ဧလိယကြောင့် စစ်သားများကို ဘုရားသခင် တကယ်မီးရှို့ဖျက်ဆီးခဲ့သလား။

တင်ထားသည် မေ 12, 2022 မှ Kevin J. Mullins အထဲ၌ ဘုရားသခင်သည်ချစ်ခြင်းမေတ္တာဖြစ်

English version: https://lastmessageofmercy.com/article/view/2-kings-19-10-didnt-god-send-fire-down-from-heaven-and-consume-the

“လူငါးကျိပ်အုပ်သော တပ်မှူးကိုစေလွှတ်၍၊ တပ်မှူးသည် တောင်ပေါ်မှာထိုင်သော ဧလိယထံသို့ ရောက်ပြီးလျှင်၊ အိုဘုရားသခင်၏လူ၊ သင်သည် ဆင်းရမည်အကြောင်း၊ ရှင်ဘုရင်အမိန့်တော်ရှိသည်ဟုဆို၏။ ဧလိယကလည်း၊ ငါသည် ဘုရားသခင်၏လူမှန်လျှင်၊ ကောင်းကင်ကမီးကျ၍ သင်နှင့်သင်၏လူ ငါးကျိပ် တို့ကို လောင်ပါစေဟု လူငါးကျိပ်အုပ်သော တပ်မှူးအားဆိုသည်အတိုင်း၊ ကောင်းကင်က မီးကျ၍ သူနှင့်သူ၌ ပါသောလူငါးကျိပ်တို့ကို လောင်လေ၏။ တဖန်လူငါးကျိပ်အုပ်သော တပ်မှူးတယောက်ကို ရှင်ဘုရင်စေလွှတ်၍၊ ထိုတပ်မှူးက၊ အိုဘုရားသခင်၏ လူ၊ သင်သည် အလျင်အမြန် ဆင်းရမည်အကြောင်း ရှင်ဘုရင် အမိန့်တော်ရှိသည်ဟုဆို၏။ ဧလိယကလည်း၊ ငါသည်ဘုရားသခင်၏ လူမှန်လျှင် ကောင်းကင်က မီးကျ၍ သင်နှင့်သင်၏လူငါးကျိပ် တို့ကို လောင်ပါစေဟု သူတို့အား ဆိုသည်အတိုင်း၊ ဘုရားသခင်၏မီးသည် ကောင်းကင်ကကျ၍ သူနှင့်သူ၌ ပါသောလူငါးကျိပ်တို့ကို လောင်လေ၏။” ဓမ္မရာဇဝင် တတိယစောင် ၁း ၉-၁၂

ဤအဖြစ်ပျက်သည် သူ့ပရောဖက်များအပေါ် အန္တရယ်ပြုသူများအား ဘုရားသခင် သတ်ဖြတ်ကြောင်း သက်သေတစ်ခုဖြစ်ပါသလား။ ဤပုံပြင်ကို ကောင်းစွာနားလည်နိုင်ရန် နောင်းပိုင်းနှစ်ပေါင်း ၇၀၀ အချိန်ကို ကျော်သွားကြပါစို့။ ဧလိယကောင်းကင်မှမီးကျစေသည့်အကြောင်း ကောင်းမြတ်သောဆရာ ဘယ်လိုပြောခဲ့လဲ ဆိုတာ လေ့လာကြရအောင်။

 

ယေရှုဘယ်လိုပြောခဲ့သလဲ။

ယေရှုနှင့်အတူသွားလာပေါင်းသင်းရင်း တပည့်တော်များက ယေရှုကို ချစ်ခင်လာကြသည်။ လူများအပေါ် ထားသည့် သူ့မေတ္တာတော်၊ ကရုဏာတော်ကို နေ့စဉ် မြင်တွေ့ရသည်သာမက ခမည်းတော်အကြောင်း သူပြောပြသည့်အရာများကို နေ့စဉ် နားထောင်ရကြသည်။ တစ်နေ့သောအခါ တစ်နေကုန်ပင်ပန်းစွာ အမှုတော်ဆောင်ပြီးနောက် ယေရှုက တပည့်တော်များကို ရှမာရိရွာတစ်ရွာ၌ ထိုညတည်းဖို့ အခန်းရှာခိုင်းခဲ့သည်။

“ကောင်းကင်သို့ဆောင်ယူခြင်းကို ခံတော်မူသောအချိန်ရောက်သောအခါ၊ ယေရုရှလင်မြို့သို့ ရှေးရှုကြွအံ့သောငှါ သဘောထားတော်မူ၏။ ရှေ့တော်သို့ တမန်တော်တို့ကို စေလွှတ်တော်မူသဖြင့်၊ သူတို့သည် ကိုယ်တော်၏အဘို့ကို ပြင်ဆင်ခြင်းငှါသွား၍ ရှမာရိရွာတရွာသို့ဝင်ကြ၏။ ကိုယ်တော်သည် ယေရုရှလင်မြို့သို့သွားအံ့သော အခြင်းအရာ ကို ထိုရွာသားတို့သည် ထောက်၍ လက်မခံကြ။” လုကာ ၉း ၅၁-၅၃

သူတို့သခင်ကို ရွာသားတို့လက်မခံကြောင်း သိရသောအခါ ဧည့်ဝတ်မသိတတ်မှုအတွက် တပည့်တော်တို့ မခံမရပ်နိုင်ဖြစ်ကြ၏။ ဒေါသအလွန်ထွက်လာကြကာ လူ့ဇာတိစိတ်သဘော၌ ကပ်ပါလာသော အမှောင်စိတ်ထားကို ဖော်ထုတ်မိခဲ့ကြသည်။

“ထိုအကြောင်းကို တပည့်တော်ယာကုပ်၊ ယောဟန်တို့သည်မြင်လျှင်၊ သခင်၊ ဧလိယပြုသကဲ့သို့ အကျွန်ုပ်တို့သည် ကောင်းကင်မှမီးကျစေ၍ ထိုသူတို့ကို လောင်စေခြင်းငှါ အလိုရှိတော်မူသလောဟု လျှောက်ကြ” သည် လုကာ ၉း ၅၄

ရှာမာရိရွာသားတို့ကို မီးရှို့သတ်ဖြတ်လိုသော သူတိုစိတ်ထားသည် သမ္မာကျမ်းစာအရ ဖြောင့်မတ်သောအလုပ်ဟု သူတို့ထင်နေဟန်ရှိသည်။ သူ့ကို အန္တရယ်ပြုလိုသူများအပေါ် ကောင်းကင်မှမီးကျ လောင်ကျွမ်းစေခဲ့သော ဧလိယပုံပြင်ကို သူတို့ကိုးကားခဲ့ကြသည်။ ထိုပုံပြင်ကိုအစွဲပြု၍ ထိုကျေးဇူးမသိတတ်သော ရှာမရိရွာသားများကို သေစေလိုသည့် သူတို့သဘောထားကို ဖြောင့်မတ်သောအရာသဖွယ် ထင်မှတ်ခဲ့ကြသည်။ သို့သော်လည်း ယေရှုတုံ့ပြန်ခဲ့သော စကားသည် သူတို့အတွက် အထူတဆန်းဖြစ်နေခဲ့ပါသည်။

“ယေရှုသည် လှည့်ကြည့်၍၊ သင်တို့သည် ကိုယ်စိတ်သဘောကို ကိုယ်မသိကြ၊ လူသားသည်လူတို့၏ အသက်ကို သတ်အံ့သောငှါ ကြွလာသည်မဟုတ်။ ကယ်တင်အံ့သောငှါကြွလာသည်ဟု ဆုံးမတော်မူပြီးမှ၊ အခြားသောရွာသို့ကြွတော်မူ၏။” လုကာ ၉း ၅၅, ၅၆

ထိုစကားလုံးများက ယေရှု၏ စာရိတ္တတော်အကြောင်းနှင့် သာသနာတော်အကြောင်း ဖော်ပြနေပါသည်။ ယေရှုသည် ဖျက်ဆီးသူမဟုတ်၊ ကယ်တင်သူဖြစ်သည်။ ယေရှုက တပည့်တော်များ၏ စိတ်ထားကို အပြစ်တင် ဆုံးမခဲ့သည်သာမက ဧလိယ အပြုအမူကိုလည်း အပြစ်တင်ခဲ့ကြောင်း ထင်ရှားပါသည်။ ဤအဖြစ်ပျက်နှစ်ကို သာမန်ကာလျှံကာ အပေါ်ယံမျှ ဖတ်ရှုလျှင် ယေရှုသည် ဤလောကသို့ လူသားများကို ကယ်တင်ရန် ကြွလာခဲ့သော်လည်း ဓမ္မဟောင်းအချိန်က ဘုရားသခင်သည် သူ့ပရောဖက်ကို ဖမ်းဆီးဝံ့သည့် လူသားများကို မီးရှို့ဖျက်ဆီးရန် အလွန်စိတ်အားထက်သန်သောဘုရားနှင့် တူနေပါသည်။ ယေရှုက တပည့်တော်များရဲ့ စိတ်သဘောကိုပဲ အပြစ်တင်ဆုံးမခဲ့တာလား။ ဧလိယရဲ့ အပြုမူကိုရော အပြစ်တင်ခဲ့သလား။ သူ့သာသနာတော်နှင့်ပတ်သက်၍ ကိုယ်တော်ပေးခဲ့သော အဖြေက ဧလိယကိုလည်း အပြစ်တင်ခဲ့ကြောင်း ညွှန်ပြနေပါသည်။ သူ့သာသနာတော်သည် လူသားများကိုကယ်တင်ရန်ဖြစ်သည်ဟု တပည့်အတော်တို့ကို အပြစ်တင်လျက်နှင့် အချို့အခြေနေများတွင်မူ လူသားများကို ဖျက်ဆီးပစ်မည်ဟု ဆိုပြန်လျှင် ရမလား။ အဲသလိုပြောလို့ရလျှင်လည်း ဒီလိုလုပ်ဖို့အချိန်မဟုတ်သေးဘူး။ သူတို့အတွက် အရင်ဆုတောင်းပေးရအောင်ဟု ပြောကောင်းပြောပါလိမ့်မည်။ ယေရှု၏ အဖြေထဲတွင် နောက်မှကလဲ့စားချေမည့် သဘောမျိုးမတွေ့ရပါ။ သူတို့ကို ဖျက်ဆီးပစ်ရန် မဆိုထားနှင့် လူသားတို့ အသက်ကယ်တင်ရန် ကြွလာခြင်းဖြစ်ကြောင်းကိုသာ ပြောခဲ့ပါသည်။

ဤအကြောင်းနှင့်ပတ်သက်၍ ဂျမ်းဘုရင်ဘာသာပြန်ကျမ်းက အခြားဘာသာပြန်ကျမ်းများကို အတော်လေး အရှက်ရစေပါသည်။ အကြောင်းမှာ များစွာသော ယနေ့ခေတ်ဘာသာပြန်ကျမ်းများ၌ ယေရှု၏စကားလုံးများကို မတွေ့ရချေ။

New International Version, Revised version တို့က ယေရှုပြန်ပြောသော စကားလုံးများကို ချန်ထားကြကာ “ယေရှုသည် လှည့်ကြည့်၍၊ ဆုံးမတော်မူပြီးမှ၊ အခြားသောရွာသို့ကြွတော်မူ၏။”ဟုသာ ဘာသာပြန်ထားသည်ကို တွေ့ရသည်။ ထိုကဲ့သို့သောကျမ်းများက ဘုရားသခင်၏ စာရိတ္တတော်အကြောင်း လေ့လာသည့်အခါ အလွန်နားလည်ရခက်ခဲစပါသည်။

မီးထဲ၌ ဘုရားသခင် ရှိတော်မမူ

ကျွန်တော်တို့ ဧလိယပုံပြင်ကို အနည်းငယ် ပြန်လေ့လာရန် လိုအပ်ပါသည်။ ကရမေလတောင်ပေါ်တွင် ဗာလပရောဖက်အပေါင်းကို ဧလိယအနိုင်ယူခဲ့သည့်အကြောင်း ကျွန်တော်တို့ မှတ်မိကြမည်ထင်ပါသည်။ သူသည်သာ တစ်ပါးတည်းသော၊ စစ်မှန်သော ဘုရားဖြစ်ကြောင်းသက်သေပြရန် ကောင်းကင်မှ မီးချ၍ ယဇ်ကောင်တို့ကို ဘုရားသခင် လောင်ကျွမ်းစေခဲ့သည်။ ဗာလဘုရားသည် အတုအယောင်ဘုရား၊ ရှိပင်မရှိသော ဘုရားဖြစ်သည့်အတွက် သူထံပူဇော်ထားသော ယဇ်ကောင်များ မီးမလောင်ခဲ့ချေ။ ဤအကြောင်းကို ဓမ္မရာဇဝင်တတိယစာစောင် အခန်းကြီး ၁၈တွင် ဖတ်နိုင်ပါသည်။ ထို့နောက် ဘုရားသခင်က ကျွန်ုပ်တို့၏ အဓိကမေးခွန်းနှင့်ပတ်သက်၍ အလွန်အရေးကြီးသောအချက်တစ်ချက်ကို ဧလိယထံ ဖော်ပြခဲ့ပါသည်။

“နှုတ်ကပတ်တော်ကလည်း ထွက်လော့။ ထာဝရဘုရား ရှေ့တောင်ပေါ်မှာရပ်နေလော့။ ထာဝရဘုရား လျောက်သွားမည်ဟုမိန့်တော်မူ၏။ ထိုအခါ အားကြီးသောလေပြင်းသည် တောင်ထိပ်တို့ကိုခွဲ၍၊ ထာဝရဘုရားရှေ့တော်၌ ကျောက်တို့ကိုချိုးဖဲ့၏။ သို့ရာတွင်ထာဝရဘုရားသည် လေ၌ရှိတော်မမူ။ လေနောက်မှာ မြေလှုပ်ခြင်းရှိ၏။ သို့ရာတွင် ထာဝရဘုရား သည် မြေလှုပ်ရှားခြင်း၌လည်းရှိတော်မမူ။ မြေလှုပ်ခြင်းနောက်မှာ မီးရှိ၏။ သို့ရာတွင် ထာဝရဘုရားသည် မီး၌လည်းရှိတော်မမူ၊ မီးနောက်မှာ ဖြည်းညှင်းသော အသံရှိ၏။” ၃ဓမ္မရာဇဝင် ၁၉း ၁၁-၁၂

ဧလိယထံ ဘုရားသခင်ဖော်ပြလိုသောအရာသည် ဘယ်အရာဖြစ်သနည်း။ ထိုအကြောင်းအရာကို အခြားကျမ်းတစ်နေရာတွင်လည်း တွေ့နိုင်သည်။

“ကောင်းကင်တမန်ကလည်း၊ ဇေရုဗဗေလသို့ ရောက်လာသော ထာဝရဘုရား၏ နှုတ်ကပတ်တော်ဟူ မူကား၊ ဤအမှုသည် ဗိုလ်ခြေအားဖြင့်မဟုတ်၊ အာဏာတန်ခိုးအားဖြင့်မဟုတ်၊ ငါ့ဝိညာဉ်အားဖြင့် ဖြစ်လိမ့်မည်ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။” ဇေဖနိ ၄း ၆

သူ့နိုင်ငံတော်ထဲဝင်နိုင်ရန် လူသားများကို စည်းရုံးရာတွင် ဘုရားသခင်သည် အာဏာမသုံးကြောင်း ဧလိယကို ပြောပြနေခြင်းဖြစ်ပါသည်။ လူသားများကို သမ္မာတရားဘက်လှည့်စေသောအရာသည် စိတ်နှလုံးသားထဲတွင် အလုပ်လုပ်သော ဖြည်းညှင်းသောအသံဖြစ်ပါသည်။ မီးထဲ၌ သူမရှိကြောင်း ပြောပြထားလျက်နှင့် ဧလိယကို ဖမ်းဆီးရန်လာကြသော လူပေါင်း ၁၀၂ ယောက်ကို အမှန်တကယ် မီးရှို့သတ်ဖြတ်ခဲ့လျှင် ဘုရားသခင်၏ သဘောထား ရှေ့နောက်ညီမည်မဟုတ်တော့ပါ။ ခေါင်းဆောင်တစ်ဦးနှင့် လူအယောက်ငါးဆယ် နှစ်ခါလာသည့်အတွက် လောင်ကျွမ်းသူ စုစုပေါင်း ၁၀၂ယောက်ဖြစ်ပါသည်။ ကရမေလတောင်ပေါ်တွင် ပူဇော်ထားသော ယဇ်ကောင်အတွက် မီးချလောင်ကျွမ်းစေခဲ့သူသည် ဘုရားသခင်ဖြစ်သည်မှာ မှန်ပါသည်။ ထိုသို့ မီးချခဲ့ခြင်းသည် လူ့အသက်သတ်ရန် မဟုတ်ဘဲ ကယ်တင်ရန် ချခဲ့ခြင်းဖြစ်သည်။ ထိုစဉ်လူများ၏ တုံ့ပြန်ပုံကို ကြည့်ခြင်းအားဖြင့် သိနိုင်ပါသည်။

“လူအပေါင်းတို့သည် မြင်လျှင် ပြပ်ဝပ်၍၊ ထာဝရဘုရားသည် ဘုရားသခင်ဖြစ်တော်မူ၏။ ထာဝရဘုရား သည် ဘုရားသခင်ဖြစ်တော်မူ၏ဟု ဝန်ခံကြ၏။” ၃ဓမ္မရာဇဝင် ၁၈း ၃၉

ဘုရင်ကြီး၏ စစ်သားများကို လောင်ကျွမ်းရန် ဧလိယ မီးခေါ်သည့်အချိန်တွင် သူ့အလိုတော်ကို လူသားများ လိုက်လျောက်စေရန် အတင်းကျပ်ပြုမည်မဟုတ်ကြောင်း ဘုရားသခင် ဖော်ပြထားပြီးဖြစ်သည်။ တတိယအုပ်စုမှ ခေါင်းဆောင်၏ ခယဝမ်တွားမှုသည် ဘုရားသခင်အလိုရှိသော ဆက်ကပ်မှုမျိုးမဟုတ်ချေ။

“တဖန်လူငါးကျိပ်အုပ်သော တတိယတပ်မှူးကို ရှင်ဘုရင်စေလွှတ်သဖြင့်၊ ထိုတပ်မှူးသည် တက်၍ ဧလိယရှေ့မှာဒူးထောက်လျက်၊ အိုဘုရားသခင်၏လူ၊ ကျွန်တော်အသက်နှင့် ကိုယ်တော် ကျွန် ဤလူငါးကျိပ်တို့၏ အသက်ကို နှမြောတော်မူပါ။” ၄ဓမ္မရာဇဝင် ၁း ၁၃

ထိုစစ်သား၏ ဒူးထောက်ခြင်းသည် ဧလိယ၏ ဘုရားကို ချစ်ကြောက်ရိုသေ၊ ကိုးကွယ်လို၍ ဒူးထောင်မှုမျိုး ဖြစ်နိုင်ပါ့မလား။ မဖြစ်နိုင်ပါ။ အသက်သေရမည်ကို ကြောက်ရွံ့သဖြင့် အသက်ချမ်းသာပေးရန် တောင်းဆိုနေခြင်းဖြစ်သည်။ အကယ်၍ ဘုရားသခင်သာ ထိုကဲ့သို့သော ကိုးကွယ်မှုမျိုးကို နှစ်သက်မည်ဆိုလျှင် လူအပေါင်းက သူ့ကိုချက်ချင်းကိုးကွယ်စေရန် ယေရှုကလည်း ဖာရိရှဲအချို့နှင့် ရောမစစ်သားအချို့အပေါ် ကောင်းကင်မှ မီးကျစေကောင်း ကျစေပါလိမ့်မည်။ သို့သော်လည်း ထိုကဲ့သို့သော ကိုးကွယ်မှုမျိုးသည် နှလုံးသား မှလာသော ကိုးကွယ်မှုမျိုးမဟုတ်၊ ကြောက်ရွံ့စိတ်ဖြင့်ကိုးကွယ်ခြင်းသာဖြစ်သည်။ ထို့ကြောင့် ထိုစစ်သားများကို လောင်ကျွမ်းစေခဲ့သည့် မီးထဲတွင် ဘုရားသခင်ရှိမနေပါ။ အကြောင်းမှာ ဘုရားသခင်သည် “ချစ်ခြင်းမေတ္တာ” ဖြစ်တော်မူ၏။  “ချစ်ခြင်းမရှိသောသူသည် ဘုရားသခင်ကိုမသိ။ အကြောင်းမူကား၊ ဘုရားသခင်သည် ချစ်ခြင်းမေတ္တာ ဖြစ်တော်မူ၏။ ချစ်ခြင်းမေတ္တာသည် ကြောက်ခြင်းသံဝေဂနှင့် မပေါင်းနိုင်ရာ။ သံဝေဂသည် ပူပန်ခြင်းဝေဒနာကို ဖြစ်စေသောကြောင့်၊ စုံလင်သောမေတ္တာသည် သံဝေဂကို ပယ်ရှားတတ်၏။ သံဝေဂရှိသောသူသည် မေတ္တာနှင့် မပြည့်စုံသေး။ ဘုရားသခင်သည် ငါတို့ကိုရှေးဦးစွာ ချစ်တော်မူသောကြောင့်၊ ငါတို့သည် ဘုရားသခင်ကိုချစ်ကြ၏။” ၁ယော ၄း ၈၊ ၁၈၊ ၁၉

 

ဧလိယ၏ ရည်ရွယ်ချက်နှင့် ဝန်ခံချက်

ထိုအဖြစ်အပျက်ကို ကျွန်ုပ်တို့ ဘယ်လိုနားလည်ရမလဲ။ ကျမ်းပိုဒ်ကို ဆင်ခြင်ကြရအောင်။

“အာခဇိမင်းသည် ရှမာရိမြို့၌ အထက်အခန်း ပြတင်းပေါက်မှ ကျ၍နာနေသောကြောင့်၊ ငါသည် ဤအနာမှ ထမြောက်မည်လောဟု ဧကြုန်မြို့၏ ဘုရား ဗာလဇေဗုပ်သို့ သွား၍ မေးမြန်းကြဟု မှာထား၍ သံတမန်တို့ကို စေလွှတ်လေ၏။” ၄ဓမ္မရာဇဝင် ၁း ၂

တပ်မှူးနှင့် စစ်သားတို့သည် ဧကြုန်မြို့၏ ဘုရား ဗာလဇေဗုပ်သို့ သွားရန် စေလွှတ်ခဲ့သော အာခဇိမင်းကြီး လက်အောက်ခံများဖြစ်သည်။ ဧကြုန်မြို့၏ဘုရားဆိုသည်မှာ စာတန်မှည့်ထားသော ဘုရားတုဖြစ်သည်။ ထိုသို့ ထိုဘုရားတုထံ အကူညီတောင်းခံခြင်းအားဖြင့် စာတန်၌ သူ့အပေါ် တရားစီရင်ပိုင်ခွင့် ပေးသည့်သဘော သက်ရောက်သွားသည်။

“အကြင်သူ၏အထံ၌ အစေခံကျွန်ဖြစ်ခြင်းငှါ သင်တို့ဝင်၍ အစေခံ၏၊ ထိုသူသည်သေခြင်းနှင့် ယှဉ်သော အပြစ်တရားဖြစ်စေ၊ ဖြောင့်မတ်ရာသို့ ရောက်ခြင်းနှင့်ယှဉ်သော နားထောင်ခြင်း တရားဖြစ်စေ၊ သင်တို့၏ သခင်ဖြစ်သည်ကို မသိကြသလော။” ရောမ ၆း ၁၆

အာခဇိဘုရင်ကြီးစေလွှတ်ခဲ့သော ထိုစစ်သာများသည် စာတန်၏ လုပ်ပိုင်ခွင့်အထဲ မိမိတို့ကိုမိမိ ထားရှိခဲ့ရ သော်လည်း ဧလိယသည် ဘုရားသခင်၏လူဖြစ်ကြောင်း သိထားကြသည်။ ကရမေလတော်ပေါ် အဖြစ်ပျက် များအကြောင်း ဣသရေလလူမျိုးအားလုံး သိကြသည်။ ဘုရားသခင်သည် ဧလိယနှင့်အတူရှိကြောင်းကိုလည်း မြင်တွေ့ခဲ့ကြသည်။ ဧလိယသည် ဘုရားသခင့်လူဖြစ်ကြောင်း သူတို့သိပြီးသည်မှန်လျှင် ဧလိယက ဘာကြောင့် “ငါသည်ဘုရားသခင်၏ လူမှန်လျှင် ကောင်းကင်က မီးကျ၍ သင်နှင့်သင်၏လူငါးကျိပ် တို့ကို လောင်ပါစေ” ဟု ပြောခဲ့သနည်း။ (၄ဓမ္မရာဇဝင် ၁း ၁၂) အဖြေကို နောက်ပိုင်းကျမ်းချက်များတွင် တွေ့နိုင်ပါသည်။

“ထာဝရဘုရား၏ ကောင်းကင်တမန်ကလည်း၊ သူနှင့်အတူ ဆင်းသွားလော့။ သူ့ကို မကြောက်နှင့်ဟု ဧလိယအားဆိုသည်အတိုင်း၊ ဧလိယသည်ထ၍ ရှင်ဘုရင် ထံသို့ ရောက်လျှင်၊” ၄ဓမ္မာရာဇဝင် ၁း ၁၅

ဧလိယကို မကြောက်နှင့်ဟု ကောင်းကင်တမန် ပြောခဲ့သည်။ ပြဿနာကို ကရမေလအဖြစ်ပျက်ဖြစ်ပြီး နောက်ပိုင်း အဖြစ်ပျက်တွင် တွေ့ရသည်။

“ဧလိယကလည်း၊ ဗာလ၏ပရောဖက်တို့ကို ဖမ်းဆီးကြလော့။ တယောက်ကိုမျှ မလွတ်စေနှင့်ဟုစီရင် သည်အတိုင်း၊ သူတို့ကို ဖမ်းဆီး၍ ဧလိယသည် ကိရှုန်ချောင်းသို့ ယူသွားပြီးလျှင် ကွပ်မျက်လေ၏။” ၃ဓမ္မရာဇဝင် ၁၈း ၄၀

ဗာလပရောဖက်များကို မသတ်မီ ရှင်ဘုရင်နှင့် သူ့လူများရှေ့တွင် ဧလိယ မကြောမရွံ့၊ ရဲရဲဝံ့ဝံ့ သွားလာရဲသည်။ ရှင်ဘုရင်ရှေ့တော်တွင် သွားရောက်ကာ မိုးမရွာမည့်အကြောင်း ပြောခဲ့သည့်အတွက် သုံးနှစ်လုံးလုံး အမဲလိုက်ခံခဲ့ ရသည်။ ထိုအဖြစ်ပျက်များ၌ ဧလိယ၏ ကြောက်ရွံ့မှုအကြောင်း မတွေ့ရချေ။ ဗာလပရောဖက်များကို ဓားဖြင့် ကွက်မျက်ခဲ့ပြီးနောက် ဧလိယ၏ ကြောက်ရွံ့မှုအကြောင်း တွေ့ရသည်။

“ယေဇဗေလက၊ နက်ဖြန်နေ့ယခုအချိန်ရောက်မှ၊ သင့်အသက်သည် ထိုပရောဖက်တို့၏ အသက်ကဲ့သို့ ငါမဖြစ်စေလျှင်၊ ဘုရားတို့သည် ငါ၌ထိုမျှမကပြုပါစေသောဟု တမန်ကို ဧလိယထံသို့စေလွှတ်၍ ကြားလိုက်၏။ ထိုအခါ ဧလိယသည်ကြောက်သဖြင့်၊ ထ၍ အသက်လွတ်အောင် ယုဒခရိုင် ဗေရရှေဘမြို့သို့သွား၏။ ထိုမြို့၌ ကျွန်ကို ထားခဲ့၍၊” ၃ဓမ္မရာဇဝင် ၁၉း ၂-၃

ရွှေပညတ်၏ ဆန့်ကျင်ဘက်သဘောတရား ရှိနေကြောင်း ဤနေရာတွင် ကျွန်ုပ်တို့တွေ့ရသည်။ “သူတစ်ပါးအပေါ် သင်ပြစ်မှားသည်အတိုင်း သူတစ်ပါးသည် သင့်အပေါ်တုံ့ပြန်လိမ့်မည်” ဟူသော သဘောမျိုးဖြစ်သည်။ ကာဣနကြုံတွေ့ခဲ့ရသည့် အတွေ့ကြုံနှင့်တူပါသည်။

“ကာဣနကလည်း အကျွန်ုပ်အပြစ်သည် မဖြေနိုင်အောင် ကြီးပါသလော။ အကျွန်ုပ်ကို မြေကြီးပြင်မှ ယနေ့ နှင်ထုတ်တော်မူပြီ၊ မျက်နှာတော်ကိုလည်း မမြင်ရ။ မြေကြီးပေါ်မှာ ပြေးရသောသူ၊ အရပ်ရပ်လည်ရသော သူဖြစ်ပါရမည်။ တွေ့သမျှသော သူတို့သည် အကျွန်ုပ်ကို သတ်ပါလိမ့်မည် ဟု ထာဝရဘုရားကို လျှောက်ဆို၏။” ကမ္ဘာဦးကျမ်း ၄း ၁၃-၁၄

ယေဇဗေလလက်မှ ဧလိယလွှတ်မြောက်ပြီးနောက် ထူးဆန်းသော စကားတစ်ချို့ သူပြောခဲ့သည်။

“သူ့ကိုယ်တိုင်သည် တောသို့ တနေ့ခရီးသွားပြီးလျှင်၊ ရသမ်ပင်အောက်သို့ရောက်၍ ထိုင်လေ၏။ ထိုအခါကိုယ်အသက် သေရမည်အကြောင်း ဆုတောင်းလျက်၊ အိုထာဝရဘုရား၊ ယခုတန်ပါ၏။ အကျွန်ုပ် အသက်ကို သိမ်းယူတော်မူပါ။ အကျွန်ုပ်သည် ဘိုးဘေးတို့ ထက်သာ၍ မကောင်းပါဟု မြည်တမ်းပြီးလျှင်၊” ၃ဓမ္မရာဇဝင် ၁၉း ၄

အသက်လွတ်အောင်ပြေးခဲ့သော ဧလိယက ယခု ဘုရားသခင်ထံ အသက်သေရမည့်အကြောင်း တောင်းဆိုပြန် သည်။ “အကျွန်ုပ်သည် ဘိုးဘေးတို့ ထက်သာ၍ မကောင်းပါ”ဟုလည်း ညည်းတွားခဲ့သည်။ ဘယ်လို သဘောနဲ့ ပြောတာဖြစ်မလဲ။ အကြောင်းရင်းကို နောက်ပိုင်းတွင် တွေ့ရသည်။

“ဥမင်ထဲသို့ဝင်၍ နေ၏။ ထာဝရဘုရား၏ နှုတ်ကပတ်တော် ရောက်လာသည်ကား၊ ဧလိယ၊ သင်သည် ဤအရပ်၌ အဘယ်သို့ပြုလျက်နေသနည်းဟု မေးတော်မူ၏။ ဧလိယကလည်း၊ အကျွန်ုပ်သည် ကောင်းကင် ဗိုလ်ခြေအရှင် ဘုရားသခင်ထာဝရဘုရားဘက်၌ အလွန် စိတ်အားကြီးပါပြီ။ အကြောင်းမူကား၊ ဣသရေလအမျိုးသားတို့သည် ကိုယ်တော်၏ပဋိညာဉ်တရားကို စွန့်ပြီးလျှင်၊ ကိုယ်တော်၏ယဇ်ပလ္လင်များကို ဖြိုဖျက်၍ ကိုယ်တော်၏ ပရောဖက်များကို ဓားနှင့်သတ်ကြပါပြီ။ အကျွန်ုပ်တယောက်တည်း ကျန်ရစ်၍၊ အကျွန်ုပ်အသက်ကို ပင်သတ်ခြင်းငှါ ရှာကြပါသည်ဟု လျှောက်လေ၏။” ၃ဓမ္မရာဇဝင် ၁၉း ၉-၁၀

ပထမချက်အနေဖြင့် ဣသရေလတို့၏ ဖောက်ပြန်၊ ပျက်စီးမှုများအကြောင်း၊ ပရောဖက်များကို ဓားဖြင့်သတ် ဖြတ်သည့်အကြောင်း ဘုရားသခင်ထံ တိုင်တန်းခဲ့သည်။ နိုင်ငံတော်သည် သူ့ဖက်ပါမှ ရပ်တည်၍ နိုင်ငံတော် ပြန်လည်တည်ထောင်သည့် လုပ်ငန်းများတွင် သူ့ကို ကူညီမည်ဟု သူမျှော်လင့်ခဲ့သည်။ ယေဇဗေလက သူ့ကို ခြိမ်းခြောက်သည့်အခါ လူအပေါင်းသည် သူ့ဖက်၌ရပ်တည်ပေးကာ သူမကို တိုက်ခိုက်ပေးလိမ့်မည်ဟု သူထင်ခဲ့သည်။ သို့သော် သူ့ဖက်၌ မည်သူမျှမရှိ။ အရာအားလုံး အချည်းနှီးသက်သက်ဟု သူ ခံစားလာသည်။

ဒုတိယချက်အနေဖြင့် ဗာလပရောဖက်များကို သတ်ရသည့်အကြောင်းရင်းကို တွေ့ရသည်။ သူတို့သည် ဘုရားသခင်၏ ပရောဖက်များကို ဓားဖြင့်သတ်ခဲ့ကြသည်။ မောရှေ၏ ပညတ်အရ ရုပ်တုကိုးကွယ်မှုအတွက် ပြစ်ဒဏ်သည် ကျောက်ခဲဖြင့်ပစ်သတ်ခြင်းဖြစ်သည်။ တရားဟောရာကျမ်း ၁၇: ၂-၇အရ ဓားဖြင့် ကွက်မျက်ခြင်းတော့ မဟုတ်ချေ။ နောက်ပိုင်းကျမ်းပိုဒ်တွင် ထိုအပြစ်ဒဏ်ကို နည်းစနစ်တကျ ပေးရန် ညွှန်ကြားချက်များ တွေ့ရသည်။ သို့သော်လည်း ထိုကဲ့သို့ရက်စက်သော အပြစ်ဒဏ်ကို ဘုရားသခင် သတ်မှတ်ရသည့်အကြောင်း တိတိကျကျ မသိရပေ။ ဤအကြောင်း ပိုမိုပြည့်စုံစွာ သိလိုလျှင် “ဘာကြောင့် ကျောက်ခဲဖြင့် ရက်ရက်စက်စက် ပစ်သတ်ခြင်း အပြစ်ဒဏ် ဘုရားသခင်ချမှတ်ရသနည်း” ဆောင်းပါးကို ဖတ်ပါ။

ရှောလုနှင့်အာမလက်လူတို့အကြောင်း လေ့လာကြည့်လျှင် သူစကားပြောနေသည့် အပြစ်သား၏ စိတ်နှလုံးတွင် ဘာတွေရှိနေကြောင်း ဘုရားသခင် ဖော်ထုတ်ခဲ့သည်ကို တွေ့ရသည်။ ဘုရားသခင်သည် “အမျိုးအစဉ်အဆက်၊ တတိယအဆက်၊ စတုတ္ထအဆက် တိုင်အောင်၊ အဘတို့၏ အပြစ်ကို သားတို့၌ ဆပ်ပေးစီရင်သောဘုရား၊” (ထွက်မြောက်ရာ ၂၀: ၅)ဖြစ်သည်။ ထိုစကား၏ အနက်အဓိပ္ပာယ်မှာ ဘုရားသခင်သည် အပြစ်ကို အပြစ်ပေးသည့် သဘောဖြစ်သွားစေရန် အကြောင်းတရားအတွက် အကျိုးဆက်များ ဖြစ်ပွားသက်ရောက် စေခြင်းကို ဆိုလိုပါသည်။ အသေးစိတ်သိရှိရန် “မေတ္တာရှင် ဘုရားသခင်သည် အဘယ့်ကြောင့် ရှင်ဘုရင်ရှောလုအား ကလေး၊မိန်းမ၊ယောကျ်ားအပေါင်းကို အသေသတ်စေခဲ့သနည်း။” ဆောင်းပါးကို ဖတ်ပါ။

ကျွန်ုပ်ပြောလိုသောအချက်မှာ ရုပ်တုကိုးကွယ်ခြင်းကို အပြစ်ပေးခြင်းနှင့်ပတ်သက်၍ ကျမ်းစာထဲတွင် ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများကို ဧလိယမလိုက်နာခဲ့ချေ။ ဧလိယအနေဖြင့် စစ်မှန်သော၊ တစ်ပါးတည်းသောဘုရားရှင်ကို ဘုန်းကြီးစေလိုသည် မှန်သော်လည်း သူအသုံးပြုသည့် နည်းလမ်း မှားယွင်းနေပါသည်။ ဤအချက်သည် တပည့်တော်တို့အကြောင်းနှင့် ဆက်စပ်နေပါသည်။ သူတို့သခင်ကို ချစ်မြတ်နိုး၍ ဘုန်းထင်ရှားစေလိုသည်မှာ မှန်သော်လည်း သူတို့ ချစ်ပုံချစ်နည်းသည် စာတန်ကြောင့် ဖောက်ပြန်နေခဲ့သည်။ သူတို့အလိုဆန္ဒအတိုင်း ဖြစ်မလာသည့်အခါ တုံ့ပြန်ကလဲ့စားလိုသော စိတ်သဘော ထွက်လာ၏။ ထို့ကြောင့် တပည့်တော်တို့၏ စိတ်သဘောထားသည် ဧလိယနှင့် တူနေပါသည်။

“ဧလိယသည် ငါတို့ကဲ့သို့ လောကဓံတရား၌ ကျင်လည်သောသူ”ဖြစ်ပါသည်။ (ယာကုပ်၅း ၁၇)

ဗာလပရောဖက်များ သေသင့်သည်ကို ဧလိယသိနေခဲ့သည်။ အခြားတစ်ဖက်မှ ကြည့်လျှင် သူတို့သည် အသက်၏အရင်းမြစ်ကို ငြင်းပယ်လျက် နောင်တမရကြသောကြောင့် ဘုရားသခင်သည် သူတို့ရွေးချယ်မှုအတိုင်း ပျက်စီးခြင်းကို ခွင့်ပြုပေးရသည်။ အခြားတစ်ဖက်မှ ကြည့်လျှင် ထိုကိစ္စအပေါ် ဧလိယ၏ တုံ့ပြန်မှုသည် ဘုရားသခင့် အစီစဉ်အတိုင်း မဟုတ်ခဲ့ချေ။ သူ့ဇာတိသဘောမှ ထွက်လာသော ကလဲ့စားလိုသည့် အလိုဆန္ဒသည် အပြစ်ရှိသော ဗာလပရောဖက်များကို ကွက်မျက်စေခဲ့သည်။ ဧလိယ၏ မိုက်မဲသော အပြုအမူကြောင့် ကိစ္စများရှုပ်ထွေးသွားသည်။ ဘုရားသခင့် အလိုတော်ဖြစ်ရမည်ဟု အထင်နှင့် ယုံကြည်ခြင်းအားဖြင့် သူပြုခဲ့သည်။ သူ့အပြုမူသည် ယေရှုသတိပေးခဲ့သည့် တပည့်တော်များ၏ အပြုမူနှင့် တူနေပါသည်။

“သင်တို့သည် စိတ်မပျက်စေခြင်းငှါ ဤစကားကို ငါဟောပြော၏။ လောကီသားတို့သည် သင်တို့ကိုတရားစရပ်မှ နှင်ထုတ်လိမ့်မည်။ သင်တို့ကိုသတ်သောသူ မည်သည်ကား၊ ဘုရားဝတ်ကို ငါပြုပြီဟု မိမိထင်မှတ်သောအချိန် ကာလရောက်လိမ့်မည်။ ခမည်းတော်ကိုမသိ၊ ငါ့ကိုလည်း မသိသောကြောင့် ထိုသို့ပြုကြလိမ့်မည်။” ယောဟန် ၁၆း ၁-၃

ဘုရားသခင်က ဧလိယကို အပြစ်မတင်ခဲ့ပါ။ ဘုရားသခင်က ဘယ်သူ့ကိမှ အပြစ်မတင်ဖူးပါ။ သို့သော်လည်း ဧလိယနောင်တရစေရန် သူ့အလုပ်ရပ်အတွက် အကျိုးဆက်ခံစားစေခဲ့သည်။ ဤသဘောတရားကို ရှင်ပေါလုက “ထိုသူ၏ဝိညာဉ်သည် ယေရှုခရစ်၏နေ့ရက်၌ ကယ်တင်ခြင်းသို့ ရောက်မည်အကြောင်း၊ သူ၏ကိုယ်ခန္ဓာ ပျက်စီးဖို့ရာ သူ့ကိုစာတန်လက်သို့ အပ်နှံကြစေဟု ငါစီရင်၏။” (၁ကော ၅း ၅)ဟုရေးသားထားပါသည်။ ကျွန်ုပ်တို့အားလုံးကို ဘုရားသခင် လမ်းပြပို့ဆောင်ခဲ့သည်နည်းတူ ဘုရားလုပ်ဆောင်ပေးမည့် အရာများကို ကိုယ့်သဘောအတိုင်း အကောင်ထည်ဖော်တတ်သည့် ပဋိညာဉ်အဟောင်း စိတ်သဘောထားမှ ဘုရားသခင်လုပ်ဆောင်ပေးမည့်ဟု ကတိပေးထားသည့်အရာကို မစွက်ဖက်ဘဲ အာဗြဟံကဲ့သို့ ဘုရားသခင့် လက်ထဲ၌ လုံးလုံးလျားလျား ယုံကြည်အပ်နှံတတ်သော အသစ်သောပဋိညာဉ်၏ စိတ်သဘောထားဆီသို့  ဧလိယကို လမ်းပြပို့ဆောင်ခဲ့ပါသည်။ (ရောမ ၄း ၁၈-၂၂)

သေရမည်ကို မကြောက်စဖူး ရုတ်တရက်ကြောက်လာသည့်အချက်က အပြစ်၏အကျိုးဆက် သက်သေဖြစ်ပါ သည်။ စစ်သားများ သူ့ထံလာသောအခါ ဧလိယ ကြောက်ရွံ့နေခဲ့သည်။ ဓားဖြင့်အသက်သတ်သည့်အတွက် ဓားဖြင့်အသက်ဆုံးမည်ကို ကြောက်ရွံ့ခဲ့သည်။ ဗာလပရောဖက်များအပေါ် သူပြုသည့်အတိုင်း ယေဇဗေလ သူ့အပေါ် တုံ့ပြန်တော့မည်ဖြစ်သည်။ ယေဇဗေလကို ကြောက်ရွံ့သည့်အချက်က “သွေးကြွေးအတွက်လက်စား ချေပေးသူ”သည် သူ့နောက်လိုက်လာသည်ဟု ယုံကြည်ခဲ့ကြောင်း ထင်ရှားစေသည်။ (တရားဟောရာကျမ်း ၁၉း ၁၂၊ ယောရှု ၂၀) သူစိုက်သည့်အတိုင်း ရိတ်သိမ်းရသည် မဟုတ်လော။

သမ္မာကျမ်း၌ သူရဲကောင်းများအဖြစ် မှတ်တမ်းတင်ခံထားရသူများက ပတ်ဝန်းကျင်၏ လွှမ်းမိုးမှု၊ ရိုးရာဓလေ့ ထုံးတမ်းများ၊ အသိပညာ၊ အတွေ့အကြုံ၊ မရင့်ကျက်မှုစသည့် ကန့်သတ်နှောင့်ယှက်မှုများကြောင့် ဘုရားသခင် အကြောင်း အပြည့်အဝနားမလည်ခဲ့ကြပါ။ အပြစ်ကင်းစင်သူများလည်း မဟုတ်ခဲ့ကြပါ။ သို့ဖြစ်လျှင် အဘယ်ကြောင့် ဖြောင့်မတ်သောသူ၊ ယုံကြည်ခြင်းနှင့် ပြည့်ဝသူများအဖြစ် မှတ်တမ်းတင်ခံရကြသနည်း။ ရှင်ပေါလုက “ဘုရားသခင်သည် မိုက်မဲသော အချိန်ကာလတို့ကို အမှုမထားဖူးသော်လည်း၊ ယခုမှာ ကိုယ်အပြစ်ကို မြင်၍ နောင်တရကြလော့” ဟုပြောခဲ့ပါသည်။ (တမန်တော် ၁၇: ၃၀၊ ၃၁) သားတော်အားဖြင့် ဘုရားသခင်၏ စစ်မှန်သောစာရိတ္တတော် အပြည့်စုံစွာ ထင်ရှားပြီးဖြစ်သည်။ ယေရှုက ခမည်းတော်သည် အစဉ်သနားကြင်နာတတ်သောကြောင့် သူ့ကိုမုန်းတီးသူများအပေါ် မေတ္တာထား၍ သူ့ရန်သူများကို ချစ်တော်မူကြောင်း ကျွန်ုပ်တို့ကို သွန်သင်ထားပါသည်။ (လုကာ ၆း ၂၇-၃၆ကိုဖတ်ပါ) အကြောင်းမှာ “ဖြောင့်မတ်သောသူတို့၏ လမ်းသည် မိုးစင်စင်လင်းသည့်တိုင်အောင် ပို၍ပို၍ထွန်းလင်းလာသည့် အရုဏ်ဦး၏ အလင်းရောင်ကဲ့သို့ဖြစ်၏” (သုတ္တံ့ ၄း ၁၈)

ဘုရားသခင်က ဧလိယကို ပြန်လည်ဆင်ခြင်ခွင့်ပေးခဲ့သည်။ ဤယုံကြည်ခြင်းလူသားကို လူသားမျိုးနွယ်အတွက် ယောဘကဲ့သို့ သင်ခန်းစာယူစရာအဖို့ အသုံးပြုခဲ့သည်။ ယောဘ၊ ဧလိယတို့၏ ထမ်းပိုးသည် အလွန်လေးလံ သည့်တိုင်အောင် အထူးခေါ်တော်မူခြင်းအတွက် သူတို့ပေးဆပ်ရသည့်အရာများဖြစ်သည်။

မီးကျစေတာ ဘယ်သူလဲ

တပ်မှူးတို့အနေဖြင့် ဧလိယသည် ဘုရားသခင်၏လူဖြစ်ကြောင်း သံသယမရှိကြသော်လည်း ဧလိယကိုယ်တိုင် ကမူ အသက်ဘေး ကြောက်သည့်စိတ်၊ ဘိုးဘေးများထက် သာ၍မကောင်းဟူသော အပြစ်ရှိစိတ်ဖြင့် နပန်းလုံးနေခဲ့သည်။ ထိုသံသယစိတ်ကို စာတန်အသုံးပြု၍ ထိုကဲ့သို့သော စကားလုံးများကို ပြောထွက်စေခဲ့သည်။

“ငါသည် ဘုရားသခင်၏လူမှန်လျှင်၊ ကောင်းကင်ကမီးကျ၍ သင်နှင့်သင်၏လူ ငါးကျိပ် တို့ကို လောင်ပါစေ” ၃ဓမ္မရာဇဝင် ၁း ၁၀

ယေရှုထံ စာတန်ပြောခဲ့သည့် စကားလုံးများနှင့် တူနေသည်။

“ကိုယ်တော်သည် ဘုရားသခင်၏သားတော် မှန်လျှင်၊ ဤကျောက်ခဲတို့ကို မုန့်ဖြစ်စေခြင်းငှါ အမိန့်ရှိတော်မူပါ” မဿဲ ၄း ၃

ဘုရားသခင့် လူဖြစ်ကြောင်း သက်သေပြရန် ဘုရားသခင်၏ တန်ခိုးတော်ကို အသုံးပြုခြင်းသည် ယုံကြည်ခြင်းကင်းမဲ့မှုဖြစ်သည်။ ဘုရားသခင် ကျွန်ုပ်တို့ကို ပြောပြခဲ့ပြီးသည့်အတိုင်း ကျွန်ုပ်တို့သည် ဘုရားသခင်၏ သားသမီးဖြစ်ကြောင်းကို ယုံကြည်စိတ်ဖြင့် ယုံကြည်လိုက်ရန်ဖြစ်သည်။ ဘုရားသခင်၏ သားတော်မှန်လျှင် အစချီသော စာတန်၏ စုံစမ်းမှုမတိုင်မီ ရက်ပေါင်းလေးဆယ်ခန့်က ယေရှု အောက်ပါ စကားများကို ကြားခဲ့ပြီးဖြစ်သည်။

“ဤသူကား ငါနှစ်သက်မြတ်နိုးရာ၊ ငါ၏ချစ်သားပေတည်းဟု ကောင်းကင်က အသံတော်ဖြစ်လေ၏။” မဿဲ ၃း ၁၇

ဘုရားသခင်၏သားတော်ဖြစ်ကြောင်း တန်ခိုးပြ၍ သက်သေပြရန်မလိုပါ။ ယုံကြည်ခြင်းဖြင့် သူသိပြီးဖြစ်သည်။ ခမည်းတော်ပြောခဲ့သော စကားလုံးများကို ယုံကြည်သည့်အတွက် “လူသည် မုန့်အားဖြင့်သာ အသက်ကိုမွေးရမည်မဟုတ်။ ဘုရားသခင် မိန့်တော်မူသမျှအားဖြင့် အသက်ကိုမွေးရမည်” ဟု စာတန်ကို ပြန်ပြောခဲ့သည်။ ကောင်းကင်မှ မီးကျစေခဲ့သောကြောင့် ဧလိယစိတ်ထဲတွင် သံသယစိတ်ရှိနေကြောင်း သိနိုင်သည်။ ထိုတန်ခိုးပြခြင်းကြောင့် လူပေါင်း ၅၀ အတွက် အကျိုးရှိခဲ့ပါသလား။ ဧလိယသည် ဘုရားသခင့်လူ ဖြစ်ကြောင်း သိရှိပြီးသော ထိုစစ်သားတို့ကို ပိုယုံကြည်လာစေခဲ့ပါသလား။ သံသယစိတ်ရှိနေသူသည် ဧလိယကိုယ်တိုင်ဖြစ်သည်။ ထိုသံသယစိတ်ကြောင့် ဘုရားသခင်သည် မီး၌မရှိသည်ကို သူမေ့သွားခဲ့သည်။ ကောင်းကင်မှ ထိုစစ်သားများအပေါ် မီးခေါ်ရန် စာတန်၏ အကြံပေးစကားက သူ့ကိုအနိုင်ယူသွားခဲ့သည်။

စာတန်က ကောင်းကင်မှ မီးကျစေ၍ လူများကိုလောင်ကျွမ်းစေသည့် သာဓကရှိပါသလား။ ရှိပါသည်။ ယောဘဝတ္ထုတွင် တွေ့နိုင်ပါသည်။

“ထာဝရဘုရားကလည်း၊ သူ၏ဥစ္စာရှိသမျှသည် သင့်လက်၌ရှိ၏။ သူ့ကိုယ်တခုကိုသာ မထိမခိုက်နှင့်ဟု မိန့်တော်မူလျှင်၊ စာတန်သည် ထာဝရဘုရားထံတော်မှ ထွက်သွားလေ၏။ … ထိုသို့လျှောက်စဉ်တွင်၊ အခြားသောသူတယောက်သည်လာ၍၊ ဘုရားသခင်၏မီးသည် မိုဃ်းကောင်းကင်မှ ကျသဖြင့်၊ သိုးများနှင့် လူစောင့်များတို့ကို လောင်၍သူတို့သည်ကျွမ်းကုန်ကြပါပြီ။ ကျွန်တော်တယောက်တည်း ကျန်ရစ်လျက်၊ ကိုယ်တော်အား သတင်းကြားပြောရပါသည်ဟုလျှောက်လေ၏။” ယောဘ ၁း ၁၂၊ ၁၆

ဤကျမ်းချက်တွင် ကောင်းကင်မှမီးကျစေသောသူသည် စာတန်ဖြစ်ကြောင်း ကျွန်တော်တို့ သိနိုင်သည်။ သို့သော်လည်း သတင်းပေးသူက ဘုရားသခင်ကျစေသည်ဟု အထင်မှားခဲ့သည်။ ဧလိယအချိန်တွင် ကျခဲ့သောမီးကိုလည်း ကျွန်ုပ်တို့ အထင်မှားခဲ့ခြင်း မဖြစ်နိုင်ဘူးလား။ ယေရှုဒုတိယအကြိမ် မကြွလာမီကလေး တွင် ထိုကဲ့သို့ အထင်မှားခြင်းမျိုး ထပ်မံဖြစ်ပွားပါလိမ့်မည်။

“အခြားသော သားရဲတကောင်သည်၊ သိုးသငယ်၏ ချိုနှင့်တူသော ချိုနှစ်ချောင်းရှိ၍၊ နဂါးကဲ့သို့ စကားပြောလျက်၊ မြေကြီးထဲက ထွက်သည်ကို ငါမြင်၏။ ထိုသားရဲသည် သူ့အရင်ဖြစ်သော ပဋ္ဌမသားရဲ၏ အာဏာစက်ရှိသမျှကို သုံးစွဲ၏။ သေစေသော ဒဏ်ချက်ပျောက်ခဲ့ပြီးသော ပဋ္ဌမသားရဲကို မြေကြီးမှစ၍ မြေကြီးသားတို့သည် ကိုးကွယ်စေခြင်းငှါ ပြု၏။ ကြီးစွာသော နိမိတ်လက္ခဏာတို့ကိုလည်းပြ၏။ လူတို့မျက်မှောက်၌ ကောင်းကင်က မြေကြီးအပေါ်သို့ မီးကို ဆင်းစေ၏။ ပဌမသားရဲရှေ့၌ ပြပိုင်သောနိမိတ်လက္ခဏာတို့အားဖြင့် မြေကြီးသားတို့ကို လှည့်ဖြား၏။ ဓားနှင့် ခုတ်သောဒဏ်ချက်ကို ခံရ၍ အသက်ရှင်သေးသော သားရဲ၏ ရုပ်တုကို လုပ်စေခြင်းငှါ မြေကြီးသားတို့ကို မှာထား၏။” ဗျာဒိတ် ၁၃း ၁၁-၁၄

ဧလိယအချိန်တွင် တကယ့်မီးကို လူတွေမြင်တွေ့ရကြသည်။ နောက်ဆုံးသောကာလတွင် ဝိညာဉ်ရေးရာ မီးကို ကျွန်တော်တို့ တွေ့ရလိမ့်မည်။ ထိုမီးကျစေခြင်းသည် ဘုရားသခင်၏ ဝိညာဉ်တော်စေလွှတ်သော မီးဟု လူအပေါင်းကို လိမ်လည်ရန် ကျစေသောမီးဖြစ်ပါသည်။ သို့သော်လည်း အမှန်မှာ ထိုအရာများကို ဖြစ်စေသူသည် “နိမိတ်လက္ခဏာတို့ကိုပြသော နတ်ဆိုး၏ ဝိညာဉ်”ဖြစ်သည်။ (ဗျာဒိတ် ၁၆း ၁၄) ဤကြောင်းများ ထပ်၍ အသေးစိတ်လေ့လာရန် “ပရောဖက်ပြုချက်များအပေါ် မေးခွန်းများ” (Questions Concerning Bible Prophecy) ကိုလေ့လာပါ။

ကျန်ရှိသေးသော မေးခွန်းများ

အဖြေရှာရန် လိုအပ်သည့် မေးခွန်းတစ်ချို့ ကျန်နေပါသေးသည်။ သံသစိတ်ကို အသုံးပြု၍ စာတန်က ဧလိယကို လိမ်လည်ခဲ့သည်မှန်လျှင် ဘာကြောင့် ဧလိယအရှင်လတ်လတ် ကောင်းကင်သို့ ချီဆောင်ခြင်းခံခဲ့ရသနည်း။ အမှားကြီးတစ်ခုကျူးလွန်ခဲ့သည့် ဧလိယသည် မကြာခင်အချိန်လေးတွင် ထာဝရအသက်နှင့် ကောင်းကင်သို့ တိုက်ရိုက်ချီဆောင်ခြင်း ဆုကျေးဇူးခံရသည်မှာ အဓိပ္ပာယ်မရှိလှပါ။ နှစ်ခြင်းဆရာယောဟန်က သူမသေခင်လေး တွင် ယေရှု၏ မေရှိယဖြစ်ခြင်းအပေါ် သံသစိတ်ရှိသည့်အကြောင်းနှင့် ဆက်စပ်ကြည့်လျှင် အနည်းငယ် ရှင်းလင်းလာပါသည်။

“ခရစ်တော်ပြုတော်မူသောအမှုတို့ကို ယောဟန်သည်ထောင်ထဲမှာကြားသောအခါ၊ မိမိတပည့်နှစ်ယောက်ကို စေလွှတ်၍၊ ကိုယ်တော်သည် ကြွလာသောသူမှန်သလော။ သို့မဟုတ် အခြားသောသူကို မြော်လင့်ရပါမည်လောဟု မေးလျှောက်စေ၏။” မဿဲ ၁၁း ၂၊ ၃

ယေရှုက ယောဟန်စေလွှတ်သော တပည့်တော်များကို အောက်ပါစကားများ ပြန်ပါးခဲ့သည်။

“ယေရှုကလည်း၊ သင်တို့သည် ကြားရသမျှ မြင်ရသမျှတို့ကိုသွား၍ ယောဟန်အား ကြားလျှောက်ကြလော့။ မျက်စိကန်းသောသူတို့သည် မျက်စိမြင်ရကြ၏။ ခြေမစွမ်းသောသူတို့သည် လမ်းသွားရကြ၏။ နူနာစွဲသော သူတို့သည် သန့်ရှင်းခြင်းသို့ ရောက်ရကြ၏။ နားပင်းသောသူတို့သည် နားကြားရကြ၏။ သေသောသူတို့သည် ထမြောက်ခြင်းသို့ရောက်ရကြ၏။ ဆင်းရဲသားတို့သည်လည်း ဝမ်းမြောက်စရာသတင်းကို ကြားရကြ၏။ ငါ့ကြောင့် စိတ်မပျက်သောသူသည် မင်္ဂလာရှိ၏ဟု ပြန်ပြောတော်မူ၏။” မဿဲ ၁၁း ၄-၆

ယေရှုစကားများအပေါ် ယောဟန်၏ တုံပြန်မှုအကြောင်းကို သမ္မာကျမ်းစာ၌ ဖော်ပြမထားပါ။ သို့သော်လည်း ယောဟန်အကြောင်း ယေရှုပြောသည့်စကားများအရ သံသယစိတ်ကို ယောဟန်အနိုင်ယူနိုင်ခဲ့ကြောင်း ယုံကြည်ခြင်းကြောင့် အသေခံခဲ့သည်ကို ထောက်၍ သိနိုင်ပါသည်။

“သင်တို့သည် ငါ့စကားကို နားခံနိုင်လျှင်၊ ဤသူကား (နှစ်ခြင်းဆရာ ယောဟန်) လာလတံ့သော ဧလိယဖြစ်သတည်း။” မဿဲ ၁၁း ၁၅

ယောဟန်သည်သည် လာတ္တံ့သော ဧလိယဖြစ်သည်ဟု ယေရှု ဘာကြောင့် ပြောခဲ့သနည်း။ ကိုးကားထားသော ပရောဖက်မာလခိ၏ ပရောပြုချက်မှာ -

“ဣသရေလအမျိုးသားအပေါင်းတို့အဖို့ ဟောရပ်အရပ်၌ ငါမှာထားသော ငါ့ကျွန်မောရှေ၏တရားတည်းဟူသော စီရင်ထုံးဖွဲ့တော်မူချက်တို့ကို အောက်မေ့ကြလော့။ ကြည့်ရှု့လော့။ ထာဝရဘုရား၏ ကြောက်မက်ဖွယ်သော နေ့ရက်ကြီး မရောက်မီ၊ ပရောဖက်ဧလိယကို သင်တို့ရှိရာသို့ ငါစေလွှတ်မည်။ ငါသည်လာ၍ သင်တို့၏ပြည်ကို ကျိန်ခြင်းဘေးနှင့် ဒဏ်မခတ်မည်အကြောင်း ထိုပရောဖက်သည် သားတို့နှင့် အဘတို့ကိုလည်းကောင်း၊ အဘတို့နှင့် သားတို့ကိုလည်းကောင်း အသင့်အတင့်ဖြစ်စေမည့်ဟု မိန့်တော်မူ၏။” မာလခိ ၄း ၄-၆

နှစ်ခြင်းဆရာယောဟန်သည် တကယ့် ဧလိယ ဝင်စားထားသူဖြစ်သည်ဟု မဆိုလိုပါ။ ယောဟန်သည် ဧလိယ၏ ဝိညာဉ်တန်ခိုးဖြင့် ပြည့်စုံ၍ မေရှိယ၏ လမ်းခရီးကို ပြင်ဆင်ရန် ကြွလာမည်ဟု ဆိုလိုပါသည်။ ယောဟန်မမွေးမီ သူ့အဖေဇာခရိကို ကောင်းတင်တမန်က ဤသို့ပြောခဲ့သည်။

“အဘတို့နှင့် သားတို့ကို အသင့်အတင့်ဖြစ်စေခြင်းငှါ၎င်း၊ ငြင်းဆန်သောသူတို့ကို သူတော်ကောင်းတို့၏ သတိပညာလမ်းသို့ ပြောင်းလဲစေသောအားဖြင့်၊ ထာဝရဘုရားအဘို့အလိုငှါ ပြင်ဆင်သောလူမျိုးဖြစ်စေခြင်းငှါ ၎င်း၊ သူသည်ဧလိယ၏ စိတ်ဝိညာဉ်တန်ခိုးနှင့်ပြည့်စုံလျက်၊ ဘုရားသခင်ရှေ့တော်သို့ သွားလိမ့်မည်ဟု ကောင်း ကင်တမန်ပြောဆို၏။” လုကာ ၁း ၁၇

နှစ်ခြင်းဆရာယောဟန်သည် ဘုရားသခင့်အမှုတော်ကို ကြီးမားစွာထမ်းဆောင်နိူင်ခဲ့သူဖြစ်သည်။ ယုံကြည်ခြင်းစစ်ဆေးချက်ကိုလည်း အောင်နိုင်ခဲ့သည့်အတွက် ခရစ်တော်အတွက် အသက်ပေးဆပ်နိုင်ခဲ့သည်။ သူ့ဝိညာဉ်ခရီးသည် ဧလိယ၏ ဝိညာဉ်ခရီးနှင့် တူပါသည်။ ဧလိယသည်လည်း အမှုတော်ကို စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သည်။ အမှုတော်၏ နောက်ဆုံးခရီးလမ်းတွင် ကြီးမားသော ယုံကြည်ခြင်းစစ်ဆေးချက်ကြုံခဲ့သည်။ လူပေါင်း ၁၀၂ယောက်ကို အသက်ဆုံးရှုံးစေခဲ့သည့် သူ့သံသယစိတ်ကို အောင်နိုင်ခဲ့သည့်အတွက် ကောင်းကင်သို့ ချီဆောင်သွားခြင်း ခံခဲ့ရသည်။ ဖြောင့်မတ်သူသည် မိမိပြုခဲ့သော ကောင်းမှုကုသိုလ်များဖြင့်မဟုတ်၊ ယုံကြည် ခြင်းဖြင့် အသက်ရှင်ရမည်ဖြစ်ကြောင်း ကျွန်ုပ်တို့အတွက် တန်ခိုးကြီးလှသော သင်ခန်းစာဖြစ်ပါသည်။ ဧလိယသည် အမှားကြီးတစ်ခု ကျူးလွန်ခဲ့သော်လည်း ချီဆောင်ခြင်းခံရသည့်အတွက် ကျွန်ုပ်တို့လည်း မိမိ၏အားနည်း၍ မျှော်လင့်ချက်မဲ့နေသည့်အခြေနေကို နားလည်လျှင် ကောင်းကင်သို့ ချီဆောင်ခြင်း ခံရမည်အကြောင်း မျှော်လင့်စရာရှိပါသည်။ ကယ်တင်ခြင်းသည် သူ့ကိုသူ ကာကွယ်ရန် ဘုရားသခင်၏ နာမတော်အသုံးပြု၍ လူများကို ဖျက်ဆီးပစ်နိုင်သော သူရဲကောင်း ပရောဖက်၏ ကောင်းမြတ်မှုအပေါ် မမူတည်ပါ။ ကယ်တင်ခြင်းသည် ခရစ်တော်၏ သနားတော်မူခြင်း ဆုကျေးဇူးဖြစ်သည့်အတွက် ကျွန်ုပ်တို့အဖို့ ဝမ်းမြောက်စရာဖြစ်ပါသည်။

အခြားမေးခွန်းတစ်ခုမှာ ဘာကြောင့် ဘုရားသခင်က စာတန်အပေါ် ထိုလူများကို မီးဖြင့်ဖျက်ဆီးခွင့်ပြုရတာလဲ။ ထိုလူများသည် ဧကြုန်မြို့၏ဘုရား ဗာလဇေဗုပ်ထံ မိမိကိုယ်ကို အပ်နှံထားသော ဣသရေလရှင်ဘုရင်၏ အစေခံကျွန်များဖြစ်သည့်အတွက် ဖျက်ဆီးသူစာတန်၏ လက်မှ သူတို့ကိုကာကွယ်ပေးမည့်သူ မရှိချေ။ စာတန်သည် ထိုလူများအပေါ် အစိုးရသည့်အတွက် ဘုရားသခင်သတ်သကဲ့သို့ ထင်ရစေရန် သူတို့ကို သတ်နိုင်ခဲ့ခြင်းဖြစ်သည်။ လုံးဝဟာကွက်ပျောက်လုနီး လိမ်လည်မှုတစ်ခုဖြစ်ပါသည်။ ဘုရားသခင် သတ်သည်ဟု တစ်လောကလုံးကိုလည်း ထင်စေနိုင်ခဲ့သည်။ ဧလိယ၏ ကြောက်ရွံ့စိတ်သည် သူလိုချင်သော ဆင်ခြေအတွက် စာတန်နှိုးဆွခဲ့သော စိတ်ထားဖြစ်သည်။ လူအများအပြားက ထိုလူများကို ဘုရားသခင် မီးရှို့ခဲ့သည်ဟု ယူဆကြသဖြင့် စာတန်၏အစီအစဉ် အလွန်အောင်မြင်သည်ဟု ဆိုရမည်။ သို့သော်လည်း ဝမ်းသာစရာ အချက်မှာ ယေရှုက သတ်ဖြတ်ဖျက်ဆီးခြင်း စိတ်သဘောသည် သူ့စိတ်သဘောမဟုတ်ကြောင်း ကျွန်ုပ်တို့ကို ပြောပြထားပါသည်။ ယေရှုသည် ဖျက်ဆီးသူမဟုတ်။ ယေရှုသည် ကယ်တင်ရှင်ဖြစ်ပါသည်။ (လုကာ ၉း ၅၄-၅၆)