ယေရမိ ၁၈း ၇-၁၀ ငါကြံစည်သောဘေးဒဏ်ကို ငါနောင်တရမည်ဟု ဘာကြောင့်ဘုရားသခင်ပြောခဲ့သလဲ။

တင်ထားသည် ဇွန် 07, 2022 မှ Kevin J. Mullins အထဲ၌ ဘုရားသခင်သည်ချစ်ခြင်းမေတ္တာဖြစ်

English Version: https://lastmessageofmercy.com/article/view/jeremiah-187-10-why-does-god-say-he-will-repent-of-doing-evil

“အကြင်တိုင်းနိုင်ငံကို နုတ်ပယ်ဖြိုချဖျက်ဆီးခြင်းငှါ ငါအမိန့်တော်ရှိ၏။ ငါ့အမိန့်တော်နှင့် ဆိုင်သော ထိုတိုင်းနိုင်ငံသည် မိမိဒုစရိုက်ကို စွန့်ပစ်လျှင်၊ ငါကြံစည်သော ဘေးဒဏ်ကို ငါနောင်တရမည်။ အကြင်တိုင်းနိုင်ငံကို တည်ထောင်ပြုစုခြင်းငှါ ငါအမိန့်တော်ရှိ၏။ ထိုတိုင်းနိုင်ငံသည် ငါ့စကားကို နားမထောင်၊ ငါ့မျက်မှောက်၌ ဒုစရိုက်ကိုပြုလျှင်၊ သူ၏အကျိုးအလိုငှါ ပြုစုမည်ဟူသောစကား၌ပါသော ကျေးဇူးကို ငါနောင်တရမည်။” ယေရမိ ၁၈း ၇-၁၀

ရှေးဦးစွာ ဘုရားသခင်သည် ဆိုးသောအမှုတစ်စုံတစ်ခုကိုမျှ မလုပ်ကြောင်း ဖော်ပြထားသော ကျမ်းချက်အချို့ကို ဖတ်ရအောင်။

“အကြောင်းမူကား၊ ကိုယ်တော်သည် ဆိုးယှတ်မှုကို နှစ်သက်သော ဘုရားမဟုတ်ပါ။ မကောင်းမှုပြုသောသူသည် ကိုယ်တော်နှင့် အတူနေထိုင်ခွင့်ရမည်မဟုတ်။” ဆာလံကျမ်း ၅း ၄

“အပြစ်သွေးဆောင်ခြင်းကို ခံရသောသူ မည်သည်ကား၊ ဘုရားသခင်သည် ငါ့ကိုသွေးဆောင်တော်မူသည်ဟု မပြောစေနှင့်။ မကောင်းသောအရာသည် ဘုရားသခင်ကိုမသွေးဆောင်နိုင်ရာ။ ကိုယ်တော်သည်လည်း အဘယ်သူကိုမျှ အပြစ်သို့ သွေးဆောင်တော်မမူ။ မိမိတပ်မက်သောစိတ် ဆွဲငင်ဖြားယောင်းခြင်းကို ခံသောသူမည်သည်ကား၊ အပြစ်သွေးဆောင်ခြင်းသို့ ရောက်တတ်၏။ တပ်မက်သောစိတ်သည် ပဋိသန္ဓေ ယူ၍ဒုစရိုက်သည်လည်း ပြည့်စုံလျှင်သေခြင်းကို ဘွားတတ်၏။ ငါချစ်သောညီအစ်ကိုတို့၊ အလွဲမယူကြနှင့်။ ကောင်းမြတ်စုံလင်သော ဆုကျေးဇူးရှိသမျှတို့သည် အလင်းတို့၏ အဘထံတော်က သက်ရောက်သည်ဖြစ်၍၊ အထက်အရပ်မှ လာကြ၏။ ထိုအဘသည် ရွေ့ လျော့တိမ်းယိမ်းခြင်းမရှိ၊ ပြောင်းလဲခြင်းအရိပ်နှင့် ကင်းလွတ်တော်မူ၏။ ရှင်ယာကုပ် ၁း ၁၃-၁၇

ရှင်ယာကုပ်ကျမ်းတွင် မကောင်းသောအရာသည် ဘုရားသခင်ကိုမသွေးဆောင်နိုင်ရာဟု ရေးသားထားပါသည်။ ဘုရားသခင်သည် မကောင်းသောအမှုကို မည်သည့်အခါမျှမပြု။ အကြောင်းမှာ ဘုရားသခင်သည် “ရွေ့ လျော့တိမ်းယိမ်းခြင်းမရှိ၊ ပြောင်းလဲခြင်းအရိပ်နှင့် ကင်းလွတ်တော်မူ၏။” သူသည် ကောင်းသောအမှုကိုသာ အစဉ်ပြုသည်။ ရှင်ယာကုပ်က အပြစ်သားကို ဖျက်ဆီးသောသူသည် အပြစ်ပင်ဖြစ်သည်ဟု ဆိုထားသည်။ “ဒုစရိုက်သည်လည်း ပြည့်စုံလျှင်သေခြင်းကို ဘွားတတ်၏။” အပြစ်သားကို အဆုံးစီရင်သူသည် ဘုရားသခင်မဟုတ်ပါ။ အကြောင်းမှာ ဘုရားသခင်သည် မကောင်းသောအမှုတစ်စုံတစ်ခုကိုမျှ မည်သည့်အခါမျှ မပြုပါချေ။

မကောင်းမှုသည် ဆိုးယှတ်သောသူတို့ကို သေဆုံးစေလိမ့်မည်။ ဖြောင့်မတ်သောသူကို မုန်းသောသူတို့သည် ပြစ်ဒဏ်စီရင်ခြင်းခံရလိမ့်မည်။ ထာဝရဘုရားသည် မိမိအစေအပါးတို့၏ စိတ်ဝိညာဉ်ကို ရွေးနုတ်ကယ်တင် တော်မူသည်ဖြစ်၍ ကိုယ်တော်ကို ခိုလှုံသောသူတစ်စုံတစ်ဦးမျှ ပြစ်ဒဏ်စီရင်ခြင်းခံရလိမ့်မည်မဟုတ်။” ဆာလံကျမ်း ၃၄း ၂၁,၂၂

“ဆိုးယှတ်သောသူတို့ကို သေဆုံးစေသူမှာ မကောင်းမှုဖြစ်သည်။ ဘုရားသခင်သည် အနာရောဂါပျောက် ကင်းစေသူ၊ ရွေးနုတ်ကယ်တင်သူဖြစ်သည်။ ဥပုသ်နေ့တွင် အနာရောဂါငြိမ်းစေခြင်း ပြုသင့်မပြုသင့် ဖာရိရှဲတို့နှင့် ဖြေရှင်းချက်အကြောင်း မာကု ၃တွင် ယေရှု၏ ပြောဆိုချက်ရှိပါသည်။ ပညတ်တော်ချိုးဖောက်မှုဖြင့် သူ့ကိုအသေသတ်နိုင်ရန် ပညတ်တရားနှင့်ပတ်သက်၍ ဖာရိရှဲတို့သည် ကိုယ်တော်ကို အမြဲတစေ ထောင်ချောက်ဆင်တတ်ကြသည်။ ယေရှုက “တရားတော်အရ ဥပုသ်နေ့၌ ကောင်းသောအမှုကို ပြုအပ်သလော၊ သို့မဟုတ် ဆိုးသောအမှုကိုပြုအပ်သလော။ အသက်ကိုကယ်တင်အပ်သလော။ သို့မဟုတ် သတ်အပ်သလော”ဟု မေးတော်မူခဲ့သည်။ သို့သော်သူတို့သည် တိတ်ဆိတ်စွာနေကြ၏။ (မာကု ၃း ၄) ယေရှုက ကောင်းသောအမှုကို ပြုကာ လက်တစ်ဖက်သေသောသူကို ကုသပေးခဲ့သည်။ “ထိုအခါ ဖာရိရှဲတို့သည် ထွက်သွား၍ ကိုယ်တော်ကိုလုပ်ကြံနိုင်မည့်အကြောင်း ဟေရုဒ်၏ လူများနှင့် ချက်ချင်းတိုင်ပင်ဆွေးနွေးကြ၏။” မာကု ၃း ၆

မကောင်းမှုကို ယေရှုဘယ်လိုအနက်ဖွင့်ခဲ့ကြောင်း သင်ယူရန်အလွန်အရေးကြီးပါသည်။ ယေရှုက “ကောင်းသောအမှု” ကို အသက်ကိုကယ်တင်ခြင်းဟု အနက်ဖွင့်ကာ၊ မကောင်းသောအမှုကို “အသက်ကိုသတ်ခြင်း”ဟု အနက်ဖွင့်ခဲ့ပါသည်။ ယေရှုက ပညတ်တရားကို ချိုးဖောက်မှုကြောင့် အသက်သတ်ခြင်းကို မကောင်းမှုဖြစ်သည်ဟု သွန်သင်ထားပါသည်။ ယေရှု၏စကားများသည် သူ့ခမည်းတော်ပြောခဲ့သော သူတို့အပြစ်ကိုနောင်တရလျှင် ငါကြံစည်ထားသောဘေးဒဏ်ကို ငါနောင်တရမည်ဟူသော စကားနှင့် ဆန့်ကျင်ပုံပေါက်နေပါသည်။သို့သော်လည်း ယေရှုသည် သူ့ခမည်းတော်နည်းတူ ပြုမူ၊ပြောဆိုတတ်ကြောင်းကို ကျွန်တော်တို့သိကြသည်။ အကြောင်းမှာ ယေရှုသည် “ဘုရားသခင်၏ ဘုန်းတော်ရောင်ခြည်နှင့် ဇာတိအဖြစ်တော်၏ ပုံသဏ္ဌာန်ဖြစ်”ပါသည်။ ဟေဗြဲ ၁း ၃

“ဖိလိပ္ပုကလည်း၊ သခင်၊ ခမည်းတော်ကို အကျွန်ုပ်တို့အားပြတော်မူပါ။ ထိုသို့ပြတော်မူလျှင် အကျွန်ုပ်တို့ အလိုပြည့်စုံပါမည်ဟုလျှောက်လျှင်၊ ယေရှုက၊ ဖိလိပ္ပု၊ ဤမျှကာလပတ်လုံး ငါသည်သင်တို့နှင့်အတူရှိပြီးမှ သင်သည် ငါ့ကို မသိသေးသလော။ ငါ့ကိုမြင်သောသူသည် ခမည်းတော်ကိုမြင်၏။ သို့ဖြစ်လျှင်၊ ခမည်းတော်ကို အကျွန်ုပ်တို့အား ပြတော်မူပါဟု သင်သည်အဘယ်သို့ဆိုသနည်း။ ငါသည် ခမည်းတော်၌ ရှိသည်ကို၎င်း၊ ခမည်းတော်သည် ငါ၌ရှိတော်မူသည်ကို၎င်း မယုံသလော။ ငါဟောပြောသောစကားကို ကိုယ်အလိုအလျောက် ငါဟောပြောသည်မဟုတ်။ ငါပြုသောအမှုတို့ကား၊ ငါ၌ တည်နေတော်မူသော ခမည်းတော်သည် ပြုတော်မူ၏။” (ရှင်ယောဟန် ၁၄း ၈-၁၀)

ခမည်းတော်နှင့်ဆန်ကျင်၍ မည်သည့်အပြုအမူမျှ ယေရှုမပြု။ ယေရှုပြောသမျှ၊ ပြုသမျှအရာတို့သည် သူ့အထဲ၌ တည်နေတော်မူသော ခမည်းတော်ဘုရားပြောဆို၊ ပြုမူတော်မူခြင်းဖြစ်သည်။ ဘုရားသခင်သည် တစ်ပါးတည်းသော သားတော်အားဖြင့် သူ့စာရိတ္တအမှန်ကို ဖော်ပြတော်မူသဖြင့် ခမည်းတော်သည် ခရစ်တော်နည်းတူ ပြုမူကြောင်းသိနိုင်ပါသည်။ သူသည် ကောင်းသောအမှု(အသက်ကယ်တင်ခြင်း)ကိုသာ အစဉ်ပြုသည်။ မကောင်းသောမှု (အသက်သတ်ခြင်း)ကိုမပြု။ ယေရှုက “ဘုရားသခင်တပါးတည်းသာ ကောင်းမြတ်တော်မူ၏။”ဟု မိန့်ခဲ့ပါသည်။ (မဿဲ ၁၉း ၁၇) ရှင်မဿဲ အခန်းကြီး ၇တွင် ယေရှုက “ပရောဖက်အတုအယောင်များကို သတိထားကြလော့။ သူတို့သည် သိုးရေခြုံလျက် သင်တို့ထံသို့လာသော်လည်း အတွင်း၌ကား အငမ်းမရဖြစ်သည့် ဝံပုလွေကဲ့သို့ဖြစ်ကြ၏။”ဟု သတိပေးခဲ့သည်။ “သူတို့၏ အသီး(အကျင့်စာရိတ္တ)အားဖြင့် သူတို့ကို သင်တို့သိကြလိမ့်မည်”ဟု ပြောခဲ့သည်။ ထိုအကြောင်းကို “ကောင်းသောအပင်သည် ကောင်းသောအသီး၊ မကောင်းသောအပင်သည် မကောင်းသောအသီးကို သီးတတ်၏။ ကောင်းသောအပင်သည် မကောင်းသောအသီး၊ မကောင်းသောအပင်သည် ကောင်းသောအသီးကို မသီးနိုင်။”ဟု ရှင်းပြခဲ့သည်။(မဿဲ ၇: ၁၇၊ ၁၈) ဘုရားသခင်တစ်ပါးတည်းသာ ကောင်းမြတ်တော်မူသဖြင့် သူသည် မကောင်းသော အသီး(အပြုအမူ)ကို မသီးနိုင်ပါ။

 

မကောင်းသောအရာ ပြုကောင်းသည့်အချိန် မရှိပါ။

“ချစ်ခြင်းမေတ္တာသည် ဟန်ဆောင်မှုနှင့်ကင်းရမည်။ မကောင်းသောအရာကို ရွံ့မုန်း၍ ကောင်းသောအရာကို တွယ်တာကြလော့။ ထို့ကြောင့် လက်တုန့်မပြန်ဘဲ “သင့်ရန်သူဆာလောင်လျှင် ကျွေးမွေးလော့။ ရေငတ်လျှင် သောက်စရာပေးလော့။ ထိုသို့ပြုခြင်းအားဖြင့် သင်သည် သူ၏ခေါင်းပေါ်၌ မီးခဲကိုပုံထားလိမ့်မည်။ အဆိုး၏အနိုင်ယူခြင်းကိုမခံဘဲ၊ အကောင်းအားဖြင့် အဆိုးကိုအနိုင်ယူလော့။ (ရောမ ၁၂း ၉၊ ၂၀၊ ၂၁၊ MSBU)

“တစ်စုံတစ်ဦးသည် မကောင်းမှုကို မကောင်းမှုဖြင့်တုံ့ပြန်လျှင် မကောင်းမှုသည် သူ့အိမ်မှ ထွက်ခွာလိမ့်မည်မဟုတ်။” သုတ္တံ့ကျမ်း ၁၇: ၁၃

“သူတပါး၌အဘယ်သူမျှ ရန်တုံ့မမူစေခြင်းငှါ သတိပြု၍၊ အချင်းချင်းတို့၌၎င်း၊ ခပ်သိမ်းသောသူတို့၌၎င်း၊ ကာလအစဉ်ကြိုးစား၍ ကျေးဇူးပြုကြလော့။ ခပ်သိမ်းသော အရာကိုစုံစမ်း၍ ၊ ကောင်းသော အရာကို အမြဲကိုင်စွဲကြလော့။ မကောင်းသောအမှုအမျိုးမျိုးရှိသမျှကို ရှောင်ကြလော့။” (၁သက်သလောနိ ၅း ၁၅၊ ၂၁၊ ၂၂)

“မကောင်းကိုအကောင်း၊ အကောင်းကိုမကောင်း ဟု ခေါ်တတ်သောသူ၊ အလင်းအရာ၌အမိုက်၊ အမိုက်အရာ၌ အလင်းကို၎င်း၊ အချိုအရာ၌ အခါး၊ အခါးအရာ၌ အချိုကို၎င်း၊ အလွဲယူတတ်သော သူတို့သည် အမင်္ဂလာ ရှိကြ၏။” ဟေရှာယ ၅း ၂၀

“မကောင်းမှုမှဖယ်ခွာ၍ ကောင်းသောအမှုကိုပြုလော့။ ငြိမ်းချမ်းမှုကို ရှာဖွေ၍ ၎င်းကိုလက်ကိုင်ပြုလော့။” ဆာလံ ၃၄း ၁၄

 

ဘုရားသခင်သည် မကောင်းသောအမှုကို ရွံ့မုန်းတော်မူသည်။

“ထာဝရဘုရားကို ကြောက်ရွံ့သောသဘောကား၊ ဒုစရိုက်ကိုမုန်းသောသဘောတည်း။ မာနထောင်လွှားခြင်း၊ စော်ကားခြင်း၊ မကောင်းသော လမ်းသို့လိုက်ခြင်း၊ ကောက်သောစကားဖြင့်ပြောဆိုခြင်းတို့ကို ငါမုန်း၏။” သုတ္တံကျမ်း ၈း ၁၃

အထက်ပါကျမ်းချက်အရ မာနထောင်လွှားခြင်း၊ စော်ကားခြင်း၊ ကောက်သောစကားတို့သည် ဒုစရိုက်ဖြစ်ကြောင်း၊ ဘုရားသခင်၏ အကျင့်စရိုက်များမဟုတ်ကြောင်း ကျွန်တော်တို့ ဖတ်ရသည်။ “ငါမုန်း၏”ဟူသောစကားသည် ဘုရားသခင်၏စာရိတ္တသည် ဒုစရိုက်နှင့် လုံးလုံးဆန့်ကျင်ကြောင်း ဖော်ပြနေသည်။ ဘုရားသခင်သည် အစဉ် “သနားစုံမက်တတ်သော၊ ကျေးဇူးပြုတတ်သော၊ စိတ်ရှည်သော၊ မေတ္တာကရုဏာကြွယ်ဝသော၊ သစ္စာတည်သော ဘုရားသခင်ထာဝရဘုရား”ဖြစ်ပါသည်။ (ထွက်မြောက်ရာ ၃၄း ၆) သူ့၌ မကောင်းမှု၊ဒုစရိုက်မရှိ။ သူ့တည်ရှိခြင်းသည် မကောင်းမှုကို ဆန့်ကျင်၏။ ယေရှုက “ဤလောကကို အစိုးရသောမင်းသည် လာဆဲဖြစ်၏။ လာသော်လည်း ငါ၌အဘယ်အခွင့်အရာကိုမျှ မတွေ့ရ။”ဟု မိန့်တော်မူခဲ့သည်။ (ယောဟန် ၁၄း ၃၀) မကောင်းမှုကို ရွံရှာမုန်းတီးခြင်း၊ ဘုရားသခင်၏ ပညတ်တော်၊ နည်းဥပဒေသများတိုင်း လိုက်လျှောက်အသက်ရှင်ခြင်းသည် ယေရှု၏ဝိညာဉ်တော် ကျွန်ုပ်တို့အထဲ၌ ကိန်းအောင်းကြောင်း သက်သေများဖြစ်သည်။

 

မကောင်းသော အကျင့်စရိုက်များသည် လူကိုညစ်ညူးစေ၏။

“လူအတွင်းမှထွက်သော အရာမူကား၊ လူကို ညစ်ညူးစေသောအရာဖြစ်၏။ လူအတွင်းနှလုံးထဲက မကောင်းသော ကြံစည်ခြင်း၊ သူမယားကို ပြစ်မှားခြင်း၊ မိန်းမလွတ်နှင့် မှားယွင်းခြင်း၊ လူ့အသက်ကို သတ်ခြင်း၊ သူ့ဥစ္စာကို ခိုးခြင်း၊ လောဘလွန်ကျူးခြင်း၊ မနာလိုခြင်း၊ လှည့်စားခြင်း၊ ညစ်ညူးခြင်း၊ ငြူစူခြင်း၊ သူ့ အသရေကို ဖျက်ခြင်း၊ ထောင်လွှားစော်ကားခြင်း၊ လျှပ်ပေါ်ခြင်း၊ ဤဆိုးညစ်သောအရာများတို့သည် အတွင်းမှထွက်လာ၍ လူကို ညစ်ညူးစေကြသည်ဟု မိန့်တော်မူ၏။” မာကု ၇: ၂၀-၂၃

ဘုရားသခင်၌ မကောင်းသောဒုစရိုက်အကြံစည်များ အမှန်ရှိလိမ့်မည်ဟု သင်ထင်ပါသလား။

 

ဘုရားသခင်သည် ကျွန်ုပ်တို့ကို မကောင်းမှုမှ ကယ်လွှတ်လို၏။

“အပြစ်သွေးဆောင်ရာသို့ မလိုက်မပါစေဘဲ၊ မကောင်းသောအမှုအရာမှလည်း ကယ်နှုတ်တော်မူပါ။…”        မဿဲ ၆း ၁၃

“ထာဝရဘုရားကို ချစ်သောသူတို့၊ မကောင်း သောအမှုကို ရွံရှာကြလော့။ ကိုယ်တော်၏ သန့်ရှင်းသူတို့ ၏ အသက်ဝိညာဉ်ကို စောင့်မတော်မူ၍၊ မတရားသောသူတို့၏ လက်မှလည်း ကယ်နှုတ်တော်မူ၏။” ဆာလံ ၁၂၁း ၇

“ထိုမျှမက၊ သခင်ဘုရားသည် မကောင်းသောအမှုရှိသမျှမှ ငါ့ကိုကယ်နှုတ်၍၊ မိမိကောင်းကင်နိုင်ငံ တော်သို့တိုင်အောင် မစပို့ဆောင်တော်မူလိမ့်မည်။ ထိုသခင်သည် ကမ္ဘာအဆက်ဆက်ဘုန်းကြီးတော်မူစေ သတည်း။ အာမင်။” ၂တိ ၄း ၁၈

အစတွင် ကျွန်တော်တို့ဖတ်ခဲ့သော ကျမ်းချက်အပေါ်  ဘယ်လိုမြင်ပါသလဲ။ ကျွန်ုပ်တို့ ဖတ်သည့်အပေါ် အနက်အမျိုးမျိုးကွဲသွားနိုင်ပါသည်။ ဘုရားသခင် ပြောခဲ့သောစကားလုံးများကို သတိပြုကြည့်ပါ။ “ထိုတိုင်းနိုင်ငံသည် မိမိဒုစရိုက်ကို စွန့်ပစ်လျှင်၊ ငါကြံစည်သော ဘေးဒဏ်ကို ငါနောင်တရမည်။” ဘုရားသခင်၌ မကောင်းမှုဒုစရိုက်မတည်၊ ဘုရားသခင်သည် မကောင်မှုကို မပြုလျှင် အထက်ပါကျမ်းချက်၌ သူပြောသော ဘေးဒဏ်သည် ဘာကိုဆိုလိုသနည်း။ သူသည် ဘယ်သူ့ဘေးဒဏ်အကြောင်း ပြောနေသနည်း။ ဘုရားသခင်သည် သူပြုမည့်သဘောနဲ့ ပြောနေတာလား။ သူခွင့်ပြုသည့်သဘောနဲ့ ပြောနေတာလား။ သူသည် ထိုမကောင်းမှုဘေးဒဏ်ကို တကယ်ပြုမှာလား။ သို့မဟုတ် ဘေးဒဏ်ကျရောက်ခွင့် ပြုပေးမှာလား။

ထွက်မြောက်ရာကျမ်း ၂၀: ၅တွင် “အကြောင်းမူကား၊ သင်၏ဘုရားသခင် ငါထာဝရဘုရားသည်၊ သင်၌အပြစ်ရှိသည်ဟု ယုံလွယ်သောဘုရား၊ ငါ့ကို မုန်းသောသူတို့၏ အမျိုးအစဉ်အဆက်၊ တတိယအဆက်၊ စတုတ္ထအဆက် တိုင်အောင်၊ အဘတို့၏ အပြစ်ကို သားတို့၌ ဆပ်ပေးစီရင်သောဘုရား၊”ဟု ရေးသားထားသည်။ ထိုစကား၏ အနက်အဓိပ္ပာယ်မှာ ဘုရားသခင်သည် အကြောင်းတရားအတွက် မျိုးရိုးစဉ်ဆက် အဆက်ဆက် အကျိုးဆက်ခံစားစေခြင်းကို ဆိုလိုပါသည်။ မျိုးဆက်တွင် နောင်တရပြောင်းလဲခြင်းမရှိလျှင် ကျွန်ုပ်တို့ ဘိုးဘေးတို့၏ အပြစ်တရားသည် နောက်မျိုးဆက်တွင် ဆက်လက်ပွားများသည့်သဘောဖြစ်ပါသည်၊၊ ထို့ကြောင့် ဘုရားသခင်က သူကြံစည်ထားသော ဘေးဒဏ်ကို နောင်တရမည်ဟုပြောရာတွင် သူတို့သည် မိမိတို့ဒုစရိုက်ကို စွန့်၍ နောင်တရလျှင် သူတို့ဒုစရိုက်ကြောင့် အလိုလျောက်ကြုံရမည့် ဘေးဒဏ်ကို ဘုရားသခင် ရပ်တန့်ပေးမည်ဟု ဆိုလိုပါသည်။

“ငါသည်ပညာရှိ၏ဟု ကိုယ့်ကိုယ်မထင်နှင့်။ ထာဝရဘုရားကို ကြောက်ရွံ့၍ ဒုစရိုက်ကိုရှောင်လော့။ သို့ပြုလျှင်၊ သင်၏အကြောတို့သည် အားသန်၍၊ အရိုးတို့သည် ခြင်ဆီနှင့် ပြည့်စုံကြလိမ့်မည်။” သုတ္တံကျမ်း ၃း ၇-၈

သူတို့ကို ဖျက်ဆီးမည့်အရာသည် သူတို့၏မကောင်းမှုဒုစရိုက်ဖြစ်သည်။ ဘုရားသခင်၏ မေတ္တာတော်နှင့် ကရုဏာတော်ကို သူတို့ငြင်းပယ်လျှင် ထိုမကောင်းမှုဒုစရိုက်များ၏ အကျိုးဆက်များကို ဘုရားသခင်ခွင့်ပြု တော်မူလိမ့်မည်။ နားထောင်ရန် ဘယ်သူ့ကိုမျှ ဘုရားသခင် အတင်းအကျပ်မပြု။ သို့သော်လည်း မကောင်းမှုပြုသူကို သူ့တစ်ကိုယ်ကောင်းစိတ်၏အလိုဆန္ဒလက်သို့ ဘုရားသခင် ဝမ်းနည်းစွာ ပေးအပ် လိုက်ပါလိမ့်မည်။

“လူမျိုးတကာတို့သည် မိမိတို့တူးထားသော တွင်းထဲသို့ ကျကြပြီ။ သူတို့ခြေသည် မိမိတို့လျှို့ဝှက်စွာ ထောင်ထားသော ပိုက်ကွန်၌ မိလေပြီ။ ထာဝရဘုရားသည် တရားစီရင်တော်မူခြင်းအားဖြင့် မိမိအကြောင်းကို ထင်ရှားစေတော်မူပြီ။ ဆိုးယှတ်သောသူသည် မိမိလက်ဖြင့်ပြုလုပ်ထားသောအရာ၌ ကျော့မိလေပြီ။” ဆာလံကျမ်း ၉း ၁၅၊ ၁၆

ပျက်စီးခြင်းကို ဖြစ်စေသောအရာသည် နိုင်ငံတော်၏ဆိုးယှတ်မှုဖြစ်ကြောင်း မြင်နိုင်ပါသလား။ ဘုရားသခင့် တရားစီရင်ခြင်းအကြောင်း ဒါဝိဒ်က ထိုသို့အနက်ဖွင့်ထားပါသည်။ ဘုရားသခင်၏ တရားစီရင်ခြင်းမှာ လူတို့ အခြားသူများအပေါ် တရားစီရင်သည့်အတိုင်း သူတို့အပေါ် တရားစီရင်ခံရစေခြင်းပင်ဖြစ်သည်။ အာမုတ်က ရေးထားသည်မှာ “ဒုစရိုက်ကို မုန်း၍ သုစရိုက်ကို ချစ်ကြလော့။ မြို့တံခါးဝတွင် တရားကို တည်စေကြလော့။” အာမုတ် ၅ ၁၅ ယေရှု၏ စကားနှင့် နှိုင်းယှဉ်ရလျှင် ဘုရားသခင်၏ တရားမျှတမှုသည် ဒုစရိုက်ကို မုန်းတီးခြင်း (အသက်သတ်ခြင်း)နှင့် သုစရိုက်(အသက်ကယ်တင်ခြင်း)ကို ချစ်ခြင်းဖြစ်သည်။ ဘုရားသခင်၏ တရားမျှတမှုသည် သူ့ရန်သူများကို သတ်ဖြတ်ခြင်း၊ သေဘေးအန္တရယ်ကျရောက်စေခြင်းမဟုတ်ပါ။ ဘုရားသခင်၏ တရားစီရင်ခြင်းသည် “ဆိုးယှတ်သူသည် မိမိလက်ဖြင့်လုပ်ထားသော ထောင်ချောက်၌ ကျော့မိစေခြင်း”ဖြစ်သည်။

“ငါ့ကိုပြစ်မှားသော သူမူကား၊ မိမိအသက် ဝိညာဉ်ကိုပြစ်မှား၏။ ငါ့ကိုမုန်းသောသူအပေါင်းတို့သည် သေခြင်းကိုချစ်ကြ၏။” သုတ္တံကျမ်း ၈း ၃၆

“ဖြောင့်သောသဘောသည် ဖြောင့်မတ်သော သူတို့ကိုပဲ့ပြင်တတ်၏။ ကောက်သောသဘောမူကား၊ လွန်ကျူးသောသူတို့ကို ဖျက်ဆီးတတ်၏။ ဖြောင့်မတ်ခြင်း ပါရမီသည်စုံလင်သောသူတို့ကို ပဲ့ပြင်တတ်၏။ မတရားသောသူမူကား၊ မိမိမတရားသော အမှုအားဖြင့် ဆုံးရှုံးတတ်၏။ ဖြောင့်မတ်သောသူတို့၏ ဖြောင့်မတ်သောသဘောသည် သူတို့ကိုကယ်တင်တတ်၏။ လွန်ကျူးသော သူတို့မူကား၊ မိမိတို့အဓမ္မ၌ ကျော့မိတတ်ကြ၏။ … တရားသောသူသည် ကောင်းကြီးပေးသောအားဖြင့် သူ၏နေရာမြို့သည် ချီးမြှောက်ခြင်းသို့၎င်း၊ မတရားသော သူ၏နှုတ်ဖြင့် ဖြိုဖျက်ခြင်းသို့၎င်း ရောက်တတ်၏။ ဖြောင့်မတ်ခြင်းတရားသည် အသက်ရှင်ခြင်းနှင့် ဆိုင်သကဲ့သို့၊ ဒုစရိုက်ကိုလိုက်ရှာသောသူသည်လည်း၊ မိမိသေခြင်းတိုင်အောင် လိုက်ရှာတတ်၏။  … ဖြောင့်မတ်ခြင်း၌တည်မြဲသောသူသည် အသက်ရှင်ခြင်းသို့ရောက်လိမ့်မည်။ မကောင်းမှုနောက်သို့လိုက်သောသူမူကား၊ သေခြင်းသို့ရောက်လိမ့်မည်။” (သုတ္တံကျမ်း ၁၁း ၃၊ ၅၊ ၆၊ ၁၁၊ ၁၇၊ JBMLE ၁၉ MSBU)

ဤဆောင်းပါက ဘုရားသခင့်စာရိတ္တတော်အကြောင်း အနည်းငယ်ပိုမိုနားလည်အောင် ကူညီလိမ့်မည်ဟု ကျွန်ုပ်မျှော်လင့်မိပါသည်။ ဘုရားသခင်သည် ကရုဏာတော်ကြွယ်ဝသောဘုရား၊ မေတ္တာတော်ရှင်၊ ကျွန်ုပ်တို့ကို အဆင်ပြေကျန်းမာစေချင်သော ခမည်းတော်၊ သူ့ကို ပုန်ကန်စဉ်ပင် ကျွန်ုပ်တို့အပေါ် ဘေးအန္တရယ်မကျရောက် စေချင်သော ဘုရားဖြစ်ပါသည်။ သမ္မာကျမ်းစာ၌ “ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏”ဟု ဆိုထားပါသည်။ “ချစ်ခြင်းမေတ္တာသည် ကိုယ့်ဝန်းကျင်၌ရှိသောသူအပေါ် မကောင်းသောအမှုကိုမပြုတတ်။ ထို့ကြောင့် ချစ်ခြင်းမေတ္တာသည် ပညတ်တရား၏ပြည့်စုံရာဖြစ်၏” ရောမ ၁၃း ၁၀

“သင်သွားရာလမ်းကို စူးစမ်း၍ သွားလေရာရာ၌ တည်ကြည်ခြင်းရှိစေလော့။ လက်ျာဘက်၊ လက်ဝဲဘက်သို့ မတိမ်းမလွှဲနှင့်။ ဒုစရိုက်ပြုရာ လမ်းကိုရှောင်လော့။” သုတ္တံကျမ်း ၄း ၂၇