maranathamedia-myanmar.com

တရားဟောရာကျမ်း ၂း ၃၄-၃၆ ယောကျ်ား၊ မိန်းမ၊ ကလေးသူငယ်မကျန် သတ်ပစ်ရန် ဣသရေလတို့ကို ဘုရားသခင် အမိန့်ပေးခဲ့ပါသလား။

တင်ထားသည် ဇူလိုင် 20, 2022 မှ Kevin J. Mullins အထဲ၌ ဘုရားသခင်သည်ချစ်ခြင်းမေတ္တာဖြစ်
ဘာသာပြန်သူမှ Muan
106 ထိရောက်မှု

Original English Article: https://lastmessageofmercy.com/article/view/deuteronomy-234-36-didnt-god-command-the-israelites-to-slaughter-men

“ထိုအခါ သူ၏မြို့ရှိသမျှတို့ကို တိုက်ယူ၍၊ ယောက်ျားမိန်းမ သူငယ်တို့ကို တစ်ယောက်မျှ မကြွင်း စေခြင်းငှါ ရှင်းရှင်းဖျက်ဆီးကြ၏။ တိရစ္ဆာန်များ၊ မြို့ရွာ၌လက်ရဥစ္စာများကိုသာ ကိုယ်အဖို့ သိမ်းယူကြ၏။ အာနုန်မြစ်နား၌ရှိသော အာရော်မြို့မှစ၍ ဂိလဒ်မြို့တိုင်အောင်၊ မြစ်နား၌ ရှိသမျှသော မြို့တို့တွင် ငါတို့မအောင်နိုင်သော မြို့တစ်မြို့မျှမရှိ။ ငါတို့ ဘုရားသခင်ထာဝရဘုရားသည် အလုံးစုံတို့ကို ငါတို့၌ အပ်တော်မူ၏။” တရားဟောရာကျမ်း ၂း ၃၄-၃၆

ဤကဲ့သို့သော ကျမ်းချက်များကို ဖတ်ရသည့်အခါ အလွန်နားလည်ရခက်ပါသည်။ ထင့်ခနဲ့ ကြောက်လန့်စေပါသည်။ လူ့အသက်သတ်သော စစ်သားများကို ဖြောင့်ချက်ပေးရန် အချို့က ကြိုးစားတတ်ကြသော်လည်း ဣသရေလလူမျိုး စစ်သားတစ်ဦးသည် ကလေးသူငယ်များကိုပင် ဓားဖြင့် ခုတ်ဖြတ်သည့် မြင်ကွင်းကို စိတ်ကူးကြည့်နိုင်စရာပင် မရှိပါ။ မိတ်ဆွေ မည်သို့ယူဆမည်ကို ကျွန်တော် မသိသော်လည်း ကျွန်တော့်အတွက်မူ အလွန်စက်ဆုပ်မိပါသည်။ အဆိုးဆုံးမှာ သမ္မာကျမ်းစာသည် ထိုကဲ့သို့သောအပြုအမူများကို အပြစ်မယူလျစ်လျူရှုသည်သာမက လုပ်ဆောင်ရန်အမိန့်ပေးသည့်ပုံ ပေါက်နေပါသည်။

ထာဝရဘုရား၏ကျွန် မောရှေမှာထားသည်အတိုင်း၊ ထိုမင်းကြီးများအစိုးရသော မြို့ရှိသမျှတို့နှင့် မင်းကြီးအပေါင်းတို့ကို ယောရှုတိုက်ယူ၍ ဓားနှင့်လုပ်ကြံသဖြင့် ရှင်းရှင်းဖျက်ဆီးလေ၏။” ယေရှု ၁၁း ၁၂

အကယ်၍ လူမျိုးနွယ်တစ်ခုကို မြေကြီးပေါ်မှ ရှင်းရှင်းဖျက်ဆီးခံခဲ့သည်မှန်လျှင် ထိုလူမျိုးနှင့် အပြန်အလှန် ထိမ်းမြားလက်ထပ်ခြင်းမပြုရန် အဘယ်သို့ သင် အမိန့်ပေးနိုင်မည်နည်း။

“တစ်ဖန်သင့်လက်၌ အပ်တော်မူသောအခါ၊ သူတို့ကို လုပ်ကြံ၍ အကုန်အစင် သုတ်သင်ပယ်ရှင်းရမည်။ သူတို့နှင့် မိဿဟာယမဖွဲ့ရ၊ ကရုဏာကို မပြရ။ သူတို့နှင့် စုံဘက်ခြင်းကို မပြုရ။ သင်၏သမီးကို သူ၏သားနှင့်၎င်း၊ သင်၏သားကို သူ၏သမီးနှင့်၎င်း ထိမ်းမြားပေးစားခြင်းကို မပြုရ။ အကြောင်းမူကား၊ သူတို့သည် သင်၏သားကို ငါ၌ မဆည်းမကပ်စေဘဲ၊ အခြားတစ်ပါးသော ဘုရားအား ဝတ်ပြုစေခြင်းငှာ သွေးဆောင်ကြလိမ့်မည်။ ထိုအခါ အမျက်ထွက်၍ သင်တို့ကို ချက်ခြင်း ဖျက်ဆီးတော်မူလိမ့်မည်။” တရားဟောရာကျမ်း ၇: ၂-၄

အထက်ပါ ကျမ်းပိုဒ်တွင် ဘုရားက “သူတို့ကို လုပ်ကြံ၍ အကုန်အစင် သုတ်သင်ပယ်ရှင်းရမည်။” ဟု မိန့်တော်မူလျက် “သူတို့နှင့် စုံဘက်ခြင်းကို မပြုရ။” ဟု ဘာ့ကြောင့်ထပ်၍ ပြောခဲ့သနည်း။ သူတို့ကို အကုန်အစင် သုတ်သင်ပစ်စေသည်မှန်လျှင် သူတို့နှင့် အဘယ်သို့ ထိမ်းမြားလက်ထပ်နိုင်မည်နည်း။

“သုတ်သင်ပယ်ရှင်းသည်”ဟု ဘာသာပြန်ထားသော חָרַם (charam) ဟူသော စကားလုံးတွင် “ပိတ်ပင်သည်။ အခြားသူများနှင့် မရောပဲအဝေးသီးသန့်တစ်နေရာတွင် ထားသည်။” ဟူသော အနက်များလည်းရှိသည်။ သို့ဖြစ်လျှင် ဣသရေလတို့ကို သတ်ပစ်ရန် အမိန့်ပေးခဲ့ခြင်း ဖြစ်မည်လော။ သို့မဟုတ် သူတို့နှင့် မရောနှောနိုင်ရန် အဝေးတစ်နေရာတွင် ပစ်ထားရန် အမိန့်ပေးခဲ့ခြင်း ဖြစ်မည်လော။ ဣသရေလတို့သည် မြို့တစ်မြို့နှင့် ရင်ဆိုင်ရမည့်အခါ ငြိမ်းချမ်းရေး အရင်ရယူရမည်ဖြစ်သည်။ ငြိမ်းချမ်းရေးရယူနိုင်လျှင် ထိုမြို့သည် ဣသရေလတို့ကို အခွန်များ ဆက်သ၍ သူတို့၏ ရုပ်တုကိုးကွယ်မှုများကို ဖျက်ဆီးပစ်ရမည်ဖြစ်သည်။ ထိုအခြေနေကို နားလည်လျှင် အထက်ပါမေးခွန်း၏အဖြေကို ကျွန်ုပ်တို့ နားလည်နိုင်ပါမည်။

“သင်သည် မြို့တစ်စုံတစ်မြို့ကို တိုက်ခြင်းငှာ ချဉ်း သောအခါ၊ စစ်ငြိမ်းမည်အကြောင်းကို ဟစ်ကြော်ရမည်။ ထိုမြို့သည် စစ်ငြိမ်းရာစကားကို ပြန်ပြော၍ မြို့တံခါးကို ဖွင့်ထားလျှင်၊ ထိုမြို့၌ရှိသောသူအပေါင်းတို့သည် သင့်အား အခွန်ပေး၍ သင့်အမှုကို ထမ်းရကြမည်။” တရားဟောရာကျမ်း ၂၀: ၁၀-၁၁

“သို့ဖြစ်၍၊ သူတို့၌ အဘယ်သို့ပြုရမည်နည်း ဟူမူကား၊ သူတို့ယဇ်ပလ္လင်များကို ဖျက်ရမည်။ ရုပ်တုများကို ဖြိုချရမည်။ အာရှိရပင်များကို ခုတ်လှဲရမည်။ ထုသောရုပ်တုဆင်းတုများကို မီးရှို့ရမည်။” တရားဟောရာကျမ်း ၇: ၅

 

ဓားကိုင်၍ လူ့အသက်သတ်ခြင်းကို ဘုရားသခင်သည် အပြစ်မယူဘဲ၊ အမှန်တကယ် လျစ်လျူရှုခဲ့ပါသလား။

ဘုရားသခင် လူ့အသက်သတ်ခွင့်ပြုသည်ဟု ကျွန်တော်တို့ယူဆမည်ဆိုလျှင် ထိုယူဆချက်သည် ခရစ်တော်၏ သွန်သင်ချက်နှင့် ဆန့်ကျင်နေပါသည်။

“ယေရှုကလည်း သင့်ဓားကို သူ့နေရာ၌ပြန်ထားလော့။ ဓားကိုကိုင်သောသူရှိသမျှတို့သည် ဓားဖြင့် ဆုံးခြင်းသို့ ရောက်ကြလိမ့်မည်။” ရှင်မဿဲ ၂၆း ၅၂

သူတို့သည် အောက်ပါ ယေရှု၏ သွန်သင်ချက်များကို နားမလည်ကြဟန်တူပါသည်။

“ယခုမူကား ငွေအိတ်ရှိသောသူသည် ယူစေ။ လွယ်အိတ်ရှိသောသူသည် ယူစေ။ ဓားမရှိသော သူသည် အဝတ်ကိုရောင်း၍ ဓားကိုဝယ်စေ။” ရှင်လုကာ ၂၂း ၃၆

သူတို့ကို တကယ့်ဓားအစစ်ကို ဝယ်ခိုင်းသည်ဟု ထင်မှတ်ကြသည်။

“ထိုသူတို့ကလည်း၊ သခင်၊ ဓားနှစ်စင်းရှိပါ၏ဟု လျှောက်လျှင်၊ တန်ပြီဟု မိန့်တော်မူ၏။” လုကာ ၂၂း ၃၈

ဤကဲ့သို့သော ကျမ်းပိုဒ်များကို သာမန်ကာလျှံကာမျှ ဖတ်ကြည့်လျှင် ယေရှုက သူတို့ကို ဓားအသုံးပြုခွင့် ပေးသည့်အတွက် ဓားနှစ်လက်သည် တန်ပြီဟု ပြောခဲ့ခြင်းဖြစ်မည်ဟု ထင်မှတ်စရာရှိပါသည်။ သို့သော်လည်း ဓားနှင့်ပတ်သက်၍ သူ့သဘောထားကို နောက်ပိုင်းတွင် ဖော်ပြခဲ့ပါသည်။

“ယေရှုနှင့်အတူပါသော သူတို့သည် ဖြစ်အံ့သောအမှုကို မြင်လျှင်၊ သခင်၊ အကျွန်ုပ်တို့သည် ဓားနှင့် ခုတ်ရပါမည်လောဟု မေးလျှောက်ပြီးမှ၊ တစ်ယောက်သည် ယဇ်ပုရောဟိတ်မင်း၏ ကျွန်တစ်ယောက်ကို ခုတ်သဖြင့် လက်ျာနားရွက်ပြတ်လေ၏။ ယေရှုကလည်း၊ တန်စေဟု မိန့်တော်မူ၍ နားရွက်ကို လက်တော်နှင့်တို့သဖြင့် အနာကို ပျောက်စေတော်မူ၏။” လုကာ ၂၂း ၄၉-၅၁

မြင်းဖြူကိုစီးသော ယေရှုကို ရူပါယုံတွင် မြင်မက်ခဲ့သော ယောဟန်က “တရားသဖြင့်စီရင်တတ်၏။ တရားသဖြင့် စစ်တိုက်တတ်၏။ … လူမျိုးတို့ကို ဒဏ်ခတ်စရာအဖို့ ထက်သောသန်လျက်သည် ခံတွင်းတော်ထဲက ထွက်၏။” (ဗျာဒိတ် ၁၉း ၁၁-၁၅) ခံတွင်းတော်ထဲက ထွက်သော ထက်သောသန်လျက်နှင့် လူမျိုးတို့ကို ဒဏ်ခတ်သည် ဟူသောစကားသည် မည်သို့သောအနက်ရှိသနည်း။ ယေရှုသည် မည်သို့ တရားသဖြင့် စီရင်လျှက်၊ မည်သို့ တရားသဖြင့် စစ်တိုက်သနည်း။ စစ်နှင့်ပတ်သက်၍ သူဆိုလိုသောအရာသည် ကျဆုံးလူတို့သိသော စစ်နှင့် ကွဲပြားခြားနားမှုရှိပါသလား။ ကွဲပြားပါသည်။ ယေရှုက အကြမ်းဖက်နည်းလမ်းဖြင့် စစ်မတိုက်ပါ။ အပြစ်သားတို့အား မိမိအပြစ်ကို သိမြင်နားလည်ကာစေသော သူ့နှုတ်ကပတ်တော်ဓားနှင့်သာ စစ်တိုက်တော်မူ၏။ ထိုသို့ မိမိတို့၏ အပြစ်ကိုကို သိမြင်ခြင်းအားဖြင့် သူ၏ထာဝရတည်သောကရုဏာတော်ကို ကျွန်ုပ်တို့ ခိုလှုံစေရန်ဖြစ်သည်။

“ဘုရားသခင်၏နှုတ်ကပတ်တရားတော်သည် အသက်ရှင်ခြင်း၊ တန်ခိုးနှင့်ပြုပြင်ခြင်း၊ သန်လျက်တကာတို့ထက် ထက်ခြင်းနှင့် ပြည့်စုံသည်ဖြစ်၍၊ အသက်နှင့် စိတ်ဝိညာဉ်ကို၎င်း၊ အရိုးဆစ်နှင့် ခြင်ဆီကို၎င်း ပိုင်းခြား၍ ထုတ်ချင်းခွင်းတတ်၏။ စိတ်နှလုံးအကြံအစည်များကိုလည်း သိမြင်တတ်၏။” ဟေဗြဲ ၄း ၁၂

ယေရှုက သူဖြစ်စေ ခမည်းတော်ကဖြစ်စေ မည်သူတစ်ဦးတစ်ယောက်ကိုမျှ တရားစီရင်ဖြစ်မဟုတ်ကြောင်း ပြောခဲ့ပါသည်။

“ခမည်းတော်သည် အဘယ်သူကိုမျှ မတရားစီရင်တော်မမူ။ တရားစီရင်ခြင်းအခွင့်ရှိသမျှကို သားတော်အား အပ်ပေးတော်မူ၏။” ယောဟန် ၅း ၂၂

“သင်တို့သည် ဇာတိပကတိအတိုင်း စီရင်တတ်ကြ၏။ ငါ့မူကား အဘယ်သူကိုမျှမစီရင်။” ယောဟန် ၈း ၁၅

သူ့နှုတ်ကပတ်တော်ဓားအပေါ် ကျွန်ုပ်တို့၏ တုံ့ပြန်မှုအပေါ်မူတည်၍ ကျွန်ုပ်တို့သည် မိမိကိုယ်မိမိ စီရင်ကြ၏။

“ငါ့စကားကိုကြားသောသူသည် မယုံကြည်ဘဲနေလျှင် ထိုသူကို ငါသည်အပြစ်မစီရင်။ လောကီသား တို့ကို အပြစ်စီရင်အံ့သောငှါ ငါလာသည်မဟုတ်၊ လောကီသားတို့ကို ကယ်တင်အံ့သောငှါငါလာ၏။ ငါ့ကိုပယ်၍ ငါ့စကားကို နာမခံသောသူအားအပြစ်စီရင်သောသူရှိသေး၏။ ငါဟောပြောသော စကားပင် နောက်ဆုံးသောနေ့၌ ထိုသူအားအပြစ်စီရင်လိမ့်မည်။ ရှင်ယောဟန် ၁၂း ၄၇-၄၈

ဘုရားသခင်ပါဝင်သော စစ်ပွဲသည် နှုတ်ထွက်စကားများ၏ စစ်ပွဲဖြစ်သည်။ စာတန်၏ နှုတ်ထွက်စကားလုံးများနှင့် ဘုရားသခင်၏နှုတ်ကပတ်တော်ကြား စစ်ပွဲဖြစ်သည်။ ဖြောင့်မတ်ခြင်းတရားနှင့် မကိုက်ညီသောအမှု တစ်စုံတစ်ခုကိုမျှ ဘုရားသခင် ပြုတော်မမူ။ တရားသဖြင့် စီရင်ခြင်းသည် လူတစ်ဦးကို ဘေးအန္တရာယ် (သို့) သေခြင်းကို မဖြစ်စေပါ။

“အမျက်ဒေါသထွက်သောကာလ၌ စည်းစိမ်ဥစ္စာသည် အကျိုးမပေးနိုင်။ ဖြောင့်မတ်ခြင်းပါရမီမူကား၊ သေခြင်းမှကယ်တင်တတ်၏။ ဖြောင့်မတ်ခြင်း ပါရမီသည်စုံလင်သောသူတို့ကို ပဲ့ပြင်တတ်၏။ မတရားသောသူမူကား၊ မိမိမတရားသော အမှုအားဖြင့် ဆုံးရှုံးတတ်၏။ ဖြောင့်မတ်သောသူတို့၏ ဖြောင့်မတ်သော သဘောသည် သူတို့ကိုကယ်တင်တတ်၏။ လွန်ကျူးသော သူတို့မူကား၊ မိမိတို့အဓမ္မ၌ ကျော့မိတတ်ကြ၏။” သုတ္တံကျမ်း ၁၁း ၄-၆

ဖြောင့်မတ်ခြင်းတရားလမ်း၌ သေဘေးမရှိ၊ အသက်ချမ်းသာလမ်း ဖြစ်၏။” သုတ္တံကျမ်း ၁၂း ၂၈

စစ်ပွဲ၌ ရန်သူများကို ဘုရားသခင်မည်သို့ အနိုင်ယူသနည်း။ ကိုယ်တော်သည် ရန်သူများကို အပြစ်ဒဏ်ပေးခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်း၊ အသေသတ်ခြင်းတို့ဖြင့် အနိုင်မယူပါ။ ရန်သူများကို မိတ်ဆွေဖြစ်စေသောနည်းဖြင့် အနိုင်ယူတော်မူသည်။ ဖြောင့်မတ်ခြင်းတရားသည် လူတစ်ဦးကို မဖျက်ဆီးပစ်ပါ။ “အပြစ်၏ လူဟောင်း”ကို သေစေ၍ (တရားဟောရာကျမ်း ၃၂း ၃၉၊ ရောမ ၆း ၆-၁၁) သေခြင်းတရားမှ ထိုသူကို ကယ်နုတ်ပါသည်။ ဘုရားသခင်သည် ကောင်းသောအမှုကို ပြုခြင်းအားဖြင့် မတရားသောအမှု၊ မကောင်းမှုအပေါ် လက်တုံ့ပြန်၍ အနိုင်ယူပါသည်။

“အဘယ်သူကိုမျှ ရန်တုံ့မမူကြနှင့်။ လူအပေါင်းတို့ရှေ့မှာ တင့်တယ်လျောက်ပတ်သော အကျင့်ကို ကြံစည်ကြလော့။ သင်တို့သည် တတ်နိုင်သမျှအတိုင်း လူအပေါင်းတို့နှင့် အသင့်အတင့်နေကြလော့။ ချစ်သူတို့၊ သူတပါးသည်သင်တို့ကို ပြစ်မှားလျှင်၊ ကိုယ်တိုင် အပြစ်ပြန်၍ မတုံ့ကြနှင့်။ အမျက်တော်ကို အခွင့်ပေးကြလော့။ ကျမ်းစာလာသည်ကား၊ ငါသည် အပြစ်တရားကို စီရင်ပိုင်၏။ အပြစ်နှင့်အလျောက် ငါဆပ်ပေးမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။ ထိုကြောင့် သင်၏ရန်သူသည် မွတ်သိပ်လျှင် လုပ်ကျွေးလော့။ ရေငတ်လျှင် သောက်စရာဘို့ပေးလော့။ ထိုသို့ပြုလျှင်။ သူ၏ခေါင်းပေါ်၌ မီးခဲကိုပုံထားလိမ့်မည်။ အဆိုးအာဖြင့် အရှုံးမခံနှင့် အကောင်းအားဖြင့် အဆိုးကို နိုင်လော့။” ရောမ ၁၂း ၁၇-၂၁

ဘုရားသခင်၏ တရားသဖြင့်စီရင်ခြင်းသည် စစ်ပွဲကိုမဖြစ်စေပါ။ ငြိမ်းချမ်းခြင်းကို ဖြစ်စေပါသည်။

“ထာဝရဘုရားသည် လူမျိုးတို့တွင် တရားစီရင်၍၊ များပြားသောသူတို့ကို ဆုံးမတော်မူသဖြင့်၊ သူတို့ ဓားလက်နက်များကို တံစဉ်ဖြစ်စေခြင်းငှါ၎င်း ထုလုပ်ကြလိမ့်မည်။ တစ်ပြည်ကို တစ်ပြည်စစ်မတိုက်၊ စစ်အတတ်ကို လည်း နောက်တဖန်မသင်ရကြ။” ဟေရှာယ ၂း ၄

ဘုရားသခင်က တရားစီရင်မည်ဟု ပြောသောအခါ သူသည် ကျွန်ုပ်တို့အပြစ်ကို ဖော်ထုတ်၍၊ အပြစ်တရားကို ကျွန်တော်တို့ နားလည်နိုင်စေရန် အပြစ်တရားကို ထင်ရှားစေ၏။ ထိုအခါ ကျွန်ုပ်တို့အနေဖြင့် ရွေးချယ်စရာ နှစ်ခုရှိပါသည်။

၁။ ဘုရားသခင်၏ ထာဝရတည်သော ခွင့်လွှတ်ခြင်းကို ကျွန်ုပ်တို့ ယုံကြည်လက်ခံသောအားဖြင့် မိမိအပြစ်ကို ဝန်ခံ၍ အပြစ်အတွက် ဝန်ချတောင်းပန်ခြင်း။ ထိုသို့ပြုလျှင် ဘုရားသခင်သည် ကျွန်ုပ်တို့၌ ရှိသမျှသော မဖြောင့်မတ်ခြင်းရှိသမျှကို သန့်စင်တော်မူလိမ့်မည်။ (၁ယော ၁း ၉)

၂။ ဘုရားသခင်၏ မေတ္တာကရုဏာတော်နှင့် ခွင့်လွှတ်ခြင်းတရားကို မယုံကြည်ဘဲ ငြင်းပယ်ခြင်း။ မိမိကိုယ်မိမိ အပြစ်တင်ခြင်း၊ မိမိကိုယ်မိမိ စီရင်ခြင်းတို့ကို ပြု၍ ကျွန်ုပ်တို့အပေါ် ဖျက်ဆီးခြင်းကို ခေါ်ဖိတ်ခြင်း။

ဘုရားသခင်သည် အာဏာဖြင့်ဖြစ်စေ၊ အတင်းအကျပ်ပြု၍ဖြစ်စေ နာခံစေခြင်းမျိုး မပြုပါ။ အပြစ်သားသည် အလိုရှိလျှင် အသက်ရှင်ခြင်းတရား၏ အရင်းမြစ်ဖြစ်သော ဘုရားသခင်ထံမှ မိမိကိုယ်မိမိ အဆက်ဖြတ်ကာ၊ ထာဝရတည်သော မေတ္တာတော်နှင့် ကရုဏာတော်ကို ငြင်းပယ်လိုက ငြင်းပယ်ခွင့် ပေးထားပါသည်။

 

ဣသရေလတို့သည် အခြားလူမျိုးများကို စစ်တိုက်၍သတ်ပစ်ရန် ဘုရားသခင် အလိုတော်ရှိပါသလား။

ခါနန်ပြည်ကို သိမ်းယူရာတွင် မည်သို့အကောင်ထည်ဖော်မည့်အကြောင်း ဘုရားသခင်ပြောပြထားခဲ့သည်။

“ငါ့ကိုကြောက်တတ်သော သဘောကို သင့်ရှေ့သို့ ငါစေလွှတ်၍၊ သင်ရောက်လေရာရာအရပ်၌ ခပ်သိမ်းသောလူမျိုးကို ငါဖျက်ဆီး (စိတ်ရှုပ်စေ၊ အခက်တွေ့စေ၊ အနှောင့်အယှက်ပေး၊) မည်။ သင်၏ရန်သူအပေါင်းတို့ကို နောက်သို့ လှည့်စေမည်။ ပျားတူများကိုလည်း သင့်ရှေ့သို့ ငါစေလွှတ်၍၊ သူတို့သည် ဟိဝိလူ၊ ခါနနိလူ၊ ဟိတ္တိလူတို့ကို သင့်ရှေ့မှာ နှင်ထုတ်ကြလိမ့်မည်။ ထိုလူများကို တစ်နှစ်ခြင်းတွင် သင့်ရှေ့မှာ ငါမနှင်ထုတ်။ သို့ပြုလျှင် ပြည်သည် လူဆိတ်ညံ၍ သားရဲသည် သင့်တစ်ဘက်၌ များပြားလိမ့်မည်။ သင်သည် တိုးပွား၍ တစ်ပြည်လုံးကို ဝင်စားသည်တိုင်အောင်၊ သူတို့ကို သင့်ရှေ့မှာ ဖြည်းဖြည်း ငါနှင်ထုတ်မည်။” ထွက်မြောက်ရာ ၂၃း ၂၇-၃၀

အထက်ပါကျမ်းပိုဒ်တွင် ဓားအသုံးပြုမည့်အကြောင်း တစ်ခုမျှမရှိပါ။ ဣသရေလတို့အနေဖြင့် အီဂျစ်ပြည်မှ ထွက်ခွာရာတွင် ဓားတစ်လက်မျှ အသုံးမပြုဘဲ လွတ်မြောက်စေခဲ့သည်ကို ကြုံတွေ့ခဲ့ပြီးဖြစ်သည်။ အထက်ပါ ကျမ်းပိုဒ်တွင် “ဖျက်ဆီးမည်”ဟု အသုံးပြုထားသော ဟေဗြဲစကားလုံးသည် הָמַם (hamam) ဖြစ်သည်။ အနက်မှာ “ဆူညံစေခြင်း၊ စိတ်ရှုပ်စေခြင်း၊ အခက်တွေ့စေခြင်း” စသည့်အနက်များရှိသည်။

ဘုရားသခင်က ပျားတူများကို စေလွှတ်ခြင်းအားဖြင့် သူတို့ကို အခက်တွေ့စေမည်ဖြစ်ကြောင်း ပြောနေခြင်းဖြစ်သည်။ သွား၍ တိုက်ခိုက်ရန်၊ စစ်ပွဲတစ်စုံတစ်ရာ စတင်ရန် အမိန့်မပေးခဲ့ပါ။

ဣသရေလတို့သာ ဘုရားသခင်၏ ဝိညာဉ်တော်နှင့် ပြည့်ဝနေခဲ့ကြမည်ဆိုလျှင် ယေရှုဗိမာန်တော်ကို သန့်စင်ခဲ့သည်နည်းအတိုင်း ခါနန်ပြည်ကို သိမ်းယူနိုင်ခဲ့ကြလိမ့်မည်။ လူတစ်ဦးတစ်ယောက်ကို သတ်ပစ်ရန် လိုခဲ့လိမ့်မည်မဟုတ်။ ခါနန်ပြည်သားတို့သည် ဣသရေလတို့ရှေ့မှ ထွက်ပြေးသူပြေး၍ ဘုရားသခင်၏ ခွင့်လွှတ်ခြင်းတရားကို ယုံကြည်ကာ အမှန်တရားဘက်သို့ ပြောင်းလဲသူ ပြောင်းလဲကြလာလိမ့်မည်။ ဤသဘောတရားအကြောင်း လေ့လာရန် “Didn’t Jesus Show Violence and Anger When He Kicked the Moneychangers Out of the Temple? ကိုဖတ်ရှုပါ။ ထိုပျားတူတို့သည် တကယ်ပျားတူများဖြစ်စေ သို့မဟုတ် ဆင်းရဲဒုက္ခကို ပုံဆောင်ခိုင်းနှိုင်းချက်ဖြစ်စေ ပျားတူဟူသောအသုံးတွင် ဓား၊ လေးနှင့်မြားစသော အရာများ မပါ ကြောင်း ထင်ရှားပါသည်။ နောက်ပိုင်းတွင် ဘုရားသခင်က

“သင်တို့၌ ဓားနှင့်လေးမပါဘဲ၊ သင်တို့ရှေ့မှာ ပျားတူကို ငါစေလွှတ်၍၊ အာမောရိမင်းကြီးနှစ်ပါးကို သင်တို့ရှေ့မှ ငါနှင်ထုတ်လေ၏။” ဟု မိန့်တော်မူခဲ့ပါသည်။ (ယေရှု ၂၄း ၁)

ဣသရေလတို့ကိုယ်တိုင် ဘုရားသခင်၏စာရိတ္တတော်ကို အထင်မှားခဲ့ကြသည်။ ထို့ကြောင့် ဓားကိုင်သောဘုရားသည် ဣသရေလတို့ မိမိတို့အမြင်အတိုင်း ပုံဖော်သော ဘုရား၏အသွင်ဖြစ်နိုင်ပါသည်။ ဣသရေလတို့ ထင်မှတ်ခဲ့ကြသည့်အတိုင်း ရန်သူများကို ကရုဏာမထားဘဲ လုံးလုံးသတ်ပစ်ခြင်းသည် ကောင်းကင်ဘုံ၌ စံမြန်းတော်မူသော စစ်မှန်သောဘုရားသခင်၏ ပုံသဏ္ဌာန်မဟုတ်ပါ။ သူတို့က “ထာဝရဘုရားသည် စစ်သူရဲဖြစ်တော်မူ၏”ဟု မဟုတ်မမှန်ကြွားဝါခဲ့ကြသည်။ (ထွက်မြောက်ရာ ၁၅း ၃)

သမ္မာကျမ်းစာ၌ ကရုဏာမထားတတ်သူများအပေါ် ကရုဏာမထားသည့် တရားစီရင်ခြင်းအကြောင်း ရေးသားထားပါသည်။

“ကရုဏာမရှိသောသူသည်၊ ကရုဏာကိုမရဘဲ၊ တရားစီရင်ခြင်းကိုခံရလိမ့်မည်။ ကရုဏာသည် တရား စီရင်ခြင်းကိုအောင်၍ ဝါကြွားတတ်၏။ “ရှင်ယာကုပ် ၂း ၁၃

ဤကျမ်းချက်ကို နည်းနှစ်နည်းဖြင့် နားလည်နိုင်ပါသည်။ ကရုဏာစိတ်မရှိသောသူတို့သည် သူတစ်ပါးကို ကရုဏာမထားဘဲ စီရင်လိမ့်မည်။ သူတစ်ပါးအပေါ် ကရုဏာမထားသောသူတို့သည် တရားစီရင်ခံရသောအခါ ကရုဏာထားခြင်း ခံရမည်မဟုတ်။ ကရုဏာမရှိသော တရားမျှတမှုသည် စာတန်၏ နည်းစနစ်ဖြစ်၏။ အကြောင်းမှာ ဘုရားသခင်၏ တရားမျှတမှုတွင် ကရုဏာတရားအစဉ်ပါရှိသည်။ (ဆာလံ ၈၉း ၁၄) ကရုဏာထားမခံရခြင်းမှာ ကရုဏာတရားကို မယုံကြည်၊ မကျင့်သုံးကြသောကြောင့်ဖြစ်သည်။ ထို့ကြောင့် တစ်ပါးသူတို့အား သုတ်သင်ပစ်ရန် ဘုရားသခင်အမိန့်ပေးခြင်းသည် အပြစ်တရားကို ထင်ရှားစေခြင်းဖြင့် တိုက်ခိုက်ခံရသူအား သူ့ကရုဏာတော်နှင့် သနားကြင်နာခြင်းကို ရှာဖွေစေရန်ဖြစ်သည်။ မိမိကိုယ်မိမိ ဖြောင့်မတ်သည်ဟု ထင်တတ်သော ဣသရေလတို့၏ စိတ်နှလုံးကို သိမြင်စေ၍ သူတို့၏ ဓား၊လက်နက်များကို လွှတ်ချကာ ခုခံသူတို့ကိုယ်စား ဘုရားသခင်၏ ကရုဏာတော်ကို ခံယူတတ်စေရန်ဖြစ်သည်။ (ရောမ ၅း ၂၀) ဣသရေလတို့က သူတို့ကို တော၌သေစေရန် အီဂျစ်ပြည်မှ ဘုရားသခင် ခေါ်ထုတ်လာသည်ဟု လမ်းတစ်လျှောက် မြည်တွန်တောက်တီးခဲ့ကြသည်။ (ထွက်မြောက်ရာ ၁၆း ၃၊ တောလည်ရာ ၂၀: ၄) ဘုရားသခင်ကို ဆန့်ကျင်၍ စာနာစိတ်မရှိသော သူတို့၏စီရင်ချက်တို့သည် သူတို့ထံပြန်လာကာ ဘုရားသခင်အပေါ်  မှားယွင်းသော သူတို့အမြင်သည် သူတို့၏သေခြင်းကို ဖြစ်စေ၏။ ဘုရားသခင်က “ထိုသူတို့သည် တောကန္တာရ၌ မုချသေရမည်”ဟု မိန့်တော်မူခဲ့သည်။ (တောလည်ရာ ၂၆း ၆၅) ဘုရားသခင် သတ်သောကြောင့် သေကြသည်မဟုတ်ဘဲ မိမိတို့၏ မုန်းတီးစိတ်၊ အကြမ်းဖက်စိတ်နှင့် အသေသတ်လိုသော  ကရုဏာစိတ်မရှိသော စိတ်ထားတို့လက်သို့ အပ်လိုက်သဖြင့် သေခဲ့ရခြင်းဖြစ်သည်။ မယုံကြည်စိတ်၊ ကျေးဇူးမတင်လိုသောစိတ်ထားတို့ကြောင့် သေခြင်းကို ရွေးချယ်ခဲ့ကြသည်ဖြစ်၍ ဘုရားသခင်သည် သူတို့အပေါ် သေခြင်းကို အခွင့်ပေးခဲ့ရသည်။ သူတို့စိတ်နှလုံးထဲတွင် စိတ်ထားသည့်အတိုင်း ပြန်လည်ရိတ်သိမ်းခဲ့ရသည်။ “သူသည် စိတ်ထင်သည်အတိုင်းဖြစ်၏။” သုတ္တံ ၂၃း ၇

နောက်ဆုံးသောနေ့ရက်တွင် အသက်ရှင်နေကြသော ကျွန်ုပ်တို့အတွက် ဘုရားသခင်၏စာရိတ္တတော်ကို အရှိကိုအရှိတိုင်း သိနားလည်ခွင့် ပေးထားပြီဖြစ်သည်။ ယေရှု၏ မျက်နှာတော်တွင် ကောင်းကင်အဖခမည်းတော် ဘုရား၏ အလိုတော်ကို ကျွန်တော်တို့ ရှာဖွေနားလည်နိုင်ပြီဖြစ်သည်။

“ငါ့ကိုမြင်သောသူသည် ခမည်းတော်ကိုမြင်၏။ … ငါဟောပြောသောစကားကို ကိုယ်အလိုအလျောက် ငါဟောပြောသည်မဟုတ်။ ငါပြုသောအမှုတို့ကား၊ ငါ၌ တည်နေတော်မူသော ခမည်းတော်သည် ပြုတော်မူ၏။” ယောဟန် ၁၄း ၈-၁၀

ယေရှုသည် “မျက်မြင်မရသော ဘုရားသခင်၏ ပုံသဏ္ဍာန်တော်ဖြစ်၏။” (ကောလောသဲ ၁း ၁၅) “ထိုသားတော်သည် ဘုရားသခင်၏ ဘုန်းတော်ရောင်ခြည်နှင့် ဇာတိအဖြစ်တော်၏ ပုံသဏ္ဌာန်ဖြစ်”သည် (ဟေဗြဲ ၁း ၅) ယေရှုက သူ့ဓားဖြင့် လူ့အသက်မည်မျှ သတ်ခဲ့ပါသနည်း။ မည်မျှကို မီးဖြင့်လောင်ကျွမ်းခဲ့စေသနည်း။ ကလေးငယ်မည်မျှကို လှံတံဖြင့် ထိုးခဲ့ဖူးသနည်း။ ထိုသို့သောအရာ တစ်ခုမျှ မပြုခဲ့ပါ။

“မြေပေါ်သို့ ငြိမ်သက်ခြင်းကို စေလွှတ်အံ့သောငှါ ငါလာသည်ဟုမထင်ကြနှင့်။ ငြိမ်သက်ခြင်းကို စေလွှတ်အံ့သောငှါ ငါလာသည်မဟုတ်။ ဓားကို စေလွှတ်အံ့သောငှါ ငါလာသတည်း။” (ရှင်မဿဲ ၁၀: ၃၄)ဟု ယေရှု မိန့်ခဲ့ပါသည်။ မည်သည့် ဓားကို ယေရှုအသုံးပြုခဲ့သနည်း။

“ကယ်တင်ခြင်းတည်းဟူသော သံခမောက်လုံးကို၎င်း၊ ဘုရားသခင်၏နှုတ်ကပတ်တည်းဟူသော ဝိညာဉ်တော်၏ ဓားကို၎င်း ယူကြလော့” ဧဖက် ၆း ၁၇