့နှင့်၎င်း၊ လောကီမှောင်မိုက်၌ အစိုးတရပြုလုပ်သော မင်းတို့နှင့်၎င်း၊ မိုဃ်းကောင်းကင်၌နေသော နတ်ဆိုးတို့နှင့်၎င်း၊ ဆိုင်ပြိုင်တိုက်လှန်ရကြ၏။” (ဧဖက် ၆း ၁၂)

ရှင်ပေါလုထံ ယေရှုထင်ရှားခဲ့စဉ်ကအကြောင်း ရှင်ပေါလု ဤသို့ပြောထားသည်။

“သခင်ကိုယ်တော်သည် အဘယ်သူနည်းဟု အကျွန်ုပ် မေးလျှောက်သော်၊ ငါကား၊ သင်ညှဉ်းဆဲသော နာဇရက်မြို့သား ယေရှုဖြစ်သတည်း။ သို့သော်လည်း၊ ထ၍မတ်တတ်နေလော့။ ငါသည်ယုဒအမျိုးသား၊ တပါးအမျိုးသားတို့ လက်မှ သင့်ကိုကယ်လွှတ်၍၊ သင်သည် ယခုမြင်ရသောအကြောင်းအရာတို့နှင့်၊ နောက်မှ ငါသည်သင့်အား ထင်ရှားလတံ့သော အကြောင်းအရာတို့မှာ၊ အမှုဆောင်ရွက်သောသူ၊ သက်သေခံသောသူ အရာ၌ သင့်ကိုခန့်ထားစေခြင်းငှါ ငါသည်သင့်အား ထင်ရှား၏။ တပါးအမျိုးသားတို့သည် မှောင်မိုက်မှ အလင်းသို့ ကူးမြောက်၍၊ စာတန်၏အာဏာထဲမှ ဘုရားသခင့် အထံတော်သို့ ပြောင်းလဲသောအားဖြင့် အပြစ်လွှတ်ခြင်း ကျေးဇူးကို ခံရမည်အကြောင်းနှင့်၊ ငါ့ကို ယုံကြည်သောအားဖြင့် သန့်ရှင်းခြင်းသို့ ရောက်သောသူတို့နှင့် ဆက်ဆံ ၍ အမွေခံရမည်အကြောင်း၊ သူတို့၏မျက်စိကိုဖွင့်စေ ခြင်းငှါသူတို့ဆီသို့ သင့်ကို ငါစေလွှတ်မည်ဟု မိန့်တော် မူ၏။” တမန်တော်ဝတ္ထု ၂၆း ၁၅-၁၈

စာအသွားအလာကို သတိပြုကြည့်ပါ။

မှောင်မိုက် = စာတန်၏အာဏာ

အလင်း = ဘုရားသခင်

အလင်းမရှိသောအခါ အမှောင်ကျလာ၏။ ထိုနည်းတူစွာ ဘုရားသခင်မရှိသောအခါ စာတန်၏တန်ခိုးစိုးမိုးလာ၏။ စာတန်၏တန်ခိုးသည် “သေခြင်းတရား”ဖြစ်သည်။ စာတန်၌ ကိုယ်ပိုင်အသက်မရှိ။ သူသည် အမင်္ဂလာကို ဖန်တီးခဲ့သော်လည်း သူ့အသက်သည်ပင်လျှင် ဘုရားသခင်ပေးထားသောအရာဖြစ်သည်။ “ငါတို့သည် ဘုရားသခင်အားဖြင့် အသက်ရှင်လျက်၊ လှုပ်ရှားလျက်၊ ဖြစ်လျက်ရှိကြ၏။” တမန်တော်၁၇: ၂၈ စာတန်သည် အမင်္ဂလာပြုလုပ်နိုင်ရန် ဘုရားသခင်၏ အုပ်ထိန်းသောတန်ခိုးကို ငြင်းပယ်ထားသည်။ဘုရားသခင်က မေတ္တာတော်ဖြင့် ထိုသို့ငြင်းပယ်ခွင့်ပေးထားသည်။ အကြောင်းမှာ အပြစ်တရားတိုးပွားလာသဖြင့် အပြစ်၏ ဆိုးရွားသော အကျိုးအဆက်များကို ကျွန်ုပ်တို့သိမြင်ကာ သူ့ကရုဏာတော်ကို ရှာဖွေနိုင်ရန်ဖြစ်သည်။

“ထိုမှတပါး၊ ပညတ်တရားသည် တဖန်ဝင်သဖြင့် ပြစ်မှားသောအပြစ်ပွါးများ၏။ သို့သော်လည်း အပြစ်ပွါး များသည် အရာမှာ ကျေးဇူးတော်သာ၍ ကြွယ်ဝ၏။ ထိုသို့ဖြစ်လျှင်၊ အပြစ်တရားသည်သေခြင်းအားဖြင့် အစိုးရသည်နည်းတူ၊ ငါတို့သခင်ယေရှုခရစ် ပြုစုတော်မူ၍ ကျေးဇူးတရားသည် ထာဝရအသက်နှင့် ယှဉ်သော ဖြောင့်မတ်ရာသို့ သွင်းခြင်းအားဖြင့် အစိုးရ လေအံ့သတည်း။” ရောမ ၅း ၂၀, ၂၁

လူ့ဇာတိပကတိ စိတ်နှလုံးသည် မိမိအမှောင်ထဲရောက်နေသည်ကို မသိတတ်။ ဘုရားသခင်နှင့် ပြန်လည်သင့် မြတ်လိုပါက နောင်တရ၍ ပြန်လည်သင့်မြတ်နိုင်ရန် ဘုရားသခင်၏ ကောင်းမြတ်ခြင်းကို လူသားသည် သင်ယူဖို့လိုပါသည်။  အပြစ်တရားနှင့်အပြစ်၏အခ၊အကျိုးဆက်များကို ကျွန်ုပ်တို့မြင်နိုင်ရန် ပညတ်တော်ကို သူအသုံးပြုထားသည်။ ကျွန်ုပ်တို့နှလုံးသားတွင် ပညတ်တော်ကို ရေးသား၍ ထာဝရအသက်ကို ဝင်စားနိုင်ရန် သားတော်၏ အသက်ကိုစတေးခဲ့သည်။ ရှင်ပေါလုက

“သို့ဖြစ်၍ အဘယ်သို့ပြောရမည်နည်း။ ပညတ်တရား၌ အပြစ်ရှိသလော။ အပြစ်မရှိနိုင်ရာ။ သို့ရာတွင် ပညတ်တရားအားဖြင့်သာ အပြစ်သဘောကို ငါသိရ၏။ အဘယ်သို့နည်းဟူမူကား၊ လောဘစိတ်မရှိစေနှင့်ဟု ပညတ်တရားမဆိုလျှင်၊ လောဘသဘောကိုငါမသိ။ အပြစ်တရားသည် ပညတ်တရားအားဖြင့် အခွင့်ရ၍၊ ငါ၌ အမျိုးမျိုးသော လောဘတို့ကို ဖြစ်စေ၏။ ပညတ်တရားမရှိလျှင်၊ အပြစ်တရားသေ၏။ ထိုကြောင့်၊ တရားတော်သည်သန့်ရှင်းခြင်းရှိ၏။ ပညတ်တရားလည်း သန့်ရှင်းခြင်း၊ ဖြောင့်မတ်ခြင်း၊ ကောင်းမြတ်ခြင်းရှိ၏။”  (ရောမ ၇: ၇၊ ၈၊ ၁၂)

ဘုရားသခင်၏ကောင်းမြတ်ခြင်းအလုံးစုံကို စာတန်သည်ငြင်းပယ်ခဲ့ပြီဖြစ်၍ ဘုရားသခင်၏ ကရုဏာတော်ကို သူရှာဖွေမည်မဟုတ်။ သူသည် အမင်္ဂလာအပြစ်တရားကို ရွေးချယ်ခဲ့သည်။ ထို့ကြောင့် ရှေးမြွေဟောင်း၌ ရှိသော အမင်္ဂလာသည် သေခြင်းသို့အဆုံးသတ်လိမ့်မည်။

“သင့်အပြစ်သည်များပြား၍ ကုန်သွယ်ခြင်း အဓမ္မအားဖြင့်၊ သန့်ရှင်းရာဌာနတို့ကို ညစ်ညူးစေသောကြောင့်၊ သင့်ကိုမီးရှို့ဘို့ သင့်အလယ်၌ မီးကိုငါညှိမည်။ သင့်ကိုမြင်သော သူအပေါင်းတို့ရှေ့မှာ၊ သင်၏ ပြာကို မြေပေါ်သို့ ငါချထားမည်။” ယေဇကျေလ ၂၈း ၁၈

ဘုရားသခင်က ဒီအရာအားလုံးကို စာတန်အပေါ် ဘယ်လိုကျရောက်စေသလဲ။ ခွင့်ပြုရုံနဲ့ စာတန်အပေါ် ကျရောက်ပါလိမ့်မည်။ စာတန်သည် ဘုရားသခင်၏ မေတ္တာတော်နှင့် ကရုဏာတော်ကို အမြဲတစေ ငြင်းပယ် သောကြောင့် သူ့အလိုရှိသော အမင်္ဂလာက သူ့ကိုဝါးမြိုခွင့် ဘုရားသခင်ပေးပါလိမ့်မည်။

ဒါဝိဒ်က “မကောင်းမှုသည် ဆိုးသောသူတို့ကို သေဆုံးစေလိမ့်မည်။”ဟု ဆိုခဲ့သည်။ ရှင်ပေါလုက “အပြစ်၏ အခသည် သေခြင်းဖြစ်၏”ဟု ဆိုထားသည်။ ရှင်ယာကုပ်က အပြစ်တရားသည် သေခြင်းတရားကို ဖြစ်ပွားစေကြောင်း ပြောခဲ့သည်။ (ယာကုပ် ၁း ၁၄, ၁၅) ဘာကြောင့် ဒီလိုဖြစ်ရသနည်း။ အဖြေမှာ မှောင်မိုက်၊ အမင်္ဂလာ၊ သေခြင်းတရား အစရှိသည်တို့သည် ဘုရားသခင်၏ အလင်း၊ ငြိမ်သက်ခြင်းနှင့် အသက်မရှိသော အခြေနေပင်ဖြစ်သည်။

မိတ်ဆွေ ဘာကိုရွေးချယ်မလဲ။

 

ကိုးကားချက်များ

၁။ ဤကြောင်းနှင့်ပတ်သက်၍ ပိုမိုသိရှိလိုပါက “Didn’t God Send Fiery Serpents To Kill the People When They Complained At His Leadership?” ကိုဖတ်ပါ။

၂။ ရောမ ၇: ၇-၁၂အကြောင်း ပိုမိုနက်နဲစွာ လေ့လာလိုပါက “The Conviction of Sin and Righteousness” ဆောင်းပါးကို ဖတ်ရှုပါ။