
ဤစာအုပ်မဖတ်ရသော် ဤစာအုပ်ကိုအရင်ဖတ်ရန်အကြံပေးသည်
နောက်ထပ်စာအုပ်ဖတ်ရန်အကြံပေးလိုသည်
ထာဝရဘုရား၏ ဉာဏ်တော်အနန္တ
သားတော်ကိုရသောသူသည် အသက်ကိုရ၏။ အဘယ့်ကြောင့် ဤသို့ဖြစ်နိုင်ရသနည်း။ ဘုရား၏သားတော့်သန္တာန်၌ ခမည်းတော်၏ အလိုကိုလိုက်သည့် သားလိမ္မာ၏ စင်ကြယ်သည့်နှလုံးသားသည် ကိန်းသောကြောင့် ဖြစ်၏။ ၎င်းက ခမည်းတော်၏အလိုကို မပြတ်အစဉ် ဆောင်ရွက်၏။ ၎င်းသည် ခမည်းတော်၏ကောင်းချီးနှင့် မေတ္တာတော်ကို ပိုင်ဆိုင်၏။ သားတော်၏သန္တာန်သည် ခမည်းတော်၏ မေတ္တာတော်ကို မှီခို၏။
ခမည်းတော်၏ ပညတ်တော်များကို စောင့်လိုသည့် ချစ်လှစွာသော သားတော်၏ ချိုသာသိမ်မွေ့နာခံတတ်သည့် စေတသိက်ကို စကြဝဠာတစ်ခုလုံးသို့ ချပြခြင်းသည် ခမည်းတော်ဘုရားသခင်၏ မဟာဉာဏ်တော်အနန္တပင် ဖြစ်၏။
အနှီသိမ်မွေ့သည့် စေတသိက်သည် ထာဝရဘုရားသခင်၏ မဟာရာဇပလ္လင်တော်မှ အစပြုကာ ဇီဝအသက်ပင်တော်ကို ကြားခံကာ စီးဆင်းလာ၏။ မာရ်နတ်သည် ဘုရား သားတော်နှင့် ၎င်း၏သိမ်မွေ့သောစိတ်ထားကို ငြင်းခဲ့၏။ ၎င်း၏ လမ်းမလိုက်သည့် စိတ်နှင့် သားတော်၏ လမ်းလိုက်သည့်စိတ်တို့ စီးချင်းထိုးကြ၏။ အနှီကန္တကောစ တိုက်တတ် သည့် စိတ်သည် ပုထုစဉ်အပေါင်းတို့သို့ ဆင့်ပွားခဲ့၏။ သခင်ခရစ်တော်၏ ပေးဆပ်မှုက ငါတို့အား အနှီသိမ်မွေ့သောစိတ်ထားကို ပြန်ရပိုင်ခွင့်ပေး၏။ အနှီစိတ်ထားကို ရနိုင်မည့် လျှို့ဝှက်ချက်ကား ခမည်းတော်နှင့်သားတော်တို့သည် မည်သူများ ဖြစ်ကြောင်း ထိုးထွင်းသိရန်ဖြစ်၏။ ဤကား ခမည်းတော်နှင့် သားတော်ကို သိကျွမ်းခွင့်ရသည့် အမတဘဝကို ပန်ဆင်ရခြင်း၊ ဘုရားသခင်နှင့် သားတော်တို့၏ ရာဇပလ္လင်တော်မှ စီးဆင်းလာသည့် အသက်စမ်းရေကို သောက်သုံးရခြင်းတို့ ဖြစ်၏။