ယေရှုက ထိုမိန်းမကို ခွေးဟု မှတ်ယူလေသလော။

တင်ထားသည် နိုဝင်ဘာ 11, 2021 မှ Kevin J. Mullins အထဲ၌ ဘုရားသခင်သည်ချစ်ခြင်းမေတ္တာဖြစ်

ခရစ်ဝင်ကျမ်းများရှိ ယေရှုပုံပြင်များ ကျွန်တော်တို့ ဖတ်ရှုသည့်အခါ ခမည်းတော်ဘုရားကြောင်းကိုလည်း တွေ့ရသည်။ ယေရှုက ဖိလိပ္ပုအား “ဤမျှကာလပတ်လုံး ငါသည် သင်တို့နှင့်အတူရှိပြီးမှ သင်သည် ငါ့ကို မသိသေးသလော။ ငါ့ကိုမြင်သောသူသည်  ခမည်းတော်ကို မြင်၏။” ရှင်ယောဟန် ၁၄း ၉ ခရစ်ဝင်ကျမ်းများတွင် မကြာခဏ အထင်လွဲခံရသော ကျွန်ုပ်တို့ ခမည်းတော်ဘုရား၏ စာရိတ္တတော်အကြောင်း ဖော်ညွှန်ထားသည့် အရေးကြီးသော ပုံပြင်တစ်ပုဒ်ရှိပါသည်။ ယေရှုက သူ၏သာသနာတော် အားလုံးနီးပါးကို ယုဒနိုင်ငံတော်အတွင်း၌သာ ပြုခဲ့သည်။ ယခုအခါတွင်မူ ကယ်တင်ရှင်သည် မယုံကြည်သူများ၏ ဒေသဖြစ်သော ဖိနိတ်ပြည်တွင် ခရီးထွက်ရန် ရွေးချယ်ခဲ့သည်။

ယုဒလူမျိုးများ၏ နက်ရှိုင်းစွာ အမြစ်တွယ်နေသော မာန်မာနကြီးခြင်း၊ မျက်စိမှိတ် ဘက်လိုက်ခြင်း စိတ်သဘောများသည် တပည့်တော်များ၏ နှလုံးသားကို ချည်နှောင်လျှက်၊ မျက်စိကို ကန်းသွားစေခဲ့သည်။ ထို့ကြောင့် တပည့်တော်များသည် ယုဒတစ်မျိုးသားလုံး ပြုနေကြအမှားဖြစ်သော လူမျိုးရေးခွဲခြားခြင်း၊ ဝိညာဉ်ရေးရာ တစ်ယူသန် စိတ်သဘောထားများကြောင့် သူတို့အပြစ်ကို မမြင်နိုင်ဘဲ ရှိနေကြသည်။ ဣသရေလသည် မယုံကြည်များအတွက် အလင်းတရားဖြစ်စေရန် ခေါ်တော်မူခြင်း ခံခဲ့ရသော်လည်း ချို့တဲ့သော အိမ်နီးချင်းလူမျိုးတို့အပေါ် သူတို့၏ အထင်မြင်သေးမှုကြောင့် ထိုအခွင့်ထူးသည်ကို မိုက်မဲခြင်း အဖြစ် ပြောင်းလဲခဲ့ကြသည်။

ထိုဒေသတွင် သူမ၏ ဆွေမျိုးသားချင်းများနှင့်အတူ နေထိုင်သော အမျိုးတစ်မီးတစ်ဦးက လူနာများကို သက်သာပျောက်ကင်းအောင် ကုသပေးသော ယုဒဆရာတစ်ပါးအကြောင်း ကြားခဲ့ဖူးသည်။ သူမ၏ သမီးသည် နတ်ဆိုးနှိပ်စက်ခြင်းကို ပြင်းစွာ ခံစားနေရ၏။ သူမ ကိုးကွယ်သော ဘုရားအမျိုးမျိုးထံ အကူညီတောင်းခဲ့သော်လည်း မည်သည့်ဘုရားကမျှ မကယ်နိုင်။ သူမ၏ ကြိုးစားမှုများသည် အချည်းအနှီးအသက်သက် ဖြစ်နေ၏။ သူကြားဖူးသော ယုဒဆရာတော်က သူ့ကို ကူညီနိုင်မလားဟု စဉ်းစားမိ၏။ ထိုယုဒအမျိုးသားက ငါ့ကို ကူညီနိုင်ပါ့မလား၊ ကူညီချင်ပါ့မလား၊ စသော သူမ၏ သံသယစိတ်များကို မြိုသိပ်ထားလိုက်ကာ သူ့အခြေနေကို ပြောပြ၍ အသနားခံရန် စိတ်ပိုင်းဖြတ်ထားလိုက်သည်။ သနားစရာကောင်းသော ထိုမိခင်၏ စိတ်နှလုံးအကြွင်းမဲ့ တောင်းလျှောက်သံကို ကယ်တင်ရှင် ကြားတော်မူခဲ့သည်။

“ဒါဝိဒ်၏သားတော်ရှင် ကျွန်မကိုသနားတော်မူပါ။ ကျွန်မ၏သမီးသည် နတ်ဆိုးနှိပ်စက်ခြင်းကို ပြင်းစွာခံရပါသည်” ရှင်မဿဲ ၁၅း ၂၂

ဘုရားသခင်၏ စတေးခံသားတော်သည် သူမကို စာနာသနားလှ၏။ အမှန်မှာ ကယ်တင်ရှင်သည် သူမကို ကူညီရန် ထိုဒေသသို့ သွားရောက်ခဲ့ခြင်းဖြစ်သည်။ ထို့နောက် ယေရှု၏ တုံ့ပြန်မှုက သိထားသင့်သည့် ခမည်းတော်ဘုရား၏ စာရိတ္တအကြောင်း ထုတ်ဖော်ခဲ့သည်။

“စကားတစ်ခွန်းမျှ ပြန်တော်မမူ။” ရှင်မဿဲ ၁၅း ၂၂

ယေရှု ထိုသို့ပြုမူရသည့် အကြောင်းရင်းကို နောက်ဝါကျနောက်တစ်ကြောင်း တွေ့ရသည်။

“တပည့်တော်တို့သည် ချဉ်းကပ်၍၊ ထိုမိန်းမ ပြန်သွားရသောအခွင့်ကို ပေးတော်မူပါ။ ငါတို့နောက်သို့ လိုက်၍ ဟစ်ကြော်လျက်နေပါသည်ဟု တောင်းလျှောက်ကြ၏” ရှင်မဿဲ ၁၅း ၂၃

အကယ်၍ သခင်ယေရှုအနေဖြင့် သူမ၏ တောင်းဆိုချက်ကို ချက်ချင်း ကူညီပေးလိုက်လျှင် တပည့်တော်များ၏ စိတ်နှလုံးမာကြောမှုသည် ထင်ရှားလာမည်မဟုတ်ချေ။ တပည့်တော်များ၏ တုံ့ပြန်မှုကို တွေ့ရရန် ကယ်တင်ရှင် တိတ်ဆိတ်နေခဲ့ခြင်းဖြစ်သည်။ တပည့်တော်များက ယေရှု၏ တိတ်ဆိတ်မှုကို ယုဒလူမျိုးတို့၏ မိမိတို့လူမျိုးကိုသာ လူအဖြစ်မြင်သော စိတ်သဘောမျိုး ယေရှု၌ရှိနေသည်ဟု ထင်ခဲ့မိကြသောကြောင့် ဖြစ်ပါသည်။ တစ်ချိန်တည်းမှာပင် သူ၏ တိတ်ဆိတ်မှုသည် တစ်ပါးအမျိုးသမီး၏ ယုဒဆရာတော်အပေါ် သံသယစိတ်ကိုလည်း စစ်ဆေးရာရောက်ပါသည်။ ယေရှု ပြုမူလိုက်သည့် အပြုအမူတိုင်းသည် သူ့ဘေးပတ်လည်တွင်ရှိသော သူများ၏ စိတ်သဘောကို ကြည့်မှန်ကဲ့သို့ ထင်ရှားစေ၏။

ဘုရားသခင်၏ သားတော်သည် ကမ္ဘာကြီး၏ ငြင်းပယ်မှုကို ရင်ဆိုင်နေရသည့် အချိန်တွင် တပည့်တော်များသည် မိမိတို့၏ လက်ဝါးကပ်တိုင်ကို ထမ်းရွက်ရန် ခေါ်တော်မူခြင်းအပေါ် လက်တွန့်ခဲ့ကြသည်။ ထိုငြင်းပယ်မှုကြောင့် သူတို့ကိုသည် ယေရှု ပြောပြလိုသော အကြောင်းအရာများကို နားမလည်နိုင်အောင် ကန်းသွားကြသည်။ သူတို့သည် ယေရှုပြောပြသည့် အကြောင်းအရာများနှင့် ပတ်သက်၍ ကြားနာသူ သက်သက်ဖြစ်ခဲ့ကြသည်။ ထို့ကြောင့် ယေရှုကို အောက်က ကျမ်းချက်ထဲအဖြစ်မျိုး ဖြစ်သွားကြသည်။

“ကိုယ်ကိုကိုယ် လှည့်ဖြား၍၊ နှုတ်ကပတ်တရားကို နာရုံမျှသာ ပြုသောသူမဟုတ်၊ တရားကိုကျင့်သောသူ ဖြစ်ကြလော့။ တရားကို မကျင့်ဘဲ နာရုံမျှ ပြုသောသူမည်သည်ကား၊ မှန်၌ မိမိပကတိမျက်နှာကို ကြည့်သောသူနှင့် တူ၏။ အကြောင်းမူကား၊ ကိုယ်ကိုကိုယ်ကြည့်ပြီးမှ၊ အခြားသို့သွား၍ မိမိအဆင်းသဏ္ဍာန်ကို ချက်ချင်း မေ့လျော့တတ်၏။ ရှင်ယာကုပ် ၁း ၂၂

တပည့်တော်များအနေဖြင့် ခရစ်တော်၏ နိုင်ငံတော်သစ်သို့ ခေါ်ဖိတ်ခြင်းကို လက်ခံပြီးကြသော်လည်း သူတို့စိတ်နှလုံးကို  ချုပ်တည်း ထိန်းချုပ်နိုင်ရန် စိတ်ပိုင်းဖတ်ထားခြင်း မရှိသေး။ သူတို့ချစ်တော် မေရှိယအား သူတို့နိုင်ငံတော်၏ ငြင်းပယ်မှုအပေါ် သူတို့ စိတ်သဘေားထား ပြတ်သားမှုမရှိကြသေးပါ။ ထိုအချက်များကြောင့် သူတို့သည် သခင်ယေရှု၏ နှုတ်တော်ထွက် စကားများကို နာရုံသက်သက်သာ နာကြသော်လည်း လိုက်လျှောက်နိုင်မှုမျိုး မရှိသေးခြင်းဖြစ်သည်။ တစ်ပါးအမျိုးသမီးအပေါ် ယေရှု အဖတ်မလုပ်သည်ကို မြင်ရသောအခါ သူတို့သည် ယေရှုအထဲ၌ သူတို့၏ စိတ်သဘောမျိုးကို ပြန်မြင်ရသည့်အတွက် ယေရှု၏ အပြုအမူကို သူတို့ကဲ့သို့ လူမျိုးစွဲ စိတ်သဘာဟုသာ အနက်ဖွင့်ကြတော့သည်။ သူတို့၏ ဇာတိပကတိစိတ်ထား၊ အလိုဆန္ဒများဖြင့် ယေရှုကို ပုံဖော်မြင်ယောင်ကြသောကြောင့် ထိုသနားစရာကောင်းသော အမျိုးသမီး၏ ရှေ့တွင်ပင် သူမကို မောင်းထုတ်ရန် ယေရှုကို တောင်းဆိုကြတော့သည်။ တပည့်တော်များ၏ စကားလုံးများကြောင့် သူမ ဘယ်လောက် နာကျဉ်ရလိမ့်မလဲ။ ယေရှုပြန်ပြောသည့် စကားကို ကြားရသည့်အခါ သူမအထဲတွင် သမီးကြောင့် ခံစားနေရသော စိတ်‌သောကများ ဘလောင်ဆူနေပေလိမ့်မည်။

“ကိုယ်တော်ကလည်း ဣသရေလအမျိုးဝင် ပျောက်လွင့်သော သိုးများမှတစ်ပါး အခြားသော အမျိုးရှိရာသို့ ငါ့ကိုမစေလွှတ်ဟု မိန့်တော်မူ၏။” ရှင်မဿဲ ၁၅း ၂၄

ဤတုံ့ပြန်စကားဖြင့် ကိုယ်တော်အကြောင်း အားလုံးက သေသေချာချာ နားထောင်၊ မထောင် စမ်းသပ်လိုက်ခြင်းဖြစ်သည်။ ကယ်တင်ရှင်ကို နှစ်ခြင်းဆရာယောဟန်က ဤသို့ မိတ်ဆက်ခဲ့ပါသည်။

“ဤလောက၏ အပြစ်ကိုဆောင်သွားသော ဘုရားသခင်၏ သိုးသူငယ်ကို ကြည့်လော့။” ရှင်ယောဟန် ၁း ၂၉

ယေရှုသည် ကမ္ဘာလောကကြီးတစ်ခုလုံး၏ ကယ်တင်ရှင်ဖြစ်သည်။ ယုလူမျိုးတစ်မျိုးတည်း၏ ကယ်တင်ရှင်မဟုတ်ပါ။ ဣသရေလဟူသော အသုံးအနှုန်းသည် ကယ်တင်ခြင်း ဆုကျေးဇူးကို လက်ခံသူတိုင်းအတွက် ဖြစ်ပါသည်။ တမန်တော် ရှင်ပေါလုကလည်း နောက်ပိုင်းတွင် ဤသို့ပြောခဲ့သည်။

“အကြောင်းမူကား၊ အပြင်အားဖြင့်သာ ယုဒလူဖြစ်သောသူသည် ယုဒလူမှန်မဟုတ်။ အပြင်အားဖြင့်သာ ကိုယ်အသား၌ အရေဖျားလှီးခြင်းသည် အရေဖျားလှီးခြင်း အမှန်မဟုတ်။ အတွင်းအားဖြင့် ယုဒလူဖြစ်သောသူသည် ယုဒလူမှန်၏။ အရေဖျားလှီးခြင်းလည်း ကျမ်းဟောင်းတရားအားဖြင့် မဟုတ်ဘဲ၊ ဝိညာဉ်တော်တရားအားဖြင့် စိတ်နှလုံးနှင့် စပ်ဆိုင်၏။ ထိုအရေဖျားလှီးခြင်းကို ခံသောသူ၏ အချီးအမွမ်းသည် သူအလိုနှင့် မဆိုင်၊ ဘုရားသခင့်အလိုတော်နှင့် ဆိုင်သတည်း။           ရောမ ၂း ၂၈-၂၉

ယေရှုထံလာရောက်ခြင်းဖြင့် ထိုအမျိုးသမီးသည် ဝိညာဉ်တော်၏ ခေါ်ဖိတ်ခြင်းကို လက်ခံရာရောက်ပါသည်။ သူမသည်လည်း အပြင်အားဖြင့် ယုဒလူမဟုတ်သော်လည်း အတွင်းအားဖြင့် ဣသရေလလူမျိုး အမှန်ဖြစ်ကြောင်း ဖော်ပြရာရောက်သည်။ ဣသရေလဟူသော နာမသည် ယာကုပ်က သူ၏ယုံကြည်ခြင်းဖြင့် အရဲစွန့်၍ ကောင်းကင်တမန်ကို လုံးထွေးအနိုင်ယူသောကြောင့် ချီးမြင့်ခံရသော နာမဖြစ်သည်။ ယခုလည်း ထိုအမျိုးသမီးက သူမသည်လည်း အောင်နိုင်သူ ဣသရေလအမှန်ဖြစ်ကြောင်း သက်သေပြတော့မည်ဖြစ်သည်။

“ထိုမိန်းမသည် ချဉ်းကပ်၍ ပျပ်ဝပ်လျက် ကျွန်မကို ကယ်တော်မူပါသခင်ဟု လျှောက်ပြန်လျှင်” ရှင်မဿဲ ၁၅း ၂၆

အမျိုးသမီးသည် သူမ၏ယုံကြည်ခြင်းကို လက်မလျော့သေး။ ယုံကြည်ခြင်းကို ကိုင်စွဲထားသည်။ ကယ်တင်ရှင်အနေဖြင့် အလွန် ကူညီချင်သော်လည်း စစ်ဆေးမှု မပြီးဆုံးသေးပါ။

“ကိုယ်တော်က၊ သား၏အစာကိုယူ၍ ခွေးအားမပေးမချအပ်ဟု ပြန်ပြောတော်မူ၏။” ရှင်မဿဲ ၁၅း ၂၆

ကိုယ်တော်သုံးသော စကားလုံးသည် သူမ၏ တောင်းဆိုမှုကို ငြင်းပယ်သည့် သဘောလည်း မဟုတ်သေးပါ။ ဂရိစကားလုံး “de” သည် ဆက်လက်စဉ်းစားသည်ဟုလည်း အဓိပ္ပာယ်ရှိသည်။ ယခုယေရှုက သူမသည် ဣသရေလ အမှန်ဟုတ်မဟုတ် ဆုံးဖြတ်ချက် ချခိုင်းနေပြီဖြစ်သည်။ ယေရှု၏ စကားသည် တပည့်တော်များ၏ လူမျိုးရေးခွဲခြားစိတ်ကို ဆန်းစစ်ရာရောက်သကဲ့သို့ ယုဒဆရာတော်အပေါ် သူမ၏ ကိုယ်ပိုင်သံသယစိတ်ကိုလည်း ဆန်းစစ်ရာရောက်ပါသည်။ အမျိုးသမီးအနေဖြင့် “ကိုယ်တော်၊  ကျွန်မကလည်း ကိုယ်တော်ရဲ့ သားသမီးတွေထဲက တစ်ဦးပါ။ ကိုယ်တော် ကျွန်မကို ကူညီမယ်လို့ ကျွန်မယုံကြည်တယ်” ဟုပြန်လည် ဖြေကြားလို့ရပါသည်။ သူမအနေဖြင့် ပေးနိုင်သော အကောင်းဆုံးအဖြေ ဖြစ်နိုင်ပါသည်။ သို့သော်လည်း သူမ၏ အဖြေတွင် သူမသည် မိမိကိုမိမိ ခွေးဟု သတ်မှတ်လိုက်သော်လည်း သူမ၏ ယုံကြည်ခြင်းကိုမူ စွဲမြဲစွာ ဆုပ်ကိုင်ထားသည်မှာ အံ့ဩစရာကောင်းလှပါသည်။

“မိန်းမကလည်း မှန်ပါ၏သခင်၊ ခွေးမည်သည်ကား မိမိသခင်၏ စားပွဲမှကျသော စားနုပ်စားပေါက်ကို စားမြဲထုံးစံရှိပါ၏ဟု လျှောက်ပြန်လျှင်” ရှင်မဿဲ ၁၅း ၂၇

ယေရှုက သူ့ကို ခွေးဟုခေါ်နေပြီဟု ထင်သော်လည်း ယေရှုသူ့ကို ကူညီလိမ့်မည်ဟု သူမ၏ ယုံကြည်ခြင်းကို ကိုင်စွဲထားဆဲဖြစ်သည်။ ထို့ကြောင့် သူမသည် စစ်မှန်သော အောင်နိုင်သူ ဣသရေလဖြစ်လာ၏။ သမီအပေါ် သူမ၏အချစ်၊ ဝိညာဉ်တော်၏ ခေါ်ဖိတ်မှုကို လက်ခံတုံ့ပြန်ခြင်းကြောင့် သူမသည် ယုံကြည်ခြင်း ဆန်းစစ်ချက်ကို အောင်မြင်နိုင်ခဲ့သည်။

“အို မိန်းမ၊ သင်သည် ယုံကြည်အားကြီးလှပြီ။ သင့်အလိုရှိသည်အတိုင်း သင်၌ဖြစ်စေဟု မိန့်တော်မူ၏။ ထိုအချိန်မှစ၍ ထိုမိန်းမ၏သမီးသည် ကျမ်းမာပကတိဖြစ်လေ၏။” ရှင်မဿဲ ၁၅း ၂၈

ယေရှုအဖြေက တပည့်တော်များကို ဆုံးမသွန်သင်လိုက်သည်။ တပည့်တော်များအနေဖြင့် ယေရှု၏ စကားလုံးများကို သူတို့ ဇာတိပကတိ စိတ်နှလုံးသားဖြင့် နားထောင်ခဲ့ကြသည်ဖြစ်ရာ ယေရှုကို သူတို့ကဲ့သို့ တစ်ဖက်ပိတ် လူမျိုးခွဲခြားစိတ်ရှိသူအဖြစ် ထင်မိခဲ့ကြသည်။ ယေရှုက အမျိုးသမီး၏ တောင်းဆိုမှုကို လိုက်လျောကူညီပေးလိုက်သောအခါ တပည့်တော်တို့သည် အံ့ဩတုန်လှုပ်သွားကြသည်။ ယေရှုအပေါ်သူတို့၏ ထင်မြင်ယူဆချက်မျာသည်လည်း လုံးလုံးပျက်စီးသွားတော့သည်။ ထိုအခြေနေတွင် တပည့်တော်များအနေဖြင့် ယေရှု၏ အပြုအမူများသည် နမိတ်လက္ခဏာ သက်သက်လား (သို့) သူတို့၏ လူမျိုးခြား မုန်းတီးရေး စိတ်ဓာတ်များကို မေးခွန်းထုတ်နေတာလားဆိုတာ စဉ်းစားဆင်ခြင်သင့်နေပြီ ဖြစ်သည်။

ယေရှုသည် သမ္မာကျမ်းစာထဲတွင် “ဘုရားသခင်၏ ပညာတော်”ဟူသောဘွဲ့ကို ရရှိသူဖြစ်သည်။ ၁ကော ၁း ၂၄။ ခမည်းတော် ဘုရားထံမှလာသော ထိုဉာဏ်ပညာသည် လူသားများနှင့် ဆက်ဆံရာတွင် လူသားများ၏ စိတ်နှလုံးသဘောကို တိုက်ရိုက်ထုတ်ဖော်စရာ မလိုဘဲ အလိုလို ပေါ်ထွက်လာစေသည်။ လူ့သဘောမှာ မိမိစိတ်သဘောထားကို တိုက်ရိုက်ဖော်ထုတ်ခံရသည့်အခါ ဝန်မခံလိုဘဲ၊ ငြင်းဆန်တတ်သော သဘောရှိသည်။ ဘာကြောင့် ယေရှုက “မင်းတို့ စိတ်ထဲမှာ လူမျိုးခြားတွေကို မုန်းတီးတဲ့ စိတ်သဘောရှိတယ်။ ဒါမကောင်းဘူး။ မင်းတို့ ပြင်မှရမယ်။”ဟု မပြောခဲသနည်း။ ပြောလည်း ထူးမည်မဟုတ်ပါ။ ထို့သို့ပြုမည့်အစား ယေရှုအနေဖြင့် အရှိကိုအရှိအတိုင်း ရောင်ပြန်ဟပ် ရုပ်လုံးပေါ်စေသော ကြည့်မှန်ကဲ့သို့ သူ၏စကားလုံးများကို လူ့စိတ်နှလုံး၏ သဘောကို ထင်ရှားစေရန် အသုံးပြုသွားပါသည်။

ဤသဘောတရားကို သင်နားလည်သည့်အခါ သမ္မာကျမ်းကို ဖတ်ရှုသောအခါ နာရုံမျှသက်သက်မဟုတ်ဘဲ၊ ကျမ်းစာကို မိမိဇာတိပကတိ စိတ်သဘောဖြင့် ကြည့်သောသူမဟုတ်ဘဲ တရားကို အရှိအတိုင်း အမှန်နားလည်၍ ကျင့်သုံးသောသူ ဖြစ်လာနိုင်ပါမည်။ တပည့်တော်တို့အပေါ် ယေရှု၏ စမ်းသပ်ချက်သည် သမ္မာကျမ်းစာ ဖတ်ရှုသူအားလုံး ရင်ဆိုင်ရမည့် စမ်းသပ်ချက်ဖြစ်သည်။ သမ္မာကျမ်းစာထဲရှိ ရေးသားထားသောအရာများသည် ဖတ်ရှုသူ၏ စိတ်နှလုံးအကြံစည်များကို ထုတ်ဖော်ရန် ရေးသားချက်များဖြစ်သည်။ တပည့်တော်များက ယေရှုအထဲတွင် သူတို့၏ လူမျိုးခြား မုန်းတီးစိတ်ကို ပုံဖော်ကြသကဲ့သို့ ဘုရားသခင်အကြောင်း ဖော်ပြရေးသားထားသော သမ္မာကျမ်းစာကို အများက ဖတ်ရှုသောအခါ ဘုရားသခင်၏ စာရိတ္တအမှန်ကို အရှိကိုအရှိတိုင်း မှန်ကန်စွာ နားလည်ရမည့်အစား သူတို့၏ ဇာတိပကတိ စိတ်သဘောဖြင့် ဆက်စပ်ပုံဖော် သွားကြသည်။

နာမကျန်းသူတစ်ဦး ကျန်းမာလာစေရန် သူမကျန်းမာကြောင်း သိရှိလက်ခံရမည်ဖြစ်သည်။ မိမိကိုယ်မိမိ တောင်တောင်မြည် ကျန်းမာသည်ဟု ယုံကြည်သောသူတစ်ဦးကို ဆရာဝန်တစ်ဦးက “မင်းဆီမှာ ကင်ဆာရောဂါရှိနေတယ်။ မင်းကို ငါကုမှရမယ်”ဟု ပြောမည်ဆိုလျှင် ထိုသူက မည်သို့ တုံ့ပြန်မည်ဟု ထင်သနည်း။  “ဆရာဘာတွေလျှောက်ပြောနေတာလဲ။ ကျွန်တော်ကျမ်းမာပါတယ်။ မလိုပါဘူး”ဟု ပြန်ဖြေလိမ့်မည်။

ထိုနည်းတူ တပည့်တော်များ၏အမြင်တွင် ဘုရားသခင်သည် ယုဒလူမျိုးတစ်မျိုးတည်း၏ ဘုရားဟု ခံယူကြသည်။ သူတို့ ဘုရားသခင်သည် တစ်ပါးအမျိုးသားများကို ရွံ့မုန်းသည်ဟု ယုံကြည်ကြသည်။ ဓမ္မဟောင်းကျမ်းကို ဖတ်သည့်အခါတွင်လည်း ဘုရားသခင်သည် လူမျိုးခြားများကို မုန်းတီးသော ဘုရားဟုသာ နားလည်ထားကြသည်။ ထို့ကြောင့် ကျွန်တော်တို့ ကျမ်းစာဖတ်သည့်အခါ သတိထားရမည်ဖြစ်သည်။ ဖတ်ရှုသော ကျမ်းစာကို ကောင်းမွန်စွာ နားလည်နိုင်ရန် ယေရှု၏ စိတ်သဘောကို တောင်းလျှောက်ရမည်ဖြစ်သည်။ ကျွန်ုပ်တို့၌ ယေရှု၏ စိတ်သဘောမျိုးရှိမှသာ ကျမ်းစာကို ကောင်းစွာ နားလည်နိုင်ကြမည်ဖြစ်သည်။ ယုဒလူမျိုးများကဲ့သို့ သမ္မာကျမ်းစာ ဖတ်ရှု့သည့်အခါ မှားယွင်းစွာ သင်ခန်းစာမယူမိစေရန် အရေးကြီးပါသည်။ ယုဒတို့သည် ကျမ်းစာကို မှားယွင်းစွာ နားလည်ထားကြသောကြောင့် သူတို့မျှော်လင့်စောင့်စားနေခဲ့ကြသော မေရှိယကို သတ်မိသည်အထိ မှားသွားကြသည်။

ကျွန်တော်တို့လည်း ဘုရားသခင့်အကြောင်း မှားယွင်းစွာ နားလည်ကြသည့်အပိုင်း ကိုယ်စီရှိနေနိုင်သည်။ ကျွန်တော်တို့ ယုံကြည်သောအရာကို ဘာကြောင့် ယုံကြည်ကြကြောင်း စစ်ဆေးရှာဖွေကြပါစို့။  ဘုရားသခင်ကိုယ်တိုင် လူမျိုးခြားကို မုန်းတီးရွံ့ရှာ၍ မိန်းမကို ခွေးဟုခေါ်လေသလော။ သို့မဟုတ် တပည့်တော်တို့၏ စိတ်သဘောအမှန်ကို ဖော်ထုတ်လို၍လော။

တပည့်တော်များနည်းတူ ကျွန်တော်တို့ သင်ယူရမည့်အရာ ဘာတွေရှိနေမလဲ။ ကျွန်ုပ်တို့၏ စိတ်နှလုံးထဲတွင် မည်သည့်အားနည်းချက်ကို ဘုရားသခင် ဖော်ပြနေသလဲ။ ထိုအားနည်းချက်ကို ကျော်လွှားနိုင်ရန် ယေရှုထံ အကူအညီတောင်းကြပါစို့။ ကျွန်တော်တို့သည် ဇာတိသဘောအားဖြင့် ခမည်းတော်ဘုရားအပေါ် မှားယွင်းစွာ နားလည်ကြသော လူသားများဖြစ်ကြသည်။ သို့သော်လည်း တစ်ပါးတည်းသော သားတော် ယေရှုခရစ်တော်သည် ခမည်းတော်ဘုရားကို ကောင်းစွာ နားလည်ထားပါသည်။ ကျွန်ုပ်တို့၏ လိုအပ်ချက်ကို မြင်နိုင်မှသာ ခရစ်တော်၏ စိတ်သဘောမျိုး ရှိလာနိုင်မည်ဖြစ်သည်။

“ထိုအခါယေရှုကလည်း၊ မျက်စိမမြင်သောသူသည် မြင်စေခြင်းငှာလည်းကောင်း၊ မြင်သောသူကို ကန်းစေခြင်းငှာလည်းကောင်း၊ ငါသည် တရားစီရင်၍ ဤလောကသို့ ငါရောက်လာပြီဟု မိန့်တော်မူ၏။ အထံတော်၌ရှိသော ဖာရိရှဲအချို့တို့သည် ထိုစကားကို ကြားလျှင်၊ ငါတို့သည် မျက်စိကန်းသလောဟု မေးကြ၏။ ယေရှုကလည်း၊ သင်တို့သည် မျက်စိကန်းသည်မှန်လျှင် အပြစ်မရှိ၊ ငါတို့မျက်စိမြင်သည်ဟု ယခုဆိုကြ၏။ ထိုကြောင့် သင်တို့၌ အပြစ်တည်သည်ဟု မိန့်တော်မူ၏။” ရှင်ယောဟန် ၉း ၃၉-၄၁

 

 

ယခုသင်ဖတ်နေသော ဆောင်းပါးသည် “အတ္တမဲမေတ္တာတော်” (Agape) စာအုပ်မှ ရွေးနုတ်ဖော်ပြချက်ဖြစ်သည်။

“အတ္တမဲ့မေတ္တာတော်”

ဘုရားသခင်၏ မေတ္တာပုဒ်ကို ဖွင့်ဟခြင်း

စာအုပ်တစ်အုပ်လုံးကို ဤနေရာတွင် ဒေါင်းလုတ်ဆွဲပါ။