ကျောက်ခဲနှင့်ပစ်သတ်ခြင်းအပြစ်ဒဏ်ကို ဘုရားသခင်ချမှတ်ခဲ့ပါသလား။

တင်ထားသည် ဇွန် 03, 2022 မှ Kevin J. Mullins အထဲ၌ ဘုရားသခင်သည်ချစ်ခြင်းမေတ္တာဖြစ်

English Article: Why did God Command the Horrific Death of Stoning? 

“ဣသရေလအမျိုးသားတို့သည် တော၌ ရှိကြသောအခါ၊ တနေ့သောဥပုသ်နေ့၌ ထင်းခွေသောသူ တယောက်ကို တွေ့လေ၏။ တွေ့သောသူတို့သည်၊ ထိုသူကို မောရှေ၊ အာရုန်၊ ပရိသတ်အပေါင်းတို့ ရှေ့သို့ ခေါ်ခဲ့ကြ၏။ သူ၏အမှုကို စီရင်ရာလမ်းမထင်ရှားသေးသောကြောင့် ချုပ်ထားကြ၏။ ထာဝရဘုရားကလည်း၊ ထိုသူသည် အသေသတ်ခြင်းကို အမှန်ခံရမည်။ ပရိသတ်အပေါင်းတို့သည် တပ်ပြင်မှာ သူ့ကို ကျောက်ခဲနှင့်ပစ်ရကြမည်ဟု မောရှေအား မိန့်တော်မူ၍၊ ထိုအမိန့်တော်အတိုင်း ပရိသတ်အပေါင်းတို့သည် ထိုသူကို တပ်ပြင်သို့ ဆောင်သွား၍၊ ကျောက်ခဲနှင့် ပစ်ကြသဖြင့် သူသည် အသေခံရ၏။” တောလည်ရာကျမ်း ၁၅း ၃၂-၃၆

ကျောက်ခဲဖြင့်ပစ်သတ်ခြင်းအပြစ်ဒဏ်ကို ဘုရားသခင်ဘာကြောင့် ချမှတ်ခဲ့ကြောင်း သိနိုင်ရန် သမိုင်းနောက်ခံအကြောင်း ပြန်လေ့လာဖို့လိုပါသည်။

သူတို့အီဂျစ်ပြည်မှ ထွက်လာခဲ့စဉ်က ဘုရားသခင်သည် ပညတ်တော်ဆယ်ပါးကို ကျောက်ပြားနှစ်ပြားပေါ် ရေးသား၍ မောရှေကိုပေးခဲ့ကြောင်း ကျွန်တော်တို့သိပြီးဖြစ်သည်။ ထိုကျောက်ပြားနှစ်ပြားနှင့် ရေးထားသောစာသားများသည် ဘုရားသခင်၏လက်ရာဖြစ်သည်။ ဣသရေလတို့အပေါ် အမျက်ထွက်သဖြင့် ထိုကျောက်ပြားတို့ကို မောရှေပစ်ခွဲခဲ့မိသည်။ ထို့ကြောင့် ဘုရားသခင်က ကျောက်ပြားနှစ်ပြားပြန်လုပ်စေ၍ ပထမပညတ်ကျောက်ပြားပေါ် ရေးထားသည့်အတိုင်း အသစ်လုပ်ထားသော ကျောက်ပြားပေါ်တွင် သူကိုယ်တိုင်ပြန်ရေးမည်ဖြစ်ကြောင်း မှာကြားခဲ့သည်။ ထို့နောက် မောရှေပြုလုပ်သော ကျောက်ပြားပေါ်တွင် ပညတ်ချက်များရေးသားခဲ့သည်။ ထိုအချက်က ပညတ်တော်(သွန်သင်ချက်များ)သည် ရည်ညွှန်းချက်နှစ်ခုရှိကြောင်း ဖော်ပြနေသည်။ ပညတ်တော်သည် ဘုရားဇာတိသဘောနှင့် ကျဆုံးလူသား၏ဇာတိပကတိသဘောတို့ကို ကြည့်မှန်ကဲ့သို့ ရောင်ပြန်ဟပ်ထင်ရှားစေသည်။ ပဋိညာဉ်ဟောင်း၏ စိတ်သဘောဖြစ်သော ကျွန်ုပ်တို့အသက်တာ၌ ဘုရားသခင်လုပ်ဆောင်မည့်အရာများကို ဘုရားသခင်ကို လုပ်ဆောင်ခွင့်ပေးရမည့်အစား ကျွန်ုပ်တို့ကိုယ်တိုင်လုပ်ဆောင်လိုစိတ်ထားကိုလည်း ပညတ်တော်က ဖော်ညွှန်းနေပါသည်။

ပညတ်တော်သည် ဘုရားသခင်၏စာရိတ္တနှင့် ကျဆုံးလူသားများ၏ဇာတိသဘောကို ကြည့်မှန်ကဲ့သို့ ဖော်ပြနေသည်။ ရှင်ပေါလု ပြောထားသည်မှာ “ပညတ်တရားအားဖြင့်သာ အပြစ်သဘောကို ငါသိရ၏။” “အပြစ်တရားသည် ပညတ်တရားအားဖြင့် အခွင့်ရ၍၊ ငါ၌ အမျိုးမျိုးသော လောဘတို့ကို ဖြစ်စေ၏။ ပညတ်တရားမရှိလျှင်၊ အပြစ်တရားသေ၏။” (ရောမ ၇: ၇-၈) “အသက်ရှင်ခြင်းနှင့်ဆိုင်သော ပညတ်တရား သည် သေခြင်းနှင့် ဆိုင်သည်ကို ငါတွေ့၏။ (အခန်းငယ် ၁၀) သမ္မာကျမ်းစာကို သေချာစွာ ဖတ်ကြည့်မည်ဆိုလျှင် ဘုရားသခင်သည် လူသားအကြိုက် ပညတ်များချမှတ်ခဲ့ကြောင်း တွေ့ရသည်။ ထိုသို့ပြုရခြင်းမှာ လူသားတို့၏ လွတ်လပ်စွာရွေးချယ်ခွင့်ကို ကြားဝင်မစွက်ဖက်လိုသောကြောင့်ဖြစ်သည်။ ပညတ်တရားကြောင့် အပြစ်တရားသည် အလွန်အပြစ်နှင့်ပြည်စုံသွားရသည်။ (ရောမ ၇: ၁၃)

သူ့လူများအား တိုင်းတစ်ပါးသားများကို မိန်းမ၊ ကလေးပါမကျန် ဖျက်ဆီးပစ်ရန် အမိန့်ပေးသည့် အကြောင်းများဖတ်ရသောအခါ လူများက ဘုရားသခင်၏မေတ္တာတော်ကို နားမလည်နိုင်တော့ချေ။ ထိုအချက်များကို ခုခံကာကွယ်ပြောလိုသူအချို့က ထိုအသတ်ခံရသူများသည်  သူ့လူမျိုးများအတွက် ဘေးအန္တရယ်ရှိသော အတားအဆီးဖြစ်သောကြောင့် သူ့လူမျိုးများကို ကယ်တင်နိုင်ရန် သုတ်သင်ပစ်ရခြင်းဖြစ်သည်ဟု ဆင်ခြေပေးကြသည်။ ထိုသို့ ယူဆလိုက်မည်ဆိုလျှင် ကျမ်းစာပြောထားသည့်အရာနှင့် ဆန့်ကျင်၍ ဘုရားသခင်သည် အချို့လူများကို သေစေလိုသောဘုရား ဖြစ်သွားစေလိမ့်မည်။ (၂ပေ ၃း ၉ ကိုဖတ်ပါ) “သွား၍ ဖျက်ဆီးပစ်လော့”ဟူသော အမိန့်များသည် လူသားများ၏ စိတ်သဘောကို ရောင်ပြန်ဟပ်နေသော စကားလုံးများဖြစ်သည်။ တစ်ပါးအမျိုးများ၏အပြစ်ကို ဖော်ပြသကဲ့သို့ ဘုရားသခင်သည် သူ့လူများ၏ အပြစ်ကိုလည်း အရှိအတိုင်း ဖော်ပြသောသူဖြစ်ပါသည်။ ဘုရားသခင်သည် အပြစ်တရားကို အပြစ်တရားဖြင့် ဒဏ်ခတ်ခွင့်ပြုလိုက်ခြင်းသာဖြစ်သည်။ ဘာကြောင့် ဘုရားသခင်ဒီလိုပြုရတာလဲ။ ရောမ ၅း ၂၀တွင် ဤသို့ရေးထားသည်။

“ထိုမှတပါး၊ ပညတ်တရားသည် တဖန်ဝင်သဖြင့် ပြစ်မှားသောအပြစ်ပွါးများ၏။ သို့သော်လည်း အပြစ်ပွါး များသည် အရာမှာ ကျေးဇူးတော်သာ၍ ကြွယ်ဝ၏။”

Adrian Ebens က “ကားတိုင်တော်အား ဆန်းစစ်ခြင်းနှင့် ကားတိုင်တော်အားတွေ့ဆုံခြင်း”စာအုပ်တွင် ဤသို့ရှင်းပြထားသည်။

“လူတစ်ဦး၏ စိတ်နှလုံးတွင် အပြစ်ဖြစ်တည်လာသောအခါ ထိုလူအား မိမိအပြစ်ကိုမြင်လာအောင် ဖော်ပြခြင်းသည် ဘုရားသခင်၏ ပထမဆုံးသောအလုပ်ဖြစ်သည်။ လူစိတ်နှလုံးသည် မိမိကိုယ်မိမိ လှည့်စားနိုင်သော အစွမ်းရှိသည်။ မိမိအပြစ်ကို မိမိမမြင်နိုင်။ ကျွန်ုပ်တို့ ဘုရားသခင်၏အလိုတော် အတိုင်းအသက်မရှင်သောအခါ ဘုရားသခင်သည် ကျွန်ုပ်တို့၏စိတ်အလိုဆန္ဒများအတိုင်း အမိန့်ချမှတ်ပေး တတ်သည်။ အကြောင်းမှာ ကျွန်ုပ်တို့သည် မိမိတို့စိတ်အလိုဆန္ဒများ၌ အပြစ်ပါလာကြောင်း မြင်နိုင်အောင် ထိုစိတ်ဆန္ဒများကို အသီးသီးခွင့်ပေးထားခြင်းဖြစ်သည်။ သို့သော်လည်း လူ့စိတ်အလိုအရ သူချမှတ်သော အမိန့်များသည် ကောင်းသောအရာမဟုတ်ကြောင်း ထိုသူတို့ကိုအသိမပေးဘဲ ထိုသို့မဆောင်ရွက်ပါ။ ဘုရားသခင့်အမိန့်များသည် ဘုရားသခင့်သဘောတိုင်းချမှတ်သော အမိန့်များသဖွယ် လူသားများက အနက်ဖွင့်တတ်ကြသည်။ အကြောင်းမှာ လူ့စိတ်နှလုံးသည် မိမိ ပြုသောအပြစ်တရားကို မမြင်နိုင်အောင် ကန်းနေသောကြောင့်ဖြစ်သည်။ လူသားများအနေဖြင့် ထိုသို့အနက်ဖွင့်ခြင်းအားဖြင့် ဘုရားသခင်သည် မိမိတို့နှင့် အကျင့်စရိုက်တူသောသူသဖွယ် ဖြစ်လာစေသည်။ ထို့ကြောင့် သူတို့အပြစ်သည်လည်း ဖြောင့်မတ်သောအရာသဖွယ်ဖြစ်သွားသဖြင့် ထိုသို့အနက်ဖွင့်ယူဆကြခြင်းဖြစ်သည်။” (ဆာလံ ၅၀: ၁၆-၂၁ ကိုဖတ်ပါ)

ဥပုသ်နေ့တွင် ထင်းခွေသောသူကို အပြစ်တင်၍ တရားစီရင်မည့်အစား ဣသရေလလူတို့အနေဖြင့် သူ့ထံသွား၍ အဘယ်ကြောင့် ဥပုသ်နေ့တွင် ထိုကဲ့သို့အလုပ်ရသနည်းဟု စုံးစမ်းမေးမြန်းသင့်ပါသည်။ ထိုသို့မေးမြန်း၍ ဘုရားသခင့်စကားတော်ကို အလေးမထား၊ နားမထောင်သူဖြစ်လျှင် ဘုရားစကားနားထောင်ရန် ဆုံးမသွန်သင်၍ ဘုရားသခင်နှင့် ပြန်လည်သင့်မြတ်စေရန် တိုက်တွန်းသင့်ပါသည်။ သို့သော်လည်း သူတို့၌ အပြစ်တင်၊ စီရင်တတ်သော စိတ်သဘောနှင့် မာကြောသောစိတ်ထားများရှိထားနှင့်သည်ဖြစ်၍ ဘုရားသခင်သည် သူတို့အလိုဆန္ဒအတိုင်း၊ တရားမျှတမှုအပေါ် သူတို့၏ မှားယွင်းသောအမြင်အတိုင်း ခွင့်ပြုထားလိုက်ရသည်။ နောက်ပိုင်းတွင် မိမိတို့အပြစ်တရားကို သိမြင်လာ၍ နောင်တရလာစေရန် မိမိကိုယ်မိမိ ဖြောင့်မတ်သူဟု ခံယူထားသော သူတို့၏ အပြစ်ကို တိုးပွားခွင့်ပြုလိုက်ခြင်းဖြစ်သည်။

 

ယေရှု၏ တုံ့ပြန်မှု။

ကျွန်ုပ်တို့၏ ကောင်းမြတ်သော ပုံသက်သေဖြစ်သော ယေရှုသည် ထိုကဲ့သို့သော အဖြစ်ပျက်မျိုးနှင့် ကြုံခဲ့စဉ်က မည်သို့ဖြေရှင်းခဲ့ကြောင်း ရှင်ယောဟန် ၈း ၂-၁၉တွင် တွေ့နိုင်သည်။ ယုဒခေါင်းဆောင်တို့သည် အိမ်ထောင်ရေဖောက်ပြန်မှု ကျူးလွန်သောမိန်းမတစ်ဦးကို ယေရှုထံ ခေါ်ဆောင်လာကြသည်။ သူတို့သည် ဘုရားသခင့်ပညတ်တော်နှင့် ယေရှုကို အမှုဆင်၍ဖမ်းနိုင်ရန် ထိုသို့ပြုကြခြင်းဖြစ်သည်။(အခန်းငယ် ၆) ယေရှုက မြေမှုန့်ပေါ်တွင် စာရေး၍ သူတို့အပြစ်ကို သိမြင်စေကာ (ယေရမိ ၁၇: ၁၃) “သင်တို့တွင် အပြစ်ကင်းသောသူသည် သူ့ကို ခဲနှင့်အဦးပေါက်စေ”ဟု မိန့်တော်မူခဲ့သည်။ (၇)

ပညတ်များကိုချမှတ်သော ပညတ်များ၏အရှင်သည် ကျောက်ခဲနှင့်ပစ်သတ်ခြင်းအပြစ်ဒဏ်ကို ပေးထိုက်သောသူသည် မည်ကဲ့သို့သော လူစားမျိုးဖြစ်ရမည်ဖြစ်ကြောင်း ဤနေရာတွင် ကျွန်ုပ်တို့ကို ပြောပြထားပါသည်။ အပြစ်ကင်းစင်သောသူ ဖြစ်ရမည်ဖြစ်သည်။ အပြစ်ဒဏ်ပေးသူသည် အပြစ်ကင်းစင်သူဖြစ်ရမည်ဆိုလျှင် ဓမ္မဟောင်းကျမ်းအချိန်က ပေးခဲ့သောပြစ်ဒဏ်များအနက် တရားနည်းလမ်းတကျ ပေးသောအပြစ်ဒဏ် မည်မျှရှိမည်ဟု ထင်သနည်း။ ထိုကဲ့သို့သောအပြစ်ဒဏ်ပေးရန် အပြစ်ကင်းသူ တစ်ဦးတစ်ယောက်မျှ ရှိနိုင်ပါမလား။ “လူအပေါင်းတို့သည် ဒုစရိုက်ကို ပြု၍ဘုရားသခင်ရှေ့တော်၌ အသရေပျက်ကြပြီ။” ရောမ ၃း ၂၃

ပညတ်တော်အတိုင်း ကျောက်ခဲနှင့်ပစ်သတ်ခြင်း အပြစ်ဒဏ်ကို ယေရှုခွင့်ပြုသောအခါ သူမအသက်အတွက် မျှော်လင့်ချက်မရှိတော့ပေ။ ထို့ကြောင့် ထိုအပြစ်ဒဏ်ကို သူမလက်ခံခဲ့သည်။ သူမ၏ စိတ်နှလုံးနှင့် သူမကို ထိုလူတစ်စုမည်သို့ အသုံးချသွားကြောင်း ယေရှုသိမြင်သောခါ ထိုမိန်းမသည် စစ်မှန်သော ကျောက်အပေါ် ကျသွားကြောင်း ယေရှုသိခဲ့သည်။

“ထိုသူတို့နောက်၌ လိုက်သောဓမ္မကျောက်မှ ထွက်သောရေကို သောက်ကြ၏။ ထိုကျောက်ကား ခရစ် တော်ဖြစ်သတည်း။” ၁ကော ၁၀: ၄

“ယေရှုကလည်း၊ တိုက်ကိုတည်လုပ်သောသူများ ပယ်ထားသောကျောက်သည် နောက်တစ်ဖန် တိုက်ထောင့်အထွဋ်ဖျားသို့ ရောက်ပြန်၏။ ထိုအမှုသည် ထာဝရဘုရားပြုတော်မူသောအမှုဖြစ်၏ ငါတို့ မျက်မှောက်၌လည်း အံ့ဩဖွယ်ဖြစ်၏ဟူသောစကားကို ကျမ်းစာ၌ သင်တို့သည် တစ်ရံတစ်ခါမျှ မဖတ်ဖူးသလော။ …အကြင်သူသည် ထိုကျောက်အပေါ်သို့ ကျ၏။ ထိုသူသည် ကျိုးလတ္တံ့၊ အကြင်သူ၏ အပေါ်သို့ ထိုကျောက်သည် ကျ၏။ ထိုသူသည် ညက်ညက်ကြေလတ္တံ့ဟု မိန့်တော်မူ၏။ မဿဲ ၂၁း ၄၂၊ ၄၄

ယေရှုခရစ်တည်းဟူသော ကျောက်အပေါ် ကျသောထိုမိန်းမသည် အမှန်တကယ် ခရစ်တော်ရည်ညွှန်းသော ကျောက်နှင့် အပစ်ခံခဲ့ရသည်။ သူမ၏မျှော်လင့်ချက်အလုံးစုံကို စွန့်လွှတ်ကာ ခရစ်တော်၏ ကရုဏာတော်၌ မိမိကိုယ်မိမိ ပုံအပ်ထားခြင်းအားဖြင့် သူမကိုသူမ ကယ်တင်နိုင်ခဲ့သည်။ ခရစ်တော်ရည်ညွှန်းသောကျောက်သည် အပြစ်သားအနေဖြင့် မိမိအပြစ်တရားကို သိမြင်လာ၍ ကရုဏာတော်ကို ရှာဖွေစေသော ကျောက်ဖြစ်သည်။

ရှေးဣသရေလများကဲ့သို့မဟုတ်ဘဲ ထိုဖာရိရှဲတို့သည် မိမိတို့အပြစ်တရားကို သိမြင်လာသဖြင့် ကျောက်ခဲနှင့်မပစ်သတ်ရန် ရွေးချယ်ခဲ့ကြသည်။ ခရစ်တော်သည် ခမည်းတော်၏ စာရိတ္တတော်ကို ထင်ရှားစေလျက် သူမအား “ငါသည်လည်း သင်၏အမှုကို မစီရင်။ သွားလော့။ နောက်တစ်ဖန် ဒုစရိုက်ကိုမပြုနှင့်”ဟု မိန့်တော်မူခဲ့သည်။ (ယောဟန် ၈း ၁၁)

 

အီဂျစ်ပြည်မှလာသော ကျောက်ခဲဖြင့်ပစ်သတ်ခြင်း အပြစ်ဒဏ်

ဤအကြောင်းနှင့် ပတ်သက်၍ theblaze.com မှ “fact-check: does the bible really condone stoning? အမည်ရှိဆောင်းပါးတွင် ဂျူးဓမ္မဆရာ Aryeh Speroကို မေးခွန်းမေးခဲ့ကြသည်။

“ကျောက်ခဲ့နှင့်ပစ်သတ်ခြင်းကဲ့သို့သော စည်းမျဉ်းများအကြောင်းနှင့်ပတ်သက်၍ ဂျူးဓမ္မဆရာက သမ္မာကျမ်းစာကို အထူးမျက်မှန်နှင့် သေသေချာချာကြည့်ရန် အရေးကြီးကြောင်း ပြောခဲ့သည်။ ဘုရားသခင် ထာဝရအတွက် ရည်ရွယ်ချမှတ်သောအရာများနှင့် နောက်ပိုင်းဖျက်ပစ်ဖို့ တစ်ခဏအတွက်သာ ပေးထားတဲ့ အရာများကို ကြည်ညိုနှိမ့်ချတဲ့ စိတ်ထားနဲ့ ခွဲခြားသိမှတ်ထားဖို့ ကျွန်တော်တို့ တာဝန်ဖြစ်ပါတယ်။ ဥပမာအနေနဲ့ ယဇ်ကောင်ပူဇော်ခြင်းတို့ ဘာတို့ပေါ့။ လူ့အကျင့်စာရိတ္တ၊ လိင်ပိုင်းဆိုင်ရာ လိုက်နာရမယ့် ကန့်သတ်ချက်တွေကတော့ ဥပုသ်ပညတ်၊ သန့်ရှင်းသော အသက်တာဆိုင်ရာ ပညတ်တွေလိုပဲ ထာဝရအတွက် ပေးထားတဲ့ စည်းမျဉ်းတွေဖြစ်တယ်ဆိုတာ သံသယရှိစရာတော့ မရှိပါဘူး။ … အချို့စည်းမျဉ်းတွေကျတော့ ထာဝရအတွက်လုံးဝရည်ရွယ်မထားတဲ့ဟာတွေ၊ ဘုရားသခင် စကားပြောရတဲ့ လူတွေရဲ့ မူလပတ်ဝန်းကျင်အသိုင်းဝိုင်းကလာတဲ့ အကျင့်စရိုက်၊ စိတ်သဘောထား၊ အယူအဆတွေအပေါ် အခြေခံပြီး ချမှတ်ပေးရတဲ့ဟာတွေလည်းရှိတာပေါ့။ ဒီလိုစည်းမျဉ်းတွေကို ချမှတ်ကျင့်သုံးရတယ်ဆိုတာ အဲ့အချိန်က လူတွေရဲ့ ရိုးရာဓလေ့၊ ထုံးတမ်းတွေရဲ့ လွှမ်းမိုးမှုကြီးကြီးမားမားပါနေတာကြောင့်ပါ။

မောရှေအချိန်က ဣသရေလတို့၏ ကျောက်ခဲနှင့်ပစ်သတ်ခြင်း စိတ်သဘောသည် ဘုရားသခင်ထံမှလာသော စိတ်သဘောမဟုတ်ပါ။ အီဂျစ်ပြည်မှလာသော စိတ်ထားဖြစ်ပါသည်။ မောရှေက ဖာရိုဘုရင်အား “အဲဂုတ္တုလူတို့၏ ရွံရှာဘွယ်သောအရာကို သူတို့မျက်မှောက်၌ ယဇ်ပူဇော် လျှင်၊ သူတို့သည် အကျွန်ုပ်တို့ကိုခဲနှင့်ပစ်ကြပါလိမ့်မည် မဟုတ်လော။”ဟုပြောခဲ့ကြောင်း တွေ့ရသည်။

နှစ်ပေါင်းရာချီ ထိုကဲ့သို့သော တရားစီရင်ခြင်းဆိုင်ရာ နည်းစနစ်အောက်တွင် အယူဝါဒသွတ်သွင်းခံရသဖြင့် ဣသရေလတို့သည် နောက်ပိုင်းတွင် မောရှေကိုပင် ကျောက်ခဲနှင့် ပစ်သတ်ချင်ခဲ့သည်အထိ ဖြစ်ခဲ့ကြသည်။

“လူများတို့သည် ရေငတ်၍ မောရှေကို အပြစ်တင် မြည်တမ်းလျက်၊ ငါတို့မှစ၍ သားသမီးတိရစ္ဆာန်တို့ကို အငတ်ထား၍ သတ်ခြင်းအလိုငှာ၊ အဲဂုတ္တုပြည်မှ အဘယ်ကြောင့် ဆောင်ခဲ့သနည်းဟု ဆိုကြ၏။ ထိုအခါ မောရှေသည် ထာဝရဘုရားအား အော်ဟစ်၍၊ ဤလူတို့အား အကျွန်ုပ်သည် အဘယ်သို့ ပြုရပါမည်နည်း။ အကျွန်ုပ်ကို ခဲနှင့် ပစ်လုကြပါပြီဟု လျှောက်လေ၏။” ထွက်မြောက်ရာ ၁၇: ၃၊ ၄

တပည့်တော်တို့၏ လူမျိုးရေးခွဲခြားစိတ်ကို ဖော်ပြရန် ခါနန်အမျိုးသမီးကို “တစ်ပါးအမျိုး၊ ခွေး”ဟု တပည့်တော်တို့ စိတ်ထဲယူဆသည်အတိုင်း ယေရှုခေါ်ခဲ့သကဲ့သို့ (မဿဲ ၁၅း ၂၆) ကျောက်ခဲနှင့်ပစ်သတ်ခြင်း ကဲ့သို့သော ရက်စက်ကြမ်းတမ်းသောအပြစ်ဒဏ်ကို မြင်ခြင်းအားဖြင့် ဣသရေလတို့ အမြင်ပွင့်လာစေရန် သူတို့စိတ်နှလုံးကို စကားပြောသည့်အနေဖြင့် ထိုအပြစ်ဒဏ်မျိုး ဘုရားသခင် ခွင့်ပြုထားခဲ့ခြင်းဖြစ်သည်။

မိမိအပြစ်ကို ဆင်ခြေပေးရန် သူတစ်ပါးကို ရက်ရက်စက်စက် အပြစ်တင်ခြင်း အပြစ်တရားသည် တိုးပွားလာသည်နှင့်အမျှ သူတို့သည် ဘုရားသခင်၏ ကရုဏာတော်ကို သိမြင်နားလည်လာ၍ ဘုရားသခင်၏ ခွင့်လွှတ်ခြင်းကို ခံယူကာ၊ ကရုဏာတော်အောက်၌ ခိုလုံသောသူများ ဖြစ်လာစေရန် ဘုရားသခင် ရည်ရွယ်ခဲ့သည်။ “ကရုဏာမရှိသောသူသည် ကရုဏာကင်းသော တရားစီရင်ခြင်းကို ခံရလိမ့်မည်။ ကရုဏာသည် တရားစီရင်ခြင်းအပေါ် အောင်ပွဲခံတတ်၏” ဟူသောအချက်ကို သူတို့သတိရစေရန်ဖြစ်သည်။ (ရှင်ယာကုပ် ၂း ၁၃)

ဘုရားသခင်က “သင်တို့သည် ငါ့ကို ကြားစေခြင်းငှါ ပြောကြသော စကားအတိုင်း သင်တို့ကို ငါပြုမည်။” (တောလည်ရာ ၁၄း ၂၈)ခု မိန့်ခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် လူသားအပေါ် ကျရောက်သော တရားစီရင်ခြင်းသည် လူသားက သူ့အတွက် ရွေးချယ်ထားသော တရားစီရင်ခြင်းသာဖြစ်ကြောင်း ဖော်ပြနေသည်။ ဘုရားသခင် မိန့်တော်မူခဲ့သည်မှာ “အကြင်ဣသရေလအမျိုးသားသည် ကိုယ်စိတ်နှလုံး၌ ကိုယ်ရုပ်တုတို့ကို တည်ထောင်၍၊ … ထိုသူ၌ ရုပ်တုများပြားသည်နှင့်အညီ ငါပြန်ပြောမည်။ ထိုသို့သောအားဖြင့်၊ ဣသရေလအမျိုးကို သူတို့ စိတ်သဘောရှိသည်နှင့်အညီ ငါဖမ်းမည်။ ထိုသူအပေါင်းတို့သည် မိမိတို့ရုပ်တုများကြောင့် ငါနှင့်ကွာဝေးကြပြီ။” (ယေဇကျေလ ၁၄း ၄-၅)

အထက်ပါကျမ်းချက်အားဖြင့် ဘုရားသခင်သည် ကျွန်ုပ်တို့အပြစ်ကို ဖော်ပြရန် ကျွန်ုပ်တို့၏အတွေးအကြံအတိုင်း ရောင်ပြန်ဟပ်၍ ကျွန်ုပ်တို့အတွေးအကြံအတိုင်း ကျွန်ုပ်တို့အပေါ် စီရင်ကြောင်း ထင်ရှားပါသည်။ ကျွန်ုပ်တို့ကို အပြစ်တင်စရာရှိစေရန် ထိုသို့ပြုခဲ့ခြင်းမဟုတ်ပါ။ ကျွန်ုပ်တို့၏ မိမိကိုယ်ကိုယ် ဖျက်ဆီးမည့်အတွေးအခေါ်၊ အပြုအမူများကို အဆုံးတွင် သိမြင်နားလည်ကာ သူထံလှည့်ပြန်၍ ပြန်လည်ကောင်းမွန်အောင် ကုသနိုင်ရန် ဖြစ်သည်။

နောက်တစ်ခါ ဘာသာရေးခေါင်းဆောင်တို့သည် ယေရှုကို ကွာရှင်းခြင်းပညတ်ဖြင့် အကွက်ဆင်ရန် ကြိုးစားကြပြန်သည်။

“ဖာရိရှဲတို့သည် အထံတော်သို့လာ၍ လူသည် ခပ်သိမ်းသောအပြစ်ကြောင့် မိမိမယားနှင့် ကွာအပ်သလောဟု စုံစမ်းနှောင့်ယှက်ခြင်းငှာ မေးလျှောက်ကြသော်၊ ကိုယ်တော်က၊ အစအဦး၌ ဖန်ဆင်းတော်မူသောသူသည် ယောက်ျားနှင့်မိန်းမနှစ်ယောက်တည်းကို ဖန်ဆင်းတော်မူ၏။ ထိုအကြောင်းကြောင့် ယောက်ျားသည် ကိုယ်မိဘကိုစွန့်၍ ကိုယ်ခင်ပွန်း၌မှီဝဲသဖြင့်၊ ထိုသူနှစ်ယောက်တို့သည် တသားတကိုယ်တည်းဖြစ်ရလိမ့်မည်ဟု ကျမ်းဆိုသည်ကို သင်တို့မဖတ်ဘူးသလော။ ထို့ကြောင့် လင်မယားတို့သည် နှစ်ဦးမဟုတ်၊ တစ်ဦးတည်းဖြစ်၏။ ဘုရားသခင်ဖက်စပ်၍ ထမ်းပိုးတင်တော်မူသောအရာကို လူမခွဲမခွာစေနှင့်ဟု မိန့်တော်မူ၏။ ဖာရိရှဲတို့ကလည်း၊ ထိုသို့မှန်လျှင် ဖြတ်စာကိုပေး၍ မယားနှင့်ကွာစေခြင်းငှာ မောရှေသည် အဘယ်ကြောင့်စီရင်သနည်းဟု လျှောက်ကြသော် ကိုယ်တော်က၊ သင်တို့စိတ်နှလုံးခိုင်မာသောကြောင့် မယားနှင့်ကွာရသောအခွင့်ကို မောရှေသည် စီရင်၏ အစအဦး၌ ထိုသို့မဟုတ်။” ရှင်မဿဲ ၁၉း ၃-၈

လင်မယားကွာရှင်းခြင်းပညတ်သည် ကျွန်ုပ်တို့၏ စိတ်နှလုံးခိုင်မာမှုကြောင့် ပေးထားခြင်းဖြစ်ကြောင်း တွေ့ရသည်။ အစအဦး၌ ကွဲရှင်းခွင့်မရှိကြောင်း ယေရှုပြောခဲ့သည်။ ထို့ကြောင့် အစအဦး၌ ကျောက်ခဲနှင့်ပစ်သတ်ခြင်းအပြစ်ဒဏ်လည်း မရှိဟု အလွယ်တကူပြောနိုင်ပါသည်။ အစအဦး၌ “မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံး” ဟူသော လက်တုံ့ပြန်သော အပြစ်ဒဏ်လည်း မရှိခဲ့တာ ဖြစ်နိုင်သည်။ ထိုအချက်ကလေးကို အခြားအခြေနေ အများအပြားတွင် အသုံးပြုနိုင်ပါသည်။ ဘုရားသခင်က “ထိုကြောင့်၊ မကောင်းသောစီရင်ချက်၊ အသက်မရှင်ရသော ထုံးဖွဲ့ချက်တို့ကို ငါပေး၏။”ဟု မိန့်တော်မူခဲ့ခြင်း ဖြစ်သည်။

ကျွန်ုပ်တို့၏ ရှေးဦးမိဘများသည် တားမြစ်အသီးကို စား၍ စာတန့် နိုင်ငံတော်၏ နည်းဥပဒေသများကို လက်ခံခဲ့သဖြင့် ပညတ်တော်နှင့်တရားစီရင်ခြင်းအပေါ် စာတန်၏ စိတ်သဘောထားများကိုလည်း ဆက်ခံခဲ့ရကြသည်။ စာတန်၏ တရားစီရင်ခြင်းသည် ကရုဏာလုံးဝမပါချေ။ ဘုရားသခင်အတွက်မူ အပြစ်တရားသည် အသက်ရှင်ခြင်းတရားအတွက် သူပုံစံချပေးထားသောလမ်းမှ သွေဖယ်ခြင်းဖြစ်သည်။ စာတန်အတွက်မူ အပြစ်တရားသည် သူ့စိတ်သဘောထားနှင့် ဆန့်ကျင်သောအရာအားလုံးဖြစ်သည်။ ထို့ကြောင့် ကျွန်တော်တို့သည်လည်း ကျွန်ုပ်တို့နှင့် သဘောထားမတိုက်ဆိုင်သူမှန်သမျှကို ကရုဏာမထားဘဲ သူတို့ပြစ်မှုအတိုင်း အပြစ်ပေးချင်သော စိတ်သဘောကို အမွေဆက်ခံ ရရှိကြခြင်းဖြစ်သည်။ ဤအကြောင်းကြောင့်ပင် ဣသရေလတို့သည် အီဂျစ်ပြည်ကျင့်သုံးသော ကျောက်ခဲနှင့်ပစ်သတ်ခြင်း အပြစ်ဒဏ်ကို နှစ်နှစ်ခြိုက်ခြိုက် ကျင့်သုံးကြခြင်းဖြစ်သည်။ ထိုအချက်က စာတန်၏ အကြင်တရားကင်းမဲ့သော စိတ်သဘောကို ထင်ရှားစေပါသည်။

ကျွန်ုပ်တို့ ကောင်းကင်ခမည်းတော်၏ စံသတ်မှတ်ချက်အတိုင်း မိတ်ဆွေအသက်ရှင်ချင်ပါသလား။ “သင်တို့သည် အကြင်တရားအတိုင်း သူတပါးကိုစီရင်ကြ၏ ထိုတရားအတိုင်းစီရင်ခြင်းကို ခံရကြမည်။” ရှင်မဿဲ ၇: ၁-၂

၁။ “မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံး”ဟူသော တရားစီရင်ခြင်းအကြောင်း ဖတ်ရှုရန်  What About the Retributive Justice of “An Eye For An Eye”? ဆောင်းပါးကို ဖတ်ပါ။

အပြစ်သိမြင်စေခြင်းနှင့် ဖြောင်မတ်ခြင်းတရားအကြောင်း ပိုမိုနက်နဲစွာ လေ့လာလိုလျှင်  The Conviction of Sin and Righteousness စာအုပ်ကို ဖတ်ပါ။

ယခုသင်ဖတ်နေကြောင် ဆောင်းပါးအကြောင်း ထပ်၍ ဖတ်ရှုလိုပါက Why Did God Command Stoning? အတိုချုပ် ဆောင်းပါးကို ဖတ်ရှုပါ။